၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေသည် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နစက ထုတ်ပြန်

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေသည် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နစက ထုတ်ပြန်
Published 13 February 2024

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်သည်။ 

အရန်တပ်ဖွဲ့ဥပဒေပုဒ်မ(၂)တွင် စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှစ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန်တာဝန်ရှိကြောင်း၊ ပုဒ်မ(၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက်ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ(၂)ပါ စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သောနောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုနိုင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ ယင်း၏ရာထူးနှင့်အဆင့်ကို တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်သော အကျိုးခံစားခွင့်များကိုလည်းခံစားနိုင်ကြောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦးအား နိုင်ငံတော်အကျိုးငှာ ဆက်လက်တာဝန်ပေးအပ်ရန်လိုအပ်လျှင် ပုဒ်မ(၂)ပါကာလထက် ကျော်လွန်၍ တာဝန်ပေးအပ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အရန်တပ်ဖွဲ့ဥပဒေပုဒ်မ(၈)တွင် အခွင့်ရစစ်ဘက်အာဏာပိုင်က လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက်ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ(၂) ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူသည် သတ်မှတ်ထားသော နေရာသို့ သတ်မှတ်ထားသော အချိန်အတွင်းသတင်းပို့ရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၈)အရ သတင်းပို့ရန်တာဝန်ရှိသူသည် သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ထားသော အချိန်အတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန်ပျက်ကွက်ကြောင်း တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အရန်တပ်ဖွဲ့၏ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံရမည်ဖြစ်ပြီး အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

Most Read

Most Recent