ရန်စခံရမည်ဆိုပါက ဦးစွာလက်တုံ့ပြန်ပြီး နောက်မှသတင်းပို့ရန် တောင်ကိုရီးယားသမ္မတယွန်းက မရိန်းတပ်ဖွဲ့ကို ညွှန်ကြား

ရန်စခံရမည်ဆိုပါက ဦးစွာလက်တုံ့ပြန်ပြီး နောက်မှသတင်းပို့ရန် တောင်ကိုရီးယားသမ္မတယွန်းက မရိန်းတပ်ဖွဲ့ကို ညွှန်ကြား
ဖေဖော်ဝါရီ ၁၀ ရက်က ဆိုးလ်မြို့တော် အနောက်ပိုင်း ဂင်ပိုမြို့ရှိ မရိန်းတပ်ဖွဲ့၏ အမှတ် ၂ တပ်ခွဲသို့ သွားရောက်သည့် ခရီးစဉ်အတွင်း စစ်သားများနှင့် တွေ့ဆုံနေသည့် တောင်ကိုရီးယားသမ္မတယွန်းဆော့ယို (လယ်) အားတွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၀ ရက်က ဆိုးလ်မြို့တော် အနောက်ပိုင်း ဂင်ပိုမြို့ရှိ မရိန်းတပ်ဖွဲ့၏ အမှတ် ၂ တပ်ခွဲသို့ သွားရောက်သည့် ခရီးစဉ်အတွင်း စစ်သားများနှင့် တွေ့ဆုံနေသည့် တောင်ကိုရီးယားသမ္မတယွန်းဆော့ယို (လယ်) အားတွေ့ရစဉ်(Photo:AFP)
Published 11 February 2024

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်ခဲ့ပြီးနောက် ရန်စခံရမည်ဆိုပါက ဦးစွာလက်တုံ့ပြန်ရန်နှင့် နောက်မှ သတင်းပို့ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏ မရိန်းတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူ ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများကို ပိတ်သိမ်းကာ ၎င်း၏နယ်နိမိတ်ကို  ၀ ဒသမ ၀၀၁ မီလီမီတာမျှပင် ထိပါးခံရမည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ပစ်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ပြီး တောင် ကိုရီးယားသည် မြောက်ကိုရီးယား၏ အန္တရာယ်အများဆုံးနှင့် ထာဝရမဟာရန်ဘက်အဖြစ် ကြေညာခဲ့သည်။

“ရန်သူဟာ ကျွန်တော်တို့ နိုင်ငံကို အင်အားသုံးပြီး ဆန့်ကျင်လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့နဲ့ ရှိသမျှ စူပါပါ၀ါတွေအသုံးပြုပြီး သူတို့ကို အဆုံးသတ်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”ဟု ကင်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးသည် အသနားခံ တောင်းဆိုရသည့် သို့မဟုတ် ဆွေးနွေးမှုများဖြင့် ရရှိသည့် အရာမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ရန်သူတွေက ကျွန်တော်တို့ကို ရန်စခဲ့မယ်ဆိုရင် “အရင်လုပ်၊ နောက်မှ သတင်းပို့”ဆိုတဲ့ မူကို ကျင့်သုံးပြီး ရန်သူတွေရဲ့ စိတ်ဓာတ်ကို အလုံးစုံ ခြေမွှပစ်ဖို့ တွန့်ဆုတ်မှာမဟုတ်ဘဲ သာလွန်အင်အားနဲ့ ပြင်းထန်စွာ တုံ့ ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ယွန်းက ရှေ့တန်း စစ်မျက်နှာပြင်ရှိ ကိုရီးယားသမ္မတ မရိန်း တပ်ဖွဲ့ထံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု ၎င်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။

ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်ဖွဲ့တစ်ဖွဲ့ထံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပြီးခဲ့သည့် လကလည်း အလားတူမှတ်ချက်စကားများ ပြောကြားခဲ့ဖူးသည်။

ထို့ပြင် ယွန်းသည် တရုတ်နှစ်သစ်ကူးဖြစ်သည့် ဖေဖော်ဝါရီ ၁၀ ရက်ကလည်း အတွဲလိုက်ဒုံးကျည်ပစ် လွှတ်တိုက်ခိုက်ရေးစနစ်ကို လေ့လာကြည့်ရှုခဲ့ပြီး ရန်သူများ၏ ရန်စမှုကို ခံရမည့်အချိန်တွင် ချက်ချင်းတုံ့ပြန်ရန် အပြည့်အဝပြင်ဆင်ထားရန် လိုအပ်ကြောင်း အလေးထား ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် ဧပြီလတွင် ပြုလုပ်မည့် တောင်ကိုရီးယားရွေးကောက်ပွဲ မတိုင်မီ ဆိုက်ဘာ တိုက်ခိုက်မှုများ၊ ဒရုန်းများဖြင့် ကျူးကျော်ပျံသန်းမှုများအပါအဝင် ရန်လိုမှုများကို လုပ်ဆောင်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံသည် မကြာသေးမီလများအတွင်းက နယ်စပ်တစ်လျောက်တွင် ကျည်အစစ်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွင် လုံခြုံရေးတပ်ဖွဲ့များကို တိုးမြှင့်ချထားခဲ့သည်။

                                               Ref:AFP

Most Read

Most Recent