ပါလက်စတိုင်းများကို အစ္စရေးတပ်ဖွဲ့က လူသားဒိုင်းအဖြစ် အသုံးပြုနေဟု စွပ်စွဲချက်များ ထွက်ပေါ်နေ

ပါလက်စတိုင်းများကို အစ္စရေးတပ်ဖွဲ့က လူသားဒိုင်းအဖြစ် အသုံးပြုနေဟု စွပ်စွဲချက်များ ထွက်ပေါ်နေ
Photo - AFP
Photo - AFP
Published 11 February 2024

အသက် ၃၆ နှစ်အရွယ် ဘာဟာအယ်ဒင်းအဘူရက်စ်သည် အစ္စရေး စစ်သားများကို ကာကွယ်ရန်လူသား ဒိုင်းတစ်ခုအဖြစ် အသုံးပြုခံခဲ့ရသည့် ဇာတ်လမ်းကို ပြန်ပြောင်းပြောပြရန်အတွက် စိတ်ဖိစီးနေဟန်ရှိသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် အစ္စရေးစစ်တပ်သည် ဒူရာမြို့သို့ဝင် ရောက်စီးနင်းခဲ့ပြီး စစ်တပ်မော်တော်ယာဉ် ၁၀ စီးသည် ဘာဟာ၏ ဆိုင်အနီး မြို့လယ်ခေါင်နေရာတွင် ရပ်တန့်ခဲ့ကာ ၎င်း၏ခြောက်ခြားဖွယ် အတွေ့အကြုံ စတင်ခဲ့သည်။

နေ့လယ်ခင်းအချိန်တွင် မြို့လယ်ခေါင်သည် လူစည်ကားလျက်ရှိသော်လည်း စစ်တပ်ရောက်ရှိလာကာ မျက်ရည်ယိုဗုံးများ စတင်ပစ်ခတ်ခဲ့ပြီးနောက် အလွန်တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။“ကျွန်တော်တို့ တံခါးတွေ ပိတ်ခဲ့ပြီး ကျွန်တော်နဲ့ အလုပ်သမားတွေ ဘယ်လို ထွက်ပြေးရမလဲဆိုတာ အဖြေရှာခဲ့ကြပါ တယ်”ဟုဆိုသည်။

ယင်းနောက် မျက်နှာဖုံးစွပ် စစ်သားအဖွဲ့တစ်ဖွဲ့သည် ၎င်း၏ ဆိုင်တံခါးဝသို့ ရောက်လာခဲ့ပြီး တံခါးဖွင့် ပေးရန်ပြောခဲ့သည်။ထိုအခါ ဘာဟာက မည်သည့်အတွက်ကြောင့် ၎င်း၏ ဆိုင်ကိုဝင်ရန်လိုအပ်ကြောင်း မေးမြန်းရာတွင် စစ်သားများက ဘာဟာအား ထောက်လှမ်းရေးဒရုန်းများ ရောင်းချနေခြင်းရှိ၊ မရှိ စစ်ဆေးရန် အတွက်ဖြစ်သည်ဟု ဆိုသည်။ဘာဟာက ၎င်းတို့ကိုရောင်းချခြင်းမရှိဟု ပြောကြားခဲ့သော်လည်း စစ်သား များက ဆိုင်အတွင်း ဝင်ရောက်ပြီး စတင်ရှာဖွေခဲ့ကြသည်။

“ကျွန်တော်အပြင်မှာ စောင့်နေရပါတယ်။ သူတို့အထဲက အသံတွေကို ကြားနေရတယ်။ပစ္စည်းတွေကိုလည်း ရိုက်ခွဲပါတယ်။အပြင်မှာရပ်နေတဲ့ စစ်သားက ကျွန်တော့်ကို ဒီဆိုင်ပိုင်ရှင်လားလို့ မေးတဲ့အခါ ကျွန်တော်က ဟုတ်ပါတယ်လို့ ဖြေတော့ သူတို့က ကျွန်တော့်ကိုမှောက်ခိုင်းပြီး ထိုးနှက်ကန်ကြောက်ကာ ဆဲဆိုခဲ့ပါတယ်။ ကျွန်တော့်အလုပ်သမား လူငယ်နှစ်ယောက်ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်”ဟု ဘာဟာက ပြောပြခဲ့သည်။

ထိုစဉ် နောက်ထပ် စစ်သားတစ်ဖွဲ့ထပ်မံရောက်ရှိလာပြီး ဆိုင်ထဲတွင် စစ်သားအယောက် ၂၀ ခန့်ရှိနေကာ   တပ်မှူးဟု ယူဆရသူတစ်ဦးက ၎င်းကို စစ်ဆေးမေးမြန်းခဲ့သည်။

“နာရီဝက်လောက် ရှာဖွေပြီးနောက် တပ်မှူးက ကျွန်တော့်ကို ပြန်လွှတ်ပေးဖို့ စစ်သားတွေကို ပြော လိုက်ပါတယ်။ဒါပေမဲ့ ကျွန်တော့်ကို ဆက်လက်ကန်ကျောက် နေခဲ့ပါတယ်”ဟ ုဆိုသည်။

ကျူးကျော်လာသည့် စစ်သားများကို ပါလက်စတိုင်းဒေသခံများက ကျောက်ခဲများဖြင့်ပစ်ပေါက်ချိန်တွင် ဘာဟာအား ၎င်းတို့၏ အရှေ့မှနေ၍ လျှောက်စေခဲ့သည်။

“ခင်ဗျား ငါတို့ရှေ့က လမ်းလျှောက်ရမယ်။အခုတော့ ငါတို့တွေကို ဘယ်သူကျောက်ခဲနဲ့ ပစ်ရဲမလဲဆိုတာ ကြည့်ကြတာပေါ့”ဟုတပ်မှူးက ပြောခဲ့သည်။

သူသည် လမ်းအလယ်၌ စစ်သားများ ရှေ့ရပ်ကာ ကြောက်လန့်နေချိန်တွင် သေနတ်ပစ်သံများ ကြားခဲ့ရပြီး ထိုအချိန်၌ ၎င်း၏ဇနီးနှင့်ကလေးများကို ပြန်မတွေ့နိုင်တော့မည်ကို စိုးရိမ်ခဲ့ရသည်ဟု ဆိုသည်။

“အစ္စရေးစစ်သားတွေက ပါလက်စတိုင်းအများအပြားကို ပစ်ခတ်နေတာ မြင်ခဲ့ရပါတယ်။စစ်သားတွေက ကျွန်တော်တို့ကို ဘယ်ညာလျှောက်ခိုင်းပြီး သူတို့တွေကို ကျောက်ခဲမထိမှန်အောင် ကာခိုင်း ခဲ့ပါတယ်”ဟုဆိုသည်။

“မျက်ရည်ယိုဗုံးတွေ အများအပြားလည်း ပစ်ဖောက်ခဲ့တယ်။အသက်ရှူဖို့တောင် ခက်ခဲခဲ့ပါတယ်။ ကျွန်တော် တစ်နာရီခွဲလောက် အချိန်ကုန်သွားခဲ့တယ်။အသတ်ခံရမလား၊ အသက်ရှင်မလားတောင်မ သေချာခဲ့ပါဘူး။ဒါပေမဲ့ အဲဒီအချိန် ကျွန်တော်စဉ်းစားမိတာက ကျွန်တော်ကြုံရတဲ့ အဖြစ်အပျက်က ဂါဇာ မှာ ကြုံနေရတဲ့ လူတွေရဲ့အခြေအနေနဲ့ ယှဉ်ရင်မပြောပလောက်ဘူးဆိုတာပါပဲ”ဟုဘာဟာက ဆိုသည်။

လူသားများကို ဒိုင်းအဖြစ် အသုံးပြုခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် ရာဇဝတ်မှုဖြစ်သော်လည်း ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးတို့သည် ပါလက်စတိုင်း ဒေသခံများကို လူသားဒိုင်းအဖြစ်မ ကြာခဏ အသုံးပြုလေ့ရှိသည်ဟု တက်ကြွလှုပ်ရှားသူ အိုင်မတ်အဘူ ဟာဝက်ရှ်က ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များတွင် မရေတွက်နိုင်သော အထောက်အထား အများအပြားရှိပြီး အစ္စရေးတို့သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ပါလက်စတိုင်း ကလေးငါးဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြသည်ဟု ပါလက်စတိုင်းများက ပြောပြခဲ့သည်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများကို ကာကွယ်ရန် လက်နက်မဲ့ အရပ်သားများကို အသုံးပြုခြင်း အားတားမြစ်ချက်ကို ၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက်တွင် ရှင်းလင်းစွာဖော်ပြထား ပြီးဖြစ်ကြောင်း ဟီဘရွန်းတက္ကသိုလ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါမောက္ခ အေဆစ်အယ်အောဝေါ ဒါက ပြောကြားခဲ့သည်။

 ယင်းသို့ ကျူးလွန်မှုခြင်းသည် စစ်သားများနှင့် တာဝန်ရှိသူများကို တရားစွဲဆိုရန် တောင်းဆိုပါက နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် စုံစမ်းအရေးယူခြင်း ခံရမည်ဖြစ်သည်။

                                  Ref:Aljazeera

Most Read

Most Recent