ပင်လယ်ဓားပြများက ဓားစာခံခေါ်ယူသွားသည့် မြန်မာသင်္ဘောသားရှစ်ဦး ပြန်လည်လွတ်မြောက်လာ

ပင်လယ်ဓားပြများက ဓားစာခံခေါ်ယူသွားသည့် မြန်မာသင်္ဘောသားရှစ်ဦး ပြန်လည်လွတ်မြောက်လာ
Published 6 February 2024

ပင်လယ်ဓားပြများက ဓားစာခံခေါ်ယူသွားသည့် မြန်မာသင်္ဘောသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်း ပင်လယ်ဓားပြများက ဓားစာခံအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး မြန်မာသင်္ဘောသား ရှစ်ဦးအနက် အရာရှိအဆင့်ရှိ သင်္ဘောသားများနှင့် အာဖရိကတိုက်သား သင်္ဘောသားတစ် ဦးလည်း ပါဝင်သည်ဟု သိရသည်။

ပင်လယ်ဓားမြများက သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီးနောက် သင်္ဘောပေါ်မှ မြန်မာအရာရှိအချို့၊ အခြားအဆင့်စုစုပေါင်း ရှစ်ဦးနှင့် အာဖရိကတိုက်သား တစ်ဦးကို လူသားဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့ပြီးနောက် တစ်လခန့်အကြာတွင် သင်္ဘောပိုင်ရှင်နှင့် ပြန်ပေးဆွဲသည့် ပင်လယ်ဓားမြအကြား ကြား‌ဝင်စေ့စပ် ဖျန်ဖြေပေးသည့် ဝန်ဆောင်သူတို့၏ ညှိနှိုင်းမှုအရ မကြာမီရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ချုပ်က ထုတ်ပြန်ထားပြီး မည်သည့်သင်္ဘောဖြစ်သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ပင်လယ်ဓားမြ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသော သင်္ဘောပိုင်ရှင်နှင့် ကြားဝင်စေ့စပ်ဖျန်ဖြေပေးသည့် ဝန်ဆောင်မှုလုပ်ငန်းအား မြန်မာသင်္ဘောသားထုကိုယ်စား ဂုဏ်ယူဝမ်းမြောက်အထူးကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက ဘူဂေးရီးယားနိုင်ငံပိုင် သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရပြီး ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်အတွင်း ခုတ်မောင်းနေစဉ် ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ပြန်ပေးဆွဲခံရသည့် သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာပြီး ဒီဇင်ဘာ ၄ ရက်တွင် စင်ကာပူနိုင်ငံ၌ ခေတ္တဆိုက်ကပ်ခဲ့ကာ တူရကီနိုင်ငံ ဂမ်လစ်မြို့တွင် နောက်ဆုံးဆိုက်ကပ်မည့် သင်္ဘောဖြစ်သည်။

Most Read

Most Recent