ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ သံတမန်ရေးရာ လျှို့ဝှက်ချက်ပေါက်ကြားစေမှုသည် နိုင်ငံကို ထိခိုက်နစ်နာစေကြောင်း တရားရုံးက စီရင်ချက်ချ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ သံတမန်ရေးရာ လျှို့ဝှက်ချက်ပေါက်ကြားစေမှုသည် နိုင်ငံကို ထိခိုက်နစ်နာစေကြောင်း တရားရုံးက စီရင်ချက်ချ
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ်(Photo: AFP)
Published 2 February 2024

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ သံတမန်ရေးရာ လျှို့ဝှက်ချက် ပေါက်ကြားစေမှုသည် ပါကစ္စတန်နိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးအရထိခိုက်နစ်နာစေကြောင်း ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် တရားရုံး၏ စီချက်ချက်ချ မှတ်မှုအသေးစိတ်မှတ်တမ်းတွင် ဖော်ပြခဲ့သည်။

ခန်းသည် လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အစိုးရ စာရွက်စာတမ်းများ ပေါက်ကြားစေမှုဖြင့် ဇန်နဝါရီ ၃၀ ရက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပြီး အစိုးရအလုပ်တာဝန်များကို ထမ်းဆောင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင်ခံခဲ့ရသဖြင့် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ ခန်းနှင့် ၎င်း၏ပါတီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

အီမရန်ခန်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကြောင့် ပါကစ္စတန်နိုင်ငံသည် စီးပွားရေး၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ ကြီးမားသည့်  အကျိုးဆက်များကို ရင်ဆိုင်ခဲ့ရကြောင်း၊ ပါကစ္စတန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို အားနည်းစေခဲ့ကြောင်း တရားရုံး၏ ဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အသက် ၇၁ နှစ်အရွယ်ခန်းသည် အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်နှင့် ပါကစ္စတန် အစိုးရအကြားလျှို့ဝှက် အဆင့်သတ်မှတ်ထားသည့် ဆက်သွယ်မှုများကို မှားယွင်းစွာ ကိုင်တွယ်ခြင်း၊ မှားယွင်းစွာ အသုံးချခြင်းတို့ ပြုလုပ်ခဲ့ပြီး လူသိရှင်ကြားပေါက်ကြားစေခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ ရှိခဲ့သည်ဟု တရားရုံးဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

ခန်းကမူ ထိုလျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အကြောင်းအရာများသည် ယူကရိန်းကို ရုရှားက မကျူးကျော်မီရုရှားသို့ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်အပြီး ၂၀၂၂ ခုနှစ်တွင် ၎င်း၏ အစိုးရကို ဖြုတ်ချရန် ပါကစ္စတန်စစ်တပ်နှင့် အမေရိကန်အစိုးရအကြား ပူးပေါင်းကြံစည်မှု၏ သက်သေအထောက် အထားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နှင့် ပါကစ္စတန်စစ်တပ်တို့ကမူ ခန်း၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။

ခန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပြီး ထိုပြစ်ဒဏ်များကို ဆိုင်းငံ့ခံခဲ့ရသည်။ ဇန်နဝါရီ ၃၁ ရက်ကလည်း ခန်းနှင့်၎င်း၏ ဇနီးသည်တို့ကို အဂတိလိုက်စားမှုစွဲချက်များဖြင့် တရားရုံးက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။

တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များသည် အလုံးစုံမှားယွင်းနေကြောင်း ခန်း၏ ရှေ့နေအင်တီဇာ ပန်ဂျူသာက ပြောကြားခဲ့သည်။

ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချခံရခြင်းဖြစ် သည်။

လာမည့်အစိုးရအဖွဲ့သစ်ကို ဦးဆောင်ရမည့်သူအဖြစ် ထင်ကြေးပေးခံထားရသည့် ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှရစ်ဖ်နှင့် ၎င်း၏ သမီးဖြစ်သူ မာယမ်နာဝက်ဇ်တို့သည်လည်း ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီက အဂတိလိုက်စားမှုစွဲချက်များဖြင့် အလားတူစီရင်ချက်ချခံခဲ့ရပြီး အကျဉ်းချခံခဲ့ရသည််။

ထို့ကြောင့် ခန်းသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခန်းသည် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသဖြင့် ရှရစ်ဖ်ကို ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်  အထောက်အကူဖြစ်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ခန်းနှင့် ရှရစ်ဖ်တို့ နှစ်ဦးစလုံးကမူ ၎င်းတို့၏ ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုများအတွက် စစ်တပ်ကို အပြစ်တင်ခဲ့ပြီး စစ်တပ်ကမူ ၎င်းတို့ ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Ref: Reuters

Most Read

Most Recent