တောင်ကိုရီးယားရွေးကောက်ပွဲကို မြောက်ကိုရီးယားက ဝင်ရောက်စွက်ဖက်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား

တောင်ကိုရီးယားရွေးကောက်ပွဲကို မြောက်ကိုရီးယားက ဝင်ရောက်စွက်ဖက်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား
၂၀၂၂ ခုနှစ် မေ ၁၆ ရက်က ဆိုးလ်မြို့တော်ရှိ အမျိုးသားလွှတ်တော်တွင် အမှာစကားပြောကြားနေသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို တွေ့ရစဉ် (Photo:AFP)
၂၀၂၂ ခုနှစ် မေ ၁၆ ရက်က ဆိုးလ်မြို့တော်ရှိ အမျိုးသားလွှတ်တော်တွင် အမှာစကားပြောကြားနေသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို တွေ့ရစဉ် (Photo:AFP)
Published 31 January 2024

တောင်ကိုရီးယားနိုင်ငံတွင် ဧပြီလ၌ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများကို မြောက်ကိုရီးယားက ဝင်ရောက်စွက်ဖက်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဇန်နဝါရီ ၃၀ ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအစိုးရအဖွဲ့သည် တောင်ကိုရီးယားရွေးကောက်ပွဲမတိုင်မီ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒရုန်းများ ဝင်ရောက်ပျံသန်းမှုများအပါအဝင် ရန်စသည့် လုပ်ရပ်များကို လုပ်ဆောင်နိုင်ခြေရှိကြောင်း ယွန်းက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများနှင့်လည်း အ ဆက်အသွယ်ဖြတ်ခဲ့ကာ မြောက်ကိုရီးယား၏ နယ်မြေကို ထိပါးလာခဲ့မည်ဆိုပါက စစ်ပွဲဆင် နွှဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် ကင်သည် ယခုသီတင်းပတ်အတွင်း ခရုဇ်ဒုံးကျည်များ ပစ်ခတ်မှုအပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များထောက်ပံ့ပေးဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

တောင်ကိုရီးယားသည် ဧပြီ ၁၀ ရက် တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ၂၀၂၂ ခုနှစ်က အာဏာရလာခဲ့သည့် ယွန်းနှင့် ၎င်း၏ ပါတီသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း လွှတ်တော်နေရာအများစုကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အနိုင်ရရှိရန် မျှော်မှန်းထားသည်။

“မြောက်ကိုရီးယားအစိုးရအဖွဲ့ဟာ ကမ္ဘာမှာ နျူကလီးယားလက်နက်တွေကို လက်ဦးမှုရယူတိုက်ခိုက်မှုအတွက် အသုံးပြုဖို့ ဥပဒေပြဋ္ဌာန်းခဲ့တဲ့ တစ်ခုတည်းသော ယုတ္တိမရှိတဲ့ အဖွဲ့ဖြစ်ပါတယ်”ဟု ယွန်းက ပြည်သူများ၊ ရဲတပ်ဖွဲ့နှင့် သူလျှိုအေဂျင်စီများ၏ ကိုယ်စားလှယ်များနှင့် အခြားအရာရှိများ တက်ရောက်ခဲ့သည့် နှစ်ပတ်လည် ကာကွယ်ရေးကောင်စီ အစည်းအဝေးအတွင်း ပြော ကြားခဲ့သည်။ ထို့ပြင် ဧပြီလတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယား၏ ရန်စမှုများ ရှိလာလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ယွန်းက ပြောသည်။

“အခုနှစ်ထဲမှာ နယ်စပ်ဒေသက ရန်စမှုတွေ၊ ဒရုန်းတွေ ကျူးကျော်ဝင်ရောက်မှုတွေ၊ သတင်းအမှားတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဆူပူလှုပ်ရှားမှုတွေလိုမျိုး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မယ့် ရန်စမှုတွေရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ယွန်းက ပြောသည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် နိုင်ငံ၏ လည်ပတ်မှုများနှင့် ပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး သတင်းအမှားများနှင့် မှားယွင်းသည့် ၀ါဒဖြန့်မှုများသည် ပြည်သူများကို စိတ်ရှုပ်ထွေးစေနိုင်ကြောင်း ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ကလည်း မြောက်ကိုရီးယားသည် ဆိုက် ဘာလှုပ်ရှားမှုများမှတစ်ဆင့် သတင်းအချက်အလက်များကို စုဆောင်းပြီး တားမြစ်ပိတ်ပင်ခံထားရသည့် ၎င်း၏ လက်နက်စီမံကိန်းများအတွက် အထောက်အကူဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားရွေးကောက်ပွဲများမတိုင်မီ ရန်စမှုများ ပြုလုပ်လေ့ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။                              Ref:AFP

Most Read

Most Recent