ရှမ်းပြည်နယ် ကိုးကန့်ဒေသ၌ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်

ရှမ်းပြည်နယ် ကိုးကန့်ဒေသ၌ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်
Published 11 December 2023

တရုတ်အာဏာပိုင်များသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကိုးကန့်ဒေသတွင် လုပ်ကိုင်နေသော ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများကို ဦးဆောင်နေမှုဖြင့် ဦးပယ်ဆောက်ချိန် (ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း) အပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

သံသယရှိသူများသည် မိသားစုအခြေပြု သီးခြားလူလိမ်ဂိုဏ်းများကို လုပ်ဆောင်နေသူများဖြစ်ကြောင်းနှင့် အဆိုပါဂိုဏ်းများကို ဦးပယ်ဆောက်ချိန်(ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း)၊ ဦးဝိဟိုင်ရိန်၊ ဦးလျှိုကျိမ့်ရှန် တို့က ဦးဆောင်ပြီး နောက်ထပ်အုပ်စုကို ရွှီလောက်ဖာ(ခ)ရွှီဖားချီက ဦးဆောင်သည်ဟု ဆိုသည်။

ဖမ်းဝရမ်းထုတ်ခံရသူ ၁၀ ဦးမှာ ဦးပယ်ဆောက်ချိန်(ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း)၊ ပယ်ရင့်ချန်(ခ) လီယွင်ချိန် ( ဦးပယ်ဆောက်ချိန်၏သား ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်)၊ ပယ်ရင့်လန်း(ခ) လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး ရှင့်ပိုင်းလီအုပ်စု၏ဥက္ကဋ္ဌ)၊ ဦးဝိဟိုင်ရိန်(ခ) ဦးဝိစိုင်း၊ ၀ိယုံ(ခ)ချိန်ယုံ(ဦးဝိစိုင်း၏တူမ)၊ ၀ိချင်ရှူံး(ခ) ရန်ရှူံး (ဦးဝိစိုင်း၏သား)၊ ဦးလျှိုကျိမ့်ရှန်၊ လျှိုကျီကွမ်(ခ) လီဟွာကွမ် (ဦးလျှိုကျမ့်ရှန်၏သား)၊ လျှိုကျိမ့်မောက်တို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ လျောင်နင်၊ ဖုကျန်း၊ ချောင်ကျင်း ရဲတပ်ဖွဲ့များမှရရှိထားသော အထောက်အထားများအရ အဆိုပါဂိုဏ်များသည် တရုတ်နိုင်ငံသားများကို ကာလတစ်ခုအထိ လိမ်လည်နေကြသူများဖြစ်သည်ကို တွေ့ရပြီး လူသတ်မှု၊ စော်ကားမှု၊ ပြန်ပေးဆွဲမှုတို့ အပါအဝင် ဆိုးရွားပြင်းထန်သော ရာဇဝတ်မှုများကို ကျူးလွန်းထားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

သံသယရှိသူ ၁၀ ဦးထဲက ရှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့ထဲက ခြောက်ဦးသည် တရုတ်မြို့များတွင် နေထိုင်သည့် လိပ်စာများကို မှတ်ပုံတင်ထားသည်ဟု ဆိုသည်။

အထက်ပါ ပြစ်မှုများအတွက် သံသယရှိသူများအနေဖြင့် အညံ့ခံရန်နှင့် တရားစီရင်မှုကို ရင်ဆိုင်ရန် တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  ၎င်းတို့ကို လက်ရဖမ်းဆီးရာတွင် အရေးကြီးသည့် သတင်းများကို ပေးသူများနှင့် အကူအညီပေးသူများအတွက် ဆုကြေးအဖြစ် ယွမ်တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၃၇၀၀) မှ ယွမ်ငါး သိန်းအထိ ချီးမြှင့်မည်ဟု ဖော်ပြထားသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်သည် အခြေအနေ၏ ပြင်းထန်မှုကို အလေးပေးဖော်ပြထားပြီး အဆိုပါရာဇဝတ်ဂိုဏ်း မိသားစုများသည် နေရာအနှံ့ကာလရှည်ဆက်သွယ်ရေး လိမ်လည်မှုများကို လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ တရားမဝင်လုပ်ငန်းများကို အကာအကွယ်ပေးရန် လက်နက်များကို ဗြောင်ကျကျ ကိုင်ဆောင်ထားကြသူများဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ၎င်းတို့၏ လုပ်ရပ်များက ကြီးမားသည့် ငွေကြေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အများပြည်သူ၏အမြတ်ဒေါသကို ပေါ်ပေါက်စေခဲ့သည်ဟု ဆိုသည်။

ယခုစစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် မြီရွှေချမ်း ဦးဆောင်ပြီး သီးခြားမိသားစုဦးစီးဦးဆောင်ပြုလုပ်သော ဂိုဏ်း၏ခေါင်းဆောင်လေးဦးကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် ဆုကြေးထုတ်ခြင်းများ လုပ်ဆောင်ပြီးနောက် ဆက်လက်လုပ်ဆောင်သော စစ်ဆင်ရေးဖြစ်သည်။ မြန်မာအာဏာပိုင်များနှင့် ချိတ်ဆက်လုပ်ဆောင်သော စစ်ဆင်ရေးတွင် မြီရွှေချမ်းသည် အဖမ်းမခံရမီ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး ကျန်ရှိနေသော ခေါင်းဆောင်သုံးဦးမှာ ဖမ်းဆီးခံရပြီး တရားဥပဒေကို ရင်ဆိုင်နေသည်။

Most Read

Most Recent