သုံးနှစ်ရပ်နားပြီးမှ ပြန်လည်ကျင်းပသည့် အင်းလေးဒေသ ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ 

သုံးနှစ်ရပ်နားပြီးမှ ပြန်လည်ကျင်းပသည့် အင်းလေးဒေသ ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ 
Published 29 October 2023

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါဆိုးနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီလှည့်လှည်ပွဲ ကျင်းပနိုင်ခြင်း မရှိသည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ ရပ်နားခဲ့ရသော အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံခြင်း ပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် အောက်တိုဘာလ ၁၅ ရက်တွင် စတင်ကြွချီခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်ရိုးရာမပျက် ကျင်းပလာသော အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီပွဲတော်သည် နှစ်သက်တမ်းပေါင်း ၄၀၅ နှစ် အတွင်း အစဉ်အလာမပျက် ဘုရားကြွချီပွဲတော်ကျင်းပလာသည်ဟု ဒေသခံများက ဆိုသည်။ 

အင်းလေးဖောင်တော်ဦဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီလှည့်လည်ခြင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ပြောပြချက်အရ (၁) ဂျပန်ခေတ် ဒုတိယကမ္ဘာစစ်အတွင်း တစ်ကြိမ်၊ (၂) ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ရပ်နားဖူးကြောင်း၊ (၃) ကမ္ဘာ့ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ သုံးနှစ်တိုင်တိုင် ရပ်နားခဲ့ရသဖြင့် စုစုပေါင်း ငါးနှစ် ရပ်နားခဲ့ဖူးကြောင်း သိရသည်။

''၂၀၂၃ ခုနှစ်တွင် ထူးခြားစွာ ပြန်လည်ကျင်းပ''

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရှိ အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရားများ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံခြင်းပွဲတော် ပထမရက်ကို သီတင်းကျွတ်လဆန်း (၁) ရက်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် စတင် ကျင်းပခဲ့သည်။

အောက်တိုဘာလ ၁၅ ရက် ၊ သီတင်းကျွတ်လဆန်း (၁) ရက် နံနက် ၄ နာရီအချိန်မှစတင်၍ အခမ်းအနား ဖွင့်လှစ်ကာ နံနက် ၇ နာရီတွင် ဖောင်တော်ဦး ကျောင်းတော်မှ စတင်ထွက်ခွာတော်မူခြင်းဖြစ်သည်။ ဖောင်တော်ဦးကျောင်းတော်မှ တစ်ဆင့် ဖောင်တော်အငယ်ဖြင့် ရေလမ်းခရီးအတိုင်း ကြွချီကာ အင်းတိမ်ကြေးပေါခုံ စံကျောင်းတော်တွင် ညကျိန်းအပူဇော်ခံခြင်းဖြစ်သည်။

အင်းလေး မြတ်စွာဘုရားများ ကြွချီရာလမ်းတစ်လျှောက်တွင် ဘုရားဖူး ဧည့်ပရိသတ်များ စည်ကားသိုက်မြိုက်စွာ လာရောက် ဖူးမြော်ကြသဖြင့် လမ်းဘေး ဝဲယာတစ်လျှောက် တိုးမပေါက်အောင် စည်ကားနေမြဲဖြစ်သည်။ 

ယခုနှစ်တွင် ဒေသတွင်း တိုင်းရင်းသားအများအပြား လာရောက်ဖူးမြော်ခဲ့ကြပြီး တိုးမပေါက်အောင် စည်ကားခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရားများ ဒေသစာရီ အပူဇော်ခံခြင်းခရီးစဉ်ကို အောက်တိုဘာ ၁၅ ရက်မှစ၍ နိုဝင်ဘာ ၁ ရက်အထိ ၁၈ ရက် တိုင် ၂၁ ဌာနသို့ ကြွချီအပူဇော်ခံသွားမည် ဖြစ်ပြီး ရက်အလိုက်ကြွချီအပူဇော်ခံမည့် ဇယားကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် အင်းရိုးရာလှေပြိုင်ပွဲများကိုလည်း ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သဖြင့် စိတ်ပါဝင်စားသူများ တစ်ခဲနက် လာရောက်အားပေးသည်ကိုလည်း မြင်တွေ့ရသည်။ ၂၀၂၃ ခုနှစ်တွင် ခရီးသွားဘုရားဖူး ဧည့်သည်တော်များ စိတ်ချမ်းသာစွာလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးအထူးတင်းကျပ်ထားသည်ကိုလည်း မြင်တွေ့ရသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားပွဲ မစတင်မီ တစ်ပတ်ခန့်အလိုကပင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အင်းလေးကန် တွင် ယခုနှစ် ထူးခြားစွာ ရေတက်လာကြောင်းသိရသည်။ အင်းလေးကန် အနောက်ဘက်ပတ်လမ်းတစ်လျှောက်တွင် အောက်တိုဘာ ၁၅ ရက်မြင်ကွင်းအရ လမ်းရေကျော်ထားသည်ကို ပြန်ကျသဖြင့် နုန်းတင်မြေနုများ လမ်းပေါ်ကျန်ရစ်သည်ကိုလည်းတွေ့ရသည်။

ထို့ပြင် နောက်ဆုံး ပွဲတော်ကျင်းပခဲ့သော ၂၀၁၉ ခုနှစ်ကာလနှင့် မတူသည့်အချက်မှာ ကုန်စျေးနှုန်းများ နှစ်ဆ၊ သုံးဆကျော် မြင့်တက်လာသဖြင့် ပွဲတော်ကာလ စက်လှေခများလည်း စျေးတက်လာကြောင်း သိရသည်။ ညောင်ရွှေမြို့ စက်လှေဆိပ်မှ ဘုရားဆွဲလှေနောက် ဘုရားလိုက်ဖူးမည်ဆိုလျှင် စက်လှေခခြောက် သောင်းကျပ်မှ ခုနစ်သောင်းကျပ်အထိ ပေါက်စျေးရှိကြောင်း သိရသည်။ ဧည့်သည်များအတွက် ခရီးသည်ရှာပေးသော စက်လှေပွဲစားများဆိုလျှင် စက်လှေခ ကိုးသောင်းကျပ်၊ တစ်သိန်းကျပ်၊ တစ်သိန်းတစ်သောင်းကျပ်အထိ ပေါက်စျေးပေးရနိုင်ကြောင်း စုံစမ်းသိရှိရသည်။ ထို့ပြင် နန်းပန်မှ စက်လှေငှားရမ်းလျှင် အနည်းဆုံး လေးသောင်းကျပ်မှ ခြောက်သောင်းကျပ်အတွင်း ပေါက်စျေးရှိကြောင်းသိရသည်။ ထို့ပြင် အင်းတိန်ဘက်မှ စက်လှေငှားရမ်းလျှင် သုံးသောင်းငါးထောင်ကျပ်အထိ ပေါက်စျေးရှိနေခြင်းဖြစ်ကြောင်း မေးမြန်းစုံစမ်းမှုများအရ သိရသည်။ 

၂၀၁၉ ခုနှစ်က စက်သုံးလောင်စာဆီ ပေါက်စျေး ၉၂ တစ်လီတာလျှင် လေးရာကျပ်၊ ငါးရာကျပ်ခန့်သာ ပေါက်စျေးရှိသဖြင့် နန်းပန်လှေဆိပ်မှ စက်လှေစင်းလျှင် တစ်သောင်းကျပ်ကျော်၊ နှစ်သောင်းကျပ်ခန့်သာ ကုန်ကျစရိတ် ရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ၉၂ တစ်လီတာလျှင် ၂၁၀၀ ကျပ်ကျော် ပေါက်စျေး ရှိနေသဖြင့် စက်လှေခ စျေးနှုန်းလျှော့ပေးရန် မတတ်နိုင်တော့ကြောင်း စက်လှေဆရာများက ဆိုသည်။

''ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်မောင်ထံ မေးမြန်းခြင်း''

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ လှည့်လည်ခြင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်မောင် ပြောပြချက်အရ သုံးနှစ်တာ ရပ်နားပြီးမှ ထူးခြားစွာပြန်လည်ကျင်းပရသဖြင့် အင်မတန်ဝမ်းသာပီတိ ဖြစ်မိပါကြောင်း ဆိုသည်။ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ လှည့်လည်ခြင်း ဘုရားလူကြီး ၂၇ ဦးတွင် ဦးစီးဦးဆောင်ဖြစ်သော ဥက္ကဋ္ဌ ဦးညွန့်မောင် ပြောပြချက်အရ ၂၀၂၃ ခုနှစ်တွင် ရေကြီးသဖြင့် တချို့နေရာများတွင် အခက်အခဲ ရှိကြောင်း၊ ဘုရားကြွရာတွင် (ရေများ) ရေကြီးသဖြင့် သွားလာရေးအဆင်ပြေကြောင်းဆိုသည်။ ပြီးနောက် ငါးဖယ်ချောင်းဌာနတွင် ဘုရားစည်တော် တီးရင်းဖြင့် စည်ပေါက်ထွက်သွားရာ အတိတ်နိမိတ်ကို ဒေသခံအားလုံး က ပြန်လည်ပြုပြင်ပြီး စည်တော်မင်္ဂလာ ပြန်လည်ရရှိပါကြောင်း၊ အတိတ်နိမိတ်မှာ ဒေသတွင် စည်ပေါက်သဖြင့် ထွန်းထွန်းပေါက်ပေါက် ရောက်ကြောင်း၊ နိမိတ်ဖတ်ကြောင်း၊ မင်္ဂလာနိမိတ်အဖြစ်ယူကြောင်း၊ စည်ပေါက်သောအခါ စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်ပါကြောင်း၊ ကျက်သရေမင်္ဂလာအဖြာဖြာ ပြည့်စုံပါကြောင်း၊ ကျန်းမာရေး၊ လူမှုရေး စီးပွားရေးတို့တွင်လည်း အဆင်ပြေပါကြောင်း ဆိုသည်။

ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်မောင်သည် ဘုရားအသည်တော်၊ ဘုရား ဒါယကာ၊ ဥပသကာပေါင်း ၂၇ ဦးတွင် ဥက္ကဋ္ဌဖြစ်သူ ဦးညွန့်မောင်ဦးစီး၍ ဒေသစာရီ ကြွချီခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

''ကိုဗစ်ကာလတုန်းက ဘုရားမကြွလိုက်ရဘူး၊ သုံးနှစ်ရှိတယ်။ အဲဒီသုံးနှစ်ကို ခံစားရတယ်။ အရင့်အရင်တုန်းကလည်း တစ်နှစ်တစ်ကြိမ် ဘုရားကြွတော့ ဘုရားမကြွရတော့ စိတ်မကောင်းပါဘူး။ လှူရေးတန်းရေးမှာ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ပွဲတွေ မကျင်းပလိုက်ရတာစိတ်မကောင်းပါဘူး။ ဒါကြောင့်မို့ အင်းသားအင်းသူ တို့ဟာ အရင်တုန်းက ဆိုရင် တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကာလ သုံးနှစ် မကြွရတာ စိတ်မကောင်းပါဘူး။ ဒီနှစ်မှာတော့ ဘုရားကြွတော့ အင်မတန်ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ဟာလည်း မြတ်မြတ်နိုးနိုး လှူကြတန်းကြတာပါပဲ။ အင်းသားအင်းသူတို့ဟာ ဖောင်တော်ဦး မြတ်စွာဘုရားကို အလေးအမြတ်ထားပြီး ဂါရဝ ရိုရိုသေသေနဲ့ ဒီလိုပွဲ ကျင်းပရတာ ဘုရားဂေါပကအနေနဲ့ အလွန် ဝမ်းမြောက်ပါတယ်'' ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးညွန့်မောင် က ဆိုသည်။

ထို့ပြင် သီတင်းကျွတ်လဆန်း (၁) ရက်မှ စတင်၍ ကျင်းပလာသော အင်းလေး ဖောင်တော်ဦး ဘုရားများ ဒေသစာရီ ကြွချီပွဲတော်တွင် ရက်အလိုက် ဆွဲလှေများမှာ ကျောင်းတော်ဆင်းပွဲ ပထမရက် အင်းတိန်ကြွသော ရေလမ်းခရီးကျဉ်းသဖြင့် ဆွဲလှေနည်းကြောင်း၊ ပုံမှန်အားဖြင့် ဘုရားဆွဲလှေ အစင်း ၂၀ မှ အစင်း ၃၀ ဝန်းကျင်ရှိကြောင်း၊ ငါးဖယ်ချောင်းမှ ကြေးစားကုန်းဘုရားကြွသောနေ့တွင် ဘုရားဆွဲလှေပေါင်း ၇၈ စင်း ရှိကြောင်း ဦးညွန့်မောင်က ဆိုသည်။

ထိုသို့ ဘုရားဆွဲလှေ ပေါများရခြင်းနှင့် ပတ်သက်၍ ဦးညွန့်မောင်ပြောပြသည့် ကျေးရွာရှိ ဆရာတော် ၊ သံဃာတော် ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် နှင့် ဘုန်းတန်ခိုး အာနုတော် တို့ကြောင့်လည်း ဘုရားဆွဲလှေ များရခြင်း ရှိကြောင်း၊ အင်းလေးကန် ရေပြင်ကျယ် ဆွဲရသော ရက်ဖြစ်သဖြင့်လည်း တစ်ကြောင်း ဘုရားဆွဲလှေ များရခြင်း ဖြစ်ကြောင်း ဦးညွန့်မောင် က ဆိုသည်။ ကြေးစားကုန်း ကျောင်းတိုက် ရှိ ဆရာတော်မှာ အင်းတောင်ပိုင်း မန်ကျည်းဆိပ်ကျောင်းမှ ဖြစ်သဖြင့် ဆွဲလှေများရခြင်းဖြစ်ကြောင်းဆိုသည်။ 

    ဘုရားစည်တော်တီးခြင်းနှင့်ပတ်သက်၍လည်း ကြေးစားကျောင်းတွင် နံနက်အရုဏ်တက်ချိန် ဘုရားဆွမ်းတော်ကပ်ချိန်တွင်လည်း စည်တော်တီးကြောင်း၊ နေ့လယ်ဘုရားဆွမ်းကပ်ချိန်၊ သံဃာတော်များ မ်းကပ်ချိန်တွင်လည်း စည်တော်တီးလေ့ရှိကြောင်းဆိုသည်။ ငါးဖယ်ချောင်းနှင့် သန်းတောင်ငါးမြောင်းတွင်လည်း ဘုရားစည်တော်တီးသောဓလေ့ရှိကြောင်း၊ ဘုရားစည်တီးသူသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ ဘုရားစည်တီးခြင်းအားဖြင့် မြန်မာပြည် သာယာဝပြောတိုးတက်စေကြောင်း၊ ဘုရားပူဇော်သဖြင့် ကုသိုလ်ရကြောင်း စသည်ဖြင့် ယုံကြည်ချက်များရှိကြောင်း အဘ ဦးညွန့်မောင်က ဆိုသည်။

''ကမ္ဘာကျော်တဲ့ အင်းရိုးရာလှေပြိုင်ပွဲ''

မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင် မည်သည့်နေရာတွင်မျှမရှိသော ခြေထောက်ဖြင့်လှေလှော်ခတ်ခြင်း ဓလေ့သည် အင်းလေးကန်တစ်နေရာတည်းတွင်သာ ရှိသည်။ ထို့ကြောင့် ခြေထောက်ဖြင့် လှေလှော်ခတ်ခြင်းကို အင်းလေး၏ အမှတ်အသား၊ အင်းသားတို့ရဲ့ပုံရိပ်အဖြစ်သတ်မှတ်၍ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် သင့်လျော်ပေသည်။ ထို့ပြင် အင်းသားတို့၏ ရှေးဓလေ့ကြာပင်ဖြင့် ချည်ထည်ရက်လုပ်ခြင်း အတတ်ပညာကိုလည်း ယူနက်စကိုတင်သွင်းခြင်းငှာ မစွမ်းနိုင်သဖြင့် နောက်မှလုပ်ကိုင်လာသော ဗီယက်နမ်နိုင်ငံရှိ ကြာထည်လုပ်ငန်းသည် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနေကြောင်း သိရသည်။



ထို့ကြောင့် ကမ္ဘာကျော် အင်းသားရိုးရာ ခြေထောက်လှေလှော်ခြင်း အတတ်ပညာကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ၊ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်း ကို အချိန်မှီ လက်ဦးမှု ရရှိနိုင်အောင် တင်သွင်းသင့်ပါကြောင်း တင်ပြလိုပါသည်။ အင်းသားတို့၏ လှေလှော်ပြိုင်ပွဲအကြောင်းကို မေးမြန်းမိသမျှ စုစည်းတင်ပြလိုက်ပါသည်။



အင်းသားတို့၏ လှေပြိုင်ပွဲကို အမျိုးအစား လေးမျိုး ခွဲခြားထားပါသည်။

(၁) တစ်ကိုယ်တော်

(၂) (နှစ်ကျိပ်ခြောက်တက်) ၂၆ တက်

(၃) (လေးကျိပ်ခြောက်တက်) ၄၆ တက်

(၄) ရာကျော် လှေ ၁၀၀ ကျော်လှေတို့ဖြစ်ပါသည်။



တစ်ကိုယ်တော် ပြိုင်ပွဲတွင် ကျားမ မရွေး ယှဉ်ပြိုင်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ကျောင်းသားလေးများ ပြိုင်သွားတာလည်း တွေ့ရသည်။

၂၆ တက် (နှစ်ကျိပ်ခြောက်တက်) လှေပြိုင်ပွဲတွင် ယခင်က အမျိုးသားတွေလည်း ပြိုင်ကြသည်။ ၂၀၂၃ ခုနှစ်တွင် အမျိုးသမီးများ ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။ ထိုနှစ်ကျိပ်ခြောက်တက် ၂၆ တက် လှေလှော်ရာတွင် ခက်ခဲပြီး ပညာသားပါသည်ဟုဆိုသည်။ ယခင်က လှေပြိုင်ပွဲအတွက် လေ့ကျင့်ပြီးမှ ယှဉ်ပြိုင်မှုများရှိခဲ့ဖူးသည်ဟု ရှေးလူကြီးများက ဆိုသည်။ 

လေးကျိပ်ခြောက်တက် ၄၆ တက်တွင် အမျိုးသားပြိုင်ပွဲကျင်းပကြသည်။ ရာကျော်လှေထက် အနည်းငယ်သေးငယ်သောလှေဖြင့် ပြိုင်ခြင်းဖြစ်သည်။

အထူးခြားဆုံးမှာ ရာကျော်လှေဖြစ်သည်။ နဂါးမှောက်လှေဟုခေါ်သော ရာကျော်လှေများဖြင့် ပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။ ရာကျော်လှေဆိုသော်လည်း ဘုရားဆွဲလှေ လှော်သလို လူတစ်ရာမကျော်ပါချေ။ အနည်းဆုံး ၈၀ ဦးခန့် လိုက်ပါစီးနင်းကြခြင်းဖြစ်သည်။ လူလွန်စွာများပါက လှေဘောင်ရေကျော်သည့်အတွက် လူများစွာဖြင့် မလှော်ခတ်ကြဘဲ အနည်းဆုံး လူ ၈၀ ဦးနှင့်အထက် လိုက်ပါစီးနင်းပြိုင်ပွဲဝင်ခြင်းဖြစ်သည်။ ထို့သော် ရာကျော်လှေပြိုင်ပွဲဟုပင် ခေါ်ဝေါ်ကြသည်။

ရာကျော်လှေများသည် ရှေးယခင်က ကုန်တင်လှေများကို ယခုအခါ ဘုရားဆွဲလှေအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကုန်တင်ရာတွင် ဆန်များ၊ ကုန်ခြောက်များ တန်ချိန်များစွာကို အဝေးပြေးလမ်းအနေဖြင့် တင်ဆောင်အသုံးပြုကြခြင်းဟုဆို၏။ သို့သော် ယနေ့ ခေတ် ဘုရားဆွဲလှေ ကဲ့သို့ လှေအရွယ်အစား မရှည်ဘဲ အနည်းငယ် သေးငယ်သည်ဟု ဆိုသည်။



ဆွဲလှေပြိုင်ပွဲ လှော်ခတ်ရာတွင် စိတ်အားတက်ကြွစေရန် ညာသံပေးပြီး တပြိုင်နက် အားသွန်ခွန်စိုက် လှော်ခတ်ကြရတာ ဖြစ်ပါသည်။ လှေအတွင်း ရေခပ်ထုတ်ပေးသူ အနည်းဆုံး တစ်ယောက် ပါဝင်ကာ လှေစထွက်ချိန်မှ စတင်၍ လှေတွင်းရေများ တရစပ် ရေပက်ထုတ်ပေးရ၏။ ဘေးကနေ ရေတွေနဲ့ပက်ပေးပြီး လူသူပရိသတ် ကလည်း တခဲနက် ငယ်သံပါအောင် အားပေးကြပါသေးသည်။ ထိုသို့ ပြိုင်ပွဲဝင်အသင်း နှစ်သင်းလုံး ရေကုန်ရေခန်း ကြိုးစား ပြိုင်ပွဲဝင်ကြခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲပုံစံမှာ ရိုးရှင်းပါသည်။ တာစထွက်သော နေရာတွင် ဒိုင်အဖွဲ့ အချက်ပြလိုက်သည်နှင့် စတင် လှော်ခတ်ရပါသည်။

ရေလမ်းကြောင်းတစ်လျှောက်လုံး အလယ်မှာ ဝါးတိုင်တွေ စိုက်ထူကာ လမ်းခြားသတ်မှတ်ထားပါသည်။

ပန်းတိုင်ရောက်ခါနီးမှာကန့်လန့်ဝါးလုံးတစ်လုံး ရှိပြီး နှီးဖျား အရှည်တစ်ခု ဘယ်ညာအစထုတ်ကာ ထည့်ထားသည်။ ပန်းဝင်သော လှေအသင်းက ဝါးလုံးခေါင်းထဲက နှီးဖျားကို ဆွဲထုတ်နိုင်သူက အနိုင်ရသူဖြစ်ပါသည်။ မည်မျှပင် ပန်းဝင်စောစေကာမူ နှီးဖျားကို မဆွဲယူနိုင်လျှင် အရှုံးဖြစ်သွားမည်ဖြစ်သည်။

လှေအသင်းများ၏ လှေဦး လှေဖျားထိပ်ဖျားတွင် အနိုင်နှီးဖျားဆွဲယူဖို့ နှီးဆွဲတစ်ယောက်က အဆင်သင့်ထိုင်စောင့်နေရပါသည်။ ပန်းဝင်သည်နှင့် လက်သွက်သွက်လေး နှီးဖျားကိုဆွဲယူရပါသည်။ တစ်ခါတစ်ရံ ပန်းဝင်ရာ နှီးဆွဲကို ဖမ်းမမိသဖြင့် လှော်သမားက နှီးဖျားလှမ်းဆွဲရသောဖြစ်စဉ်များလည်း ကြုံဖူးပါသည်။

ထူးခြားသော အင်းသား ရိုးရာ လှေပြိုင်ပွဲဓလေ့ ဖြစ်ပါသည်။

''အင်းသားအမျိုးသားနေ့ကိုလည်း ပြန်လည်ကျင်းပမည်''

ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်မျိုး၊ နိုင်ငံရေးအပြောင်းအလဲကြောင့်တစ်ဖုံ အင်းသားအမျိုးသားနေ့ ကျင်းပနိုင်ခြင်းမရှိသည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းတောင်ပိုင်းဆရာတော်သံဃာတော်များဦးဆောင်မှုဖြင့် အင်းအမျိုးသားနေ့ပွဲတော်ကို တောင်းပိုင်းအင်းဖြစ်သည့် မှော်ဘီတံတားအောက်ရှိ အင်းသားလူမျိုး ဆရာတော်သံဃာတော်များနှင့်အင်းသားကျေးရွာများမှအင်းသူအင်းသားများစုပေါင်း၍ တော်သလင်းလဆန်း ၁၀ ရက် တနင်္ဂနွေနေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်၍ အင်းသားအမျိုးသားနေ့ကို စံကားမြို့မကျောင်းတွင်စုပေါင်းကျင်းပရန်ဆုံးဖြတ်ခဲ့ကြောင်း ကြားသိရသည်။

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁ ရက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်၊ တနင်္လာနေ့တွင် စံကားမြို့မကျောင်း၌ အင်းသားအမျိုးသားနေ့ကို ကျင်းပသွားမည်ဟု သိရသည်။

''အင်းလေးဒေသ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီတော်မူခြင်း သမိုင်းအကျဉ်းမှတ်တမ်း''

အင်းလေးဒေသစာရီ ကြွချီတော်မူရာ သမိုင်းဦး အစ ပထမကနဦးတွင် စစ်ဘေးကြောင့် ရွှေအင်းတိန်သို့ ပြောင်းရွှေ့ပင့်ဆောင်ထားရာမှ ညောင်ရွှေသို့ တစ်နှစ်တစ်ကြိမ်  အပူဇော်ခံကြွရမည်ဟု စော်ဘွား အမိန့်ချမှတ်ရာမှ ဒေသစာရီ ကြွချီခြင်း ပွဲတော် စတင် ဖြစ်ပေါ်လာကြောင်း အင်းလေးကန် ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ သမိုင်း စာအုပ်တွင် ဖော်ပြထားသည်။

ကောဇာ ၉၈၀၊ ခရစ် ၁၆၁၈ ခုနှစ်တွင် ညောင်ရွှေမြို့၌ စိုးစံသော စော်ဘွားမ စဝ်နန်းနွန်ဖဲလက်ထက်တွင် ညောင်ရွှေမြို့ဝန်းကျင် မြို့တော်ကို ထိပါး တိုက်ခိုက်လာသော စစ်ဘေးအန္တရာယ်ကြောင့် ရုပ်ပွားတော်ငါးဆူကို အင်းလေး အနောက်တောင်ရှိ ရွှေအင်းတိမ်ဆော်မရွာသို့ပြောင်းရွှေ့ပင့်ဆောင်ကာ ကျွန်းသီးတော်၊ အသည်တော်များဖြင့် စောင့်ရှောက်တော်မူစေသည်။ ၎င်းအရပ်ဒေသသို့ ညောင်ရွှေစော်ဘွားမိသားစုများနှင့် အခြွေအရံများ နှစ်စဉ်သွားရောက်ဖူးမြော်ကန်တော့လျက်ရှိပေမဲ့ ဝေးလံသောအရပ်ဒေသသို့ ပြည်သူတို့ဖူးမြော်ရန်ခက်ခဲ့သဖြင့် လွယ်ကူစွာဖူးမြော်နိုင်စေရန် ညောင်ရွှေမြို့သို့ တစ်နှစ်တစ်ကြိမ် အပူဇော်ခံကြွရမည်ဟု ဆော်မရွာဘုရားစောင့်လူကြီးနှင့် ကျွန်းသီးတော်တို့ကို စော်ဘွား အမိန့်ချရာက ဒေသစာရီကြွရာ အစဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၇ ရက်နေ့ရောက်တိုင်း အင်းတိမ်ဆော်မရွာစံကျောင်းတော်မှ ညောင်ရွှေမြို့တော်သို့ ဒေသစာရီကြွချီပင့်ဆောင်ပြီး ဟော်နန်းတော်ဦးမဏ္ဍပ်ကြီးတွင် သီတင်းသုံးပူဇော်ပွဲ ကျင်းပကြပြီး အင်းတိမ်သို့ ပြန်လည်ကြွချီတော်မူသည်။ ဒေသစာရီကြွချီပင့်ဆောင်ရာတွင် မည်သည့်ရွာမျှမရပ်မနားဘဲ နဂါးမှောက်လှေကြီးဖြင့် တိုက်ရိုက်ဒေသာစာရီ ကြွချီတော်မူလေသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်လက်ထက်တွင် စဉ်လာမပျက်ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲတော်ကြီးကို ဌာနပေါင်း ၁၉ ဌာနအထိတိုးကာ ပွဲတော်ရက်ပေါင်း ၁၅ ရက်အထိ တိုးမြှင့်ကျင်းပပူဇော်ခဲ့ပြီး ခရစ်နှစ် ၂၀၀၁ ခုတွင် ဌာနပေါင်း ၂၁ ဌာနနှင့် ပွဲရက်ပေါင်း ရှစ်ရက်တိုးမြှင့်ကျင်းပခဲ့သည်။

ညောင်ရွှေပြည်ကြီးကို စော်ဘွားကြီးစဝ်ဆိုင်ဖ (ဆီဆိုင်ဖ) မှစ၍ ကောဇာသက္ကရာဇ် (၇၂၁ မှ ၁၃၂၁ အထိ) ခရစ် (၁၃၅၉ မှ ၁၉၅၉ အထိ) စော်ဘွားကြီး စဝ်ရွှေသိုက်အထိ နှစ်ပေါင်း ၆၀၀ မင်းဆက်ပေါင်း ၃၃ ဆက်တိုင် စိုးစံတော်မူခဲ့ကြောင်းသိရသည်။ 

အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရားများသည် ဘုန်းတန်ခိုး အာနုဘော် ကြီးမား၍ ဆုတောင်းပြည့်သည်ကို အများသိကြပြီး ဖြစ်သည်။ ဖြစ်စဉ်တစ်ခု ဖော်ပြပါမည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင် အင်းလေး ဖောင်တော်ဦးဘုရား ကြွချီရာပွဲတော်တွင် အင်းတိန်မှ ဟဲယာရွာမသို့ ကြွသောနေ့တွင် ဟဲယာ ရွာမ သို့ ရောက်ခါနီး အင်းတိန်ချောင်း တစ်လျှောက် ရာဇမတ်များ စိုက်ထူကာ ရာဇမတ်တွင် ပန်းများဖြင့် ဝေဝေဆာဆာ လှူဒါန်းထားကြသည်။ လူတစ်ယောက်သည် ရာဇမတ်၌ ရုပ်ရှင်မင်းသမီးရုပ်ပုံများကို ကပ်ထားခဲ့သည်။ ဖောင်တော်ဦးဘုရား ဖောင်တော်သည် ဟဲယာရွာမသို့ ရောက်လုအချိန် မိန်းမရုပ်များ ကပ်ထားသော ရာဇမတ်များ ရှေ့သို့ရောက်ချိန် ရုတ်တရက်မည်းမှောင်ပြီး လေပြင်းများ တိုက်ခတ်လာရာ ဘုရားဖောင်တော်မှာ ရှေ့သို့ ဆက်လက်မသွားတော့ဘဲ တစ်နေရာတည်းတွင် ဝေ့လည်လည် ဖြစ်နေသဖြင့် ဘုရားလူကြီးများက ခေတ္တဆိုင်းငံ့ပြီး အမှားများကို ခွင့်လွှတ်ပါရန် တိုင်တည်ကြပါမှ လေပြင်းများ ငြိမ်သက်လုရောက်ကာ ဟဲယာရွာမသို့ ဆက်လက် ပင့်ဆောင်လာနိုင်ကြောင်း၊ မင်းသမီး မိန်းမရုပ်ပုံများ ရာဇမတ်တွင် ကပ်ထားခြင်းကြောင့် ဖြစ်သည်ကို စုံစမ်းသိရှိရသဖြင့် ကာယကံရှင်အား နောင်ရှောင်ကြဉ်ရန် ဆုံးမခဲ့သည် ဖြစ်ရပ် ကြုံဖူးကြောင်း အင်းလေးကန် ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်များသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

Most Read

Most Recent