သဘာဝဘေးအန္တရာယ်များ

သဘာဝဘေးအန္တရာယ်များ
Published 7 April 2024
ဒေါက်တာလွင်သန့်

အာဖရိက တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်း လင်ဒီဒေသရှိ နာချီဝီယာခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၆၆၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း နာချီဝီယာခရိုင်ကော်မရှင်နာ မိုဟာမက်မိုယိုက မတ် ၃၀ ရက်က ဆိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ခံစားခဲ့ရသူအချို့ကို အစိုးရကျောင်းတွေမှာ ယာယီထားရှိကြောင်း ဆိုပါတယ်။

      အိမ်အများစုဟာပြုပြင်မရလောက်အောင် ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိမှာ ခရိုင်အာဏာပိုင်များက မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ ပမာဏကို အကဲဖြတ်နေကြောင်း နာချာဝီယာခရိုင် သတင်းစာရှင်းလင်းပွဲမှာ မိုဟာမက်မိုယိုကပြောကြားခဲ့ပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကောက်ပဲသီးနှံများ ပျက်စီးခဲ့ပြီး ထိခိုက်မှုအများဆုံးကျေးရွာမှာနိုင်ပန်ဂါဒေသရှိ နာဂါဂကျေးရွာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

       မတ် ၂၄ ရက်သတင်းအရ မုန်တိုင်းနဲ့မိုးသည်းထန်ခြင်းတို့ကြောင့် တောင်အမေရိကရှိ ဘရာဇီးနိုင်ငံပြည်နယ်နှစ်ခုမှာ အနည်းဆုံးလူ ၂၇ ဦးသေဆုံးသွားပြီး‌ နောက်ဘရာဇီးတောင်တန်းဒေသဖြစ်တဲ့အရှေ့တောင်ပိုင်းမှာ သောင်တင်နေသူများကို ကူညီဖို့လှေများ၊ လေယာဉ်များနဲ့သာ ကယ်ဆယ်ရေးသမားတို့ဟာ မတ် ၂၄ ရက်မှာ အချိန်လုကြိုးစားနေတယ်ဆိုပါတယ်။

       ပြီးခဲ့တဲ့သတင်းပတ်ကုန်နှစ်ရက်မှာ ရီယိုဒီဂျေနေဒိုးပြည်နယ်နဲ့ အက်စပီရီတိုဆန်တို့ပြည်နယ်တို့မှာ ရေကြီးနေခဲ့တယ်။ ရေကြီးမှုကြောင့်အဆိုပါပြည်နယ်နှစ်ခုမှာ ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တိုက ့ပြောကြားခဲ့တယ်။

     ကယ်ဆယ်ရေးသမားတို့ဆောင်ရွက်လျက်ရှိစဉ်အက်ပီယိုတိုဆန်းတို့ပြည်နယ်မှာသေဆုံးသူစုစုပေါင်းဟာမတ် ၂၄ ရက်မှာ ၁၇ ဦးအထိရှိလာခဲ့တယ်။ အဆိုပါပြည်နယ်တို့မှာ မိုးရွာသွန်းမှုယာယီလျော့ကျသွားလို့ ညနေပိုင်းမှာ ရေပြန်ကျဆင်းသွားလို့ ကယ်ဆယ်ရေးလုပ်ငန်းများ ရှေ့တိုးလုပ်ဆောင်ခဲ့တယ်ဆိုတယ်။

     အများဆုံးထိခိုက်ခဲ့တဲ့စည်ပင်သာယာဒေသဟာ အက်ပီရိယိုဆန်းတို့တောင်ပိုင်းရှိလူဦးရေ ၂၅၀၀၀ ခန့်နေထိုင်တဲ့မိဆိုမိုဒိုဆူးလ်မြို့ဖြစ်ပါတယ်။ အဆိုပါမြို့လေးမှာ ရေကြီးမှုကြောင့်လူ ၁၅ ဦးသေဆုံးခဲ့ပါတယ်။ တက်လာတဲ့ရေများပြန်လည်ကျဆင်းသွားတဲ့အချိန် အဆိုပါမြို့ရဲ့လမ်းမတွေ‌ပေါ်မှာပျက်စီးနေတဲ့‌မွေ့ရာများ၊ကုလားထိုင်များ၊အိမ်သုံးပစ္စည်းများဟာအပျက်စီးပုံကြီးဖြစ်လျက်ရှိကြောင်းသိရပါတယ်။

    "ဒီလိုရေကြီးတာကိုဘယ်တုန်းကမှမဖြစ်ဖူးဘူး" လို့ ၃ရနှစ်အရွယ်ရှိရှယ်လီအိုလီဗီရာယာကဒေသတွင်းသတင်းဌာနအေဂိုဇတာ (Agozata) ကိုပြောကြားခဲ့ပါတယ်။ သူ့ရဲ့ဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ ဖိနပ်ဆိုင်လေးပျက်စီးသွားတယ်လို့သိရပါတယ်။ အသက်ရှင်နေတာက ကံကောင်းတယ်လို့ဖိနပ်ပိုင်ဆိုင်ရှင်မီရှယ်အိုလီဗီရာယာကဆိုပါတယ်။ ဗီရာယာကနောက်ထပ်လူနှစ်ဦးသေဆုံးသွားတယ်ဆိုပါတယ်။

      အခြေအနေဟာ ပရမ်းပတာဖြစ်နေတယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူး ရီနာတိုကက်ဘာဂရန်းကေ ပြာကြားခဲ့တယ်။ မတ် ၂၄ ရက်မှာ ရေပြန်ကျသွားတာကြောင့်ကယ်ဆယ်ရေးသမားတွေဟာ ယခင်ကသွားလို့မရတဲ့နေရာတွေသွားလို့ရပြီဆိုပါတယ်။

    "အနည်းဆုံးလူ ၅၂၀၀ ကိုသူတို့နေအိမ်များမှရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ပြည်နယ်အာဏာပိုင်ကဆိုပါတယ်။ အိမ်နီးချင်းရီယိုဒီဂျနေယိုးပြည်နယ်မှာ မြေပြိုမှု‌ကြောင့် အနည်းဆုံးလူရှစ်ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေပြောကြားခဲ့ပါတယ်။

     "နှစ်စဉ်ရေကြီးပါတယ်။ တစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်ရေကြီးပါတယ်။ ယခုတစ်ကြိမ်ကတော့သည်နှစ်မှာတတိယကြိမ်မြောက်ရေကြီးတာဖြစ်တယ်" လို့ဒူကေးဒီယာဆီယက်ဒေသမှ ၅၂ နှစ်အရွယ်နီဆဲလီယိုရာမို့စ်က အေအက်ပီ (AFP) သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

        ကမ္ဘာကြီးက အယ်နီညိုဖောက်ပြန်မှုခံစားနေရပြီလား။ အရှေ့အာဖရိကမှာ လူသားတို့ရဲ့လုပ်ဆောင်မှုကြောင့်ဖြစ်ပွားရတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်အောက်တိုဘာလကတည်းကမိုးများသည်းထန်စွာရွာသွန်းခဲ့ရာ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ဒီဇင်ဘာ ၇ ရက်က သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုပါတယ်။ ဆိုးရွားတဲ့ရာသီဥတုဘေးအန္တရာယ်ရဲ ့နောက်ဆုံးဖြစ်စဉ်တစ်ခုအဖြ စ်ဆိုမာလီယာ၊ ကင်ညာနဲ့အီသီယိုပီးယားမှာ မိုးများသည်းထန်စွာရွာသွန်းခဲ့တယ်ဆိုပါယ်။

       ကမ္ဘာမိုးလေဝသထွက်ရေးအဖွဲ့ (WWA) မှသိပ္ပံပညာရှင်များက လက်ရှိမိုးရွာသွန်းမှုဟာ အောက်တိုဘာ၊ ဒီဇင်ဘာလအတွင်း အဆိုပါဒေသရဲ့စံချိန်တင်ပြင်းထန်မှုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲကာ အဆိုပါမိုးရွာသွန်းမှုဟာ အောက်တိုဘာမှာ တစ်ခါမှ ရွာသွန်းခဲ့သမျှ ကမ္ဘာကြီးရာသီဥတုဖောက်ပြန်မှုကြောင့်မိုးရွာသွန်းမှုကို‌ သည်နှစ်အထိပိုမိုများပြားစေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုရဲ့သက်ရောက်မှုအတိအကျကိုမသိရကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့ပါတယ်။

             အိန္ဒိယသမုဒ္ဓရာရဲ့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသကြား ပင်လယ်ရေမျက်နှာပြင်အပူချိန်များ မတူညီမှုကအဓိပ္ပာယ်ဖွင့်ဆိုတဲ့ရာသီဥတုစနစ်တစ်ခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာဒီပိုလာ (Indian ocean Dipola-100) ကလည်း ပုံမှန်မဟုတ်ဘဲ ပြင်းထန်တဲ့မိုးရွာသွန်းမှုများဖြစ်ပွားမယ်လို့ဖော်ပြခဲ့ကြောင်း(WWA)ကထုတ်ပြန်ခဲ့တယ်။

           ကမ္ဘာကြီးဟာ ဆက်လက်ပူနွေးနေတဲ့ကာလပတ်လုံး အရှေ့အာဖရိကမှာ ယခုလိုမိုးများသည်းထန်စွာရွာသွန်းတဲ့ဖြစ်စဉ်များဟာ မကြာခဏဖြစ်ပွားလာမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့တယ်။ အာဖရိကဦးချိုဒေသဟာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှုမှာပမာဏ အနည်းငယ်သာရှိတဲ့တိုင်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ခံနိုင်ရည်အနည်းဆုံးဒေသထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ အဆိုပါဒေသဟာ ကာလကြာရှည်မိုးခေါင်မှုကြောင့်စားဝတ်နေရေးအခက်အခဲဟာမိုးသည်းထန်စွာ ရွာသွန်းမှုကိုရင်ဆိုင်နေရတဲ့ဒေသများကို ပိုမိုခက်ခဲစေခဲ့တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ သိပ္ပံပညာရှင်များဟာ ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုနဲ့ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချဖို့တိုက်တွန်းခဲ့ပါတယ်။ အရှေ့အာဖရိကမှာ ပြင်းထန်တဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပွားမှုဟာ ဒေသတွင်းအစိုးရများနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များရဲ့တုံ့ပြန်ဆောင်ရွက်မှုများထက် ကျော်လွန်မယ့်အလားအလာရှိနေတယ်ဆိုပါတယ်။

              ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ဒီဇင်ဘာ ၇ ရက်ထုတ်ပြန်တဲ့သီးခြားအစီရင်ခံစာမှာလည်းအကြီးအကျယ်ပျက်စီးစေတဲ့ရေလွှမ်းမိုးမှုများဟာအရှေ့အဖရိကဒေသတစ်ဝန်းမှာစားနပ်ရိက္ခာမလုံခြုံမှုကိုပိုမိုဆိုးရွားစေတယ်လို့ဖော်ပြခဲ့တယ်။ အဆိုပါအဖေရိကဦးချိုဒေသမှာ ပုံမှန်ထက်မိုးရွာသွန်းမှု ၁၄၀ ရာခိုင်နှုန်းမိုများပြားခဲ့တာအခြေခံအဆောက်အအုံများ၊ သီးနှံစိုက်ခင်းများနဲ့မွေးမြူရေးခြံများ ပျက်စီးစေခဲ့ကြောင်း (WFP) ကထုတ်ပြန်ခဲ့ပါယ်။ သည်လိုဆိုးရွားပြင်ထန်တဲ့မိုးလေဝသဖြစ်စဉ်များဟာ မကြာခဏနဲ့ ပြင်းထန်လာခဲ့တယ်ဆိုပါတယ်။

           အရှေ့အာဖရိကမှာ မိုးရွာသွန်းမှုကြောင့်လူနှစ်သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထက်ဝက်နီပါးဟာ ဆိုမာလီဖြစ်ပါတယ်။ မိုးရွာသွန်းမှုများကြောင့်ဆိုမာလီယာမှာလူ ၁၀၀ ကျော်သေဆုံးပြီး ကင်ညာမှာ ၁၆၅ ဦးသေဆုံးခဲ့ရာ အီသီယိုပီးယားမှာ ၅၇ ဦး သေဆုံးခဲ့ပါတယ်။ မိုးရွာသွန်းမှုကိုအဆိုးရွားဆုံးခံစားခဲ့ရတဲ့ဒေသများဟာ ဆိုမာလီဒေသနဲ့ အီသီယိုပီးယားအရှေ့ပိုင်းဖြစ်ကာ ကာလဝမ်းရောဂါဖြစ်ပွါးပြီးလူ ၂၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

             အာဖရိကမှာ မကြုံစဖူး အစားအစာကျပ်တည်းမှုနဲ့ကြောင့်လူ လေးဦးမှာ သုံးဦးဟာကျန်းမာစွာစားသောက်နိုင်ခြင်းမရှိဘဲ ငါးပုံတစ်ပုံဟာ အာဟာရချို့တဲ့လျက်ရှိတယ်လို့ ကုလသမဂ္ဂအေဂျင်စီများက အာဖရိကသမဂ္ဂကော်မရှင်နဲ့အထူးအစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အာဖရိကပဋိပက္ခများနဲ့အတူ ယူကရိန်း-ရုရှားစစ်ပွဲ၊ ပါလက်စတိုင်း ဟာမတ်စ်- အစ္စရေးစစ်ပွဲတွေကြောင့်ကမ္ဘာဆန်စပါးထောက်ပံ့မှုထိခိုက်ရတဲ့အပြင်ရာသီဥတုဖောက်ပြန်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေကြာင့် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိတဲ့အာဖရိကဟာ ဆာလောင်ငတ်မွတ်မှုအဆင့်မြင့်တက်နေတဲ့အပြင်အာဟာရချို့တဲ့နေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ လူပေါင်းသန်းနဲ့ချီဟာမဝေးတဲ့အနာဂတ်မှာ ပိုမိုဆိုးရွားတဲ့အငတ်ဘေးနဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့ အစီရင်ခံစာမှာသတိပေးထားပါတယ်။

             အာဖရိက လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်း (သို့မဟုတ်) လူတစ်ဘီလျံကျော်ဟာ ကျန်းမာတဲ့စားသောက်မှုစနစ်မတတ်နိုင်ကြဘဲ ကမ္ဘာတစ်ဝန်းအတိုင်းအတာအရ  ၄၂ ရာခိုင်နှုန်းရှိကာ အဆိုပါအရေအတွက်ဟာသည့်ထက်ဆက်လက်မြင့်တက်နေတယ်လို့ အစားအစာနဲ့စိုက်ပျိုးရေးအဖွဲ့အစည်း၊ အာဖရိကဆိုင်ရာကုလသမဂ္ဂစီးပွားရေးကော်မရှင်၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်နဲ့ အာဖရိကသမဂ္ဂကော်မရှင်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ၂၀၂၂ ခုနှစ်ကအာဖရိကနိုင်ငံများမှလူ ၃၄၂ သန်းဟာ ဆိုးရွားတဲ့အစားအစာဘေးကင်းလုံခြုံမှုမရှိခြင်းနဲ့ကြုံတွေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပိုများလာကာ အာဟာရချို့တဲ့သူ ၂၈၂ သန်းရှိလာခဲ့ရာ နိုက်ဂျီးရီးယားက သန်း ၂၀၀ ကျော်ဟာ အာဟာရချို့တဲ့နေကြပါတယ်။

           ကမ္ဘာ့ကုလသမဂ္ဂရဲ့(၂၈)ကြိမ်မြောက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံ(the 28th meeting of the conferrence of the parties cop28)ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှဒီဇင်ဘာ ၁၂ ရက်အထိ ရက်သတ္တပတ်နှစ်ပတ်ကြာယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာကျင်းပခဲ့ပါတယ်။ ကမ္ဘာနိုင်ငံပေါင်း ၁၃၀ ကျော်မှနိုင်ငံခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုဆိုင်ရာကိုယ်စားလှယ်များ၊ သက်ဆိုင်တဲ့ပုဂ္ဂိုလ်များတက်ရောက်ကြတယ်။ ကမ္ဘာလေထုထဲကိုကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အထုတ်လွှတ်ဆုံးအမေရိကန်နဲ့တရုတ်နိုင်ငံတို့မှ သမ္မတများ မတက်ရောက်ခဲ့ကြပါဘူး။ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးနဲ့ ရုရှားသမ္မတပူတင်တို့လည်း မတက်ရောက်ကြဘူး။ ညီလာခံရဲ့အခြေအနေကိုပညာရှင်များ၊ သုတေသီများ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

            Cop28 ညီလာခံမှာ ပြီးခဲ့တဲ့ရှစ်နှစ်ကပြုလုပ်ခဲ့တဲ့ပါရီသဘောတူညီချက်များကိုဆက်လက်အကောင်ထည်ဖော်နိုင်ရေးအလေးထားစဉ်းစားကြရမယ့်အပြင် ၂၀၃၀ မတိုင်ခင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုဖြတ်တောက်ကာသန့်ရှင်းစွမ်းအင်ထုတ်လွှတ်မှုကိုဆောလျင်စွာလုပ်ဆောင်နိုင်ရေး၊ ချမ်းသာတဲ့နိုင်ငံများကဆင်းရဲတဲ့နိုင်ငံများကိုရန်ပုံငွေများထောက်ပံ့ရေးနဲ့ဖွဲ့ဖြိုးဆဲနိုင်ငံများအတွက်သဘောတူညီမှုအသစ်များချမှတ်နိုင်ရေး၊သဘာဝပတ်ဝန်းကျင်နဲ့ပြည့်သူလူထုအပေါ်ပိုမိုအလေးထားဂရုပြုလာရေး၊ (Cop-28) အစီအစဉ်မှာန ိုင်ငံများအားလုံးစုံစုံညီညီပါဝင်လာနိုင်ရေးတို့နဲ့ဆက်စပ်ပက်သက်နေတဲ့နယ်ပယ်များဖြစ်တဲ့ကျန်းမာရေး၊အစားအစာထောက်ပံ့မှုနဲ့ ဘဏ္ဍာရေးစတာတို့ကိုပါ ဆွေးနွေးသွားဖို့ရှိတယ်ဆိုပါတယ်။

        Cop-28 ရဲ့ညီလာခံမှာ ယူအေအီးနိုင်ငံပိုင်ရေနံကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်စော်ဘွားစူလတန်အယ်ဂျက်ဘာ(Sultan Al . Jaber)ကညီလာခံဥက္ကဋ္ဌအဖြစ်တာဝန်ယူ‌ဆောင်ရွက်ပါတယ်။ ညီလာခံကိုတက်ရောက်လာတဲ့ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာမှာ စူလတန်အယ်ဂျက်ဘာကရာသီဥတုပြောင်းလဲခြင်းနဲ့ပက်သက်လို့ရုပ်ကြွင်းလောင်စာများအပါအဝင်ဆက်စပ်တဲ့အရာများနဲ့ပက်သက်ပြီးလည်းကောင်း၊ အတွေးအမြင်ပြောင်းခြင်းကိုအားပေးခြင်းကစွမ်းအင်အသုံးပြုရာမှာသမရိုးကျမဟုတ်တဲ့နည်းလမ်းများကိုရှာဖွေဖို့လိုအပ်ကြောင်းကိုလည်းကောင်း အလေးထားပြောကြားခဲ့ပါတယ်။ ရုပ်ကြွင်းလောင်စာများ ဖယ်ရှားနိုင်ရေးအတွက်ထောက်ကူပံ့ပိုးပေးမယ့် သိပ္ပံပညာရပ်မရှိကြောင်း သူရဲ့အခိုင်အမာပြောဆိုတဲ့မှုနဲ့ပက်သက်လို့တက်ရောက်သူများကအကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။ ညီလာခံတက်ရောက်သူများထဲမှာ ဥပဒေပြုလွှတ်တော်အမတ်များ၊ သိပ္ပံပညာရှင်များနဲ့ တက်ကြွလှုပ်ရှားသူများလည်းပါဝင်ပြီး သူတို့ဟာစွမ်းအင်အသွင်ကူးပြောင်းရေးကမ္ဘာလုံးဆိုင်ရာတွန်းအားပေးလုပ်ဆောင်နေတဲ့ ကာလအတွင်း ရုပ်ကြွင်းလောင်စာများဆိုင်ရာ ကတိကဝတ်များနဲ့ပတ်သက်လို့စိုးရိမ်ကြောင့်ကြနေသူများဖြစ်ကြပါတယ်။

           ညီလာခံမှာ ရာသီဥတုနဲ့သက်ဆိုင်တဲ့ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များအပေါ်ဝေဖန်သုံးသပ်တဲ့အသံစုံကိုကြားရပါတယ်။ညီလာခံကိုတက်ရောက်နေတဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်ကကမ္ဘာနိုင်ငံများဟာ ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့တဲ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပါရီသဘောတူညီချက်ပန်းတိုင်များနဲ့ဝေးကွာနေဆဲဖြစ်ကြောင်းယခုလုပ်ဆောင်နိုင်မယ်ဆိုရင်ရာသီဥတုဖောက်ပြန်မှုအဆိုးရွားဆုံးအခြေအနေကိုရှောင်လွှဲနိုင်မယ့်နည်းပညာများအသုံးပြုနိုင်မှာဖြစ်ကြောင်းပြောကြားတယ်။ ဘရာဇီးသမ္မတကရာသီဥတုဆိုင်ရာကတိကဝတ်များကိုမဖြည့်ဆည်းနိုင်ခြင်းဟာ အစိုးရတွေအပေါ်ယုံကြည်ကိုးစားမှုလျော့ကျပျက်ပြားစေကြောင်းဆိုပါယ်။

             အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ကမ္ဘာ့ကြီးပူနွေးလာမှုနဲ့ပြင်းထန်တဲ့ရာသီဥတုအပြောင်းအလဲတွေကြောင့် ကမ္ဘာနိုင်ငံများမှာပြင်းထန်တဲ့ စားနပ်ရိက္ခာအကျပ်အတည်းများနဲ့ ဆက်လက်ရင်ဆိုင်လာရဖွယ်ရှိတယ်လို့ သုံးသပ်ပြောကြားပါတယ်။ ဗြိတိန်ရဲ့တတိယမြောက်ချားဘုရင်ကလည်းယခင်ကပညာရှင်များ သတိပေးခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုအခြေအနေများ ယခုကြုံတွေ့နေရပြီဖြစ်ကြောင်း၊ အားထုတ်ဆောင်ရွက်မှုများရှိခဲ့ပေမဲ့ များစွာလိုအပ်နေသေးကြောင်းသတိပေးစကားနဲ့ထောက်ပြခဲ့တယ်။ ညီလာခံဥက္ကဋ္ဌ စူလတန်အယ်ဂျက်ဘာကလူများသွားလာမှုကမ္ဘာ့အပူချိန်တိုးနှုန်း ၁ ဒသမ ၅ ဒီဂရီဆဲစီယပ်ပန်းတိုင်ကိုရောက်ရှိစေဖို့ လုပ်ဆောင်သွားရမယ်လို့ ကတိပြုပြောကြားခဲ့တယ်။

       ဆိုရရင်ကမ္ဘာနိုင်ငံများအားလုံးနဲ့သက်ဆိုင်ပြီးဖန်လုံအိမ်အာနိသင်ကြောင့်တစ်နေ့တခြားပူနွေးလာတဲ့ရာသီဥတုကို ပိုပြီးနဂိုအတိုင်းစိမ်းလန်းစိုပြည်ဖို့ဆိုတာနိုင်ငံတိုင်း လူသားတိုင်းရဲ့တာဝန်ဖြစ်လာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်အထုတ်လွှတ်ဆုံးအမေရိကန်၊ တရုတ်အပါဝင်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက အရေးတယူလုပ်ဆောင်မှသာ ရာသီဥတုပုံမှန်ဖြစ်လာမှာဖြစ်ကြောင်း သိထားသင့်ပါတယ်။ 

 

Most Read

Most Recent