တစ်ဘီလျံကျော် လျော့ကျနေတဲ့ ပို့ကုန်ရငွေနဲ့ လုပ်ငန်းရှင်တွေ မျှော်လင့်နေတဲ့ ငွေလဲနှုန်း ပြင်ဆင်ပေးတော့မှာလား

တစ်ဘီလျံကျော် လျော့ကျနေတဲ့ ပို့ကုန်ရငွေနဲ့ လုပ်ငန်းရှင်တွေ မျှော်လင့်နေတဲ့ ငွေလဲနှုန်း ပြင်ဆင်ပေးတော့မှာလား
ရန်ကုန်မြို့ရှိ ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 29 October 2023

လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လပတ် အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍ တွင် ယခင်နှစ်ကာလတူထက် ဒေါ်လာတစ် ဘီလျံခန့် လျော့ကျနေကြောင်း ကုန်သည် စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှ သိရ သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ခြောက် လပတ် (ဧပြီမှ စက်တင်ဘာအထိ) ပို့ကုန် တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန်တင် သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက် ရှိသည်။ ယခင်ဘဏ္ဍာနှစ် ပထမခြောက်လ ပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း ဒေါ်လာ တစ်ဘီလျံခန့် လျော့နည်းလျက်ရှိသည်။ 

ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရော် ဘာ၊ ချုပ်ပြီးအထည်တို့၏ ပို့ကုန်တင်ပို့မှု  လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှု နှုန်းနှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ပို့ကုန်တိုးမြှင့်ရေးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ် ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို နံနက် ပိုင်းတွင်လည်းကောင်း၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ပိုင်းတွင်လည်းကောင်း ပြုလုပ်ခဲ့ရာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ၁၄၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အမှာစကားပြောကြားရာတွင် “လုပ်ငန်း ရှင်များအနေဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ ဆန်၊ ပဲအမျိုးမျိုး အပါအဝင် အခြားသော ပို့ကုန် ပစ္စည်းများကို ပို့ကုန်မြှင့်တင်ရေးလျာထား ချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင် ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပို့ကုန်တင်ပို့ရာတွင် ပို့ကုန်လုပ်ငန်းရှင်များ အတွက် ထိုက်သင့်သော အကျိုးရှိရန် လိုအပ် သလို ပြည်တွင်းစားသုံးမှု ဖူလုံရန်လည်း ချိန် ဆ၍ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပို့ကုန်တင် ပို့မှုနှင့် စပ်လျဉ်း၍ အခက်အခဲများရှိလျှင် လည်း ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုအ ခြေအနေကို လေ့လာကြည့်ပါက ၂၀၂၃ ခု နှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပို့ကုန်တင်ပို့မှု စုစုပေါင်း ဒေါ်လာ ၆၄၈၄ ဒသမ ၇၂ သန်းတွင် လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၃၄၉ ဒသမ ၆၃ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅၆ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ ဒသမ ၄၉ သန်း၊ သတ္တုတွင်း ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၃၃ ဒသမ ၉၆ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၉ ဒသမ ၉ သန်း၊  စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၀၈၈ ဒသမ ၇၁ သန်းနှင့် အခြားပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာ ၆၃၄ ဒသမ ၄၆ သန်းပါဝင်ခဲ့ကြောင်း စိုက်ပျိုး ရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ   သိရသည်။

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအခြေ အနေကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါ က လျော့ကျနေသည်ကို တွေ့ရသည်။ ဆန် တင်ပို့မှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ငါးလ အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၇၄၀၆၁ ဒသမ ၈၄ တန်တင်ပို့မှုမှ ဒေါ်လာ ၈၄ ဒသမ ၆၉ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူ က ဆန် ၄၈၁၄၁၀ ဒသမ ၇ တန်တင်ပို့မှုမှ ဒေါ်လာ ၁၇၅ ဒသမ ၄၃ သန်းရရှိထားသည်။ 

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါ က လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်းမှာ ယခင် နှစ်ကာလတူထက် တန်ချိန်သုံးသိန်းကျော်၊ တန်ဖိုးဒေါ်လာ ၉၀ ဒသမ ၇၄ သန်း လျော့ ကျနေသည်။ ရာခိုင်နှုန်းအားဖြင့် ဆန်တင် ပို့မှု တန်ချိန်တွင် ၆၃ ရာခိုင်နှုန်းကျော်၊  ဆန် တင်ပို့မှုမှ ပို့ကုန်ရငွေတွင်  ၅၁ ရာခိုင်နှုန်း ကျော် ကျဆင်းနေသည်။

အလားတူ နှမ်းတင်ပို့မှုမှရငွေမှာ ယခင် နှစ်ကာလတူထက် ၃၅ ရာခိုင်နှုန်းကျော်၊ ရော်ဘာစိမ်းတင်ပို့မှုမှ ရငွေမှာ ၃၄ ရာခိုင် နှုန်းနီးပါးနှင့် အခြားသီးနှံများတင်ပို့မှုမှရငွေ မှာ ယခင်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း  နီးပါး ကျဆင်းလျက်ရှိသည်။

“အကြမ်းဖျင်းတော့ export ကျတဲ့ အဓိ က အကြောင်းရင်းကတော့ နံပါတ် (၁) ကျွန် တော်ပြောချင်တာက ပြည်တွင်းဆန်စျေး နှုန်း မြင့်မားတဲ့ကိစ္စက တစ်ခုဖြစ်ပါတယ်။ဒု တိယ ကိစ္စကတော့ ငွေလဲနှုန်းပေါ့။ ငွေလဲနှုန်း နဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့က နိုင်ငံ တော်ကို တင်ပြထားတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်  ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန် မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာ စာအမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန် ကြားများအတိုင်း ကျပ်ငွေဖြင့် လဲလှယ်ဆောင် ရွက်ရန် ၅-၈-၂၀၂၂ ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ်(၃၆/၂၀၂၂)ဖြင့် သတ်မှတ်ခဲ့ သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန် တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅၀ ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော် ငြာစာအမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန် ကြားချက်များအတိုင်း ကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန် ၁၃.၇.၂၀၂၃ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၁၅/၂၀၂၃ ဖြင့် ပြင်ဆင် သတ်မှတ်ခဲ့သည်။

ယခင်က ပို့ကုန်ရငွေများအနက် ၆၅ ရာ ခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြစ်သည့်  တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့်ရောင်းချပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ကျပ် ၂၉၂၀ ဖြင့် လဲ လှယ်ရမည်ဟုသတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင်မူ ၆၅-၃၅ အစား  ၅၀-၅၀ သို့ ပြောင်းလဲသတ်မှတ်ထားသည်။

“၆၅-၃၅ ကနေ ၅၀-၅၀ ကို ဖြေလျှော့ ပေးလိုက်ပေမဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေး၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက လည်း ၂၉၂၀ လို့ သတ်မှတ်ထားသေးတယ်။ စျေးကွက်ပေါက်စျေးနဲ့မဟုတ်တော့ သိပ် တော့ မထူးပါဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ ခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ပြင်ပစျေးကွက် တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၂၀၀ ဝန်းကျင် ရှိနေသည်။

ပို့ကုန်ရငွေများအနက် ၆၅ ရာခိုင်နှုန်း အစား ရာခိုင်နှုန်း ၅၀ သာ ကျပ်ငွေဖြင့် လဲ လှယ်ရမည့်သတ်မှတ်ချက်ကို ပြင်ဆင်ထုတ် ပြန်ခဲ့သော်လည်း ပို့ကုန်လုပ်ငန်းများ ဦးမော့ လာရန် ခက်ခဲနေသေးကြောင်း လုပ်ငန်းရှင် များက ဆိုသည်။

ထို့ပြင် ပြည်ပပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၅၀ ကို ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ် လာ ကျပ် ၂၁၀၀ ဖြင့် ရောင်းချရသည့်အပြင်   ကျန်ရှိသည့်ရာခိုင်နှုန်း ၅၀ ကိုလည်း တစ် ဒေါ်လာ ကျပ် ၂၉၂၀ ဖြင့် ရောင်းချနေရသဖြင့်  ကျန်ရှိသည့်ရာခိုင်နှုန်း ၅၀ ကို စျေးကွက်ပေါက် စျေးအတိုင်း လွတ်လပ်စွာ ရောင်းချခွင့်ပြုရန် နိုင်ငံတော်သို့ တင်ပြထားကြောင်းလည်း ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ဘယ်လိုလဲဆိုရင် ခွင့်ပြုတယ်လို့တော့ လက်ရှိပြောတာပေါ့။ ၅၀ ရာခိုင်နှုန်းက ၂၁၀၀၊ နောက်ထပ် ၅၀ ရာခိုင်နှုန်းက platform  ပေါ်တင်ပြီး ရောင်းလို့ရတယ်။ အရင် ကတည်းက အဲဒီလိုပါပဲ။ ရောင်းလို့ရတယ် ဆိုပေမဲ့ စျေးနှုန်းက ၃၀၀၀ မကျော်စေနဲ့ဆို တော့လေ။ စျေးနှုန်းက အရင်လို လွတ်လွတ် လပ်လပ်မဟုတ်ဘူး။ အရင်တုန်းကကျ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ online platform ကို တင်စရာမလိုဘူး။ ကိုယ်ကြိုက်တဲ့ ကုမ္ပ ဏီကို ကိုယ့်ဟာကိုယ်ရောင်းလိုက်ရင်ရ တယ်။ အခုကတော့ အဲဒီလိုမဟုတ်ဘူး။ အဲဒီ ကိုတင်ရမယ်။ စျေးနှုန်းကိုကြည့်မယ်။ စျေး နှုန်းကလည်း ၃၀၀၀ မကျော်ရဘူးဆိုတော့။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကလည်း ၂၉၂၀ နဲ့ပဲ ရောင်းရမှာ။ ကျွန်တော်တို့ ဒီဘက်က လို ချင်တာက နောက် ၅၀ ရာခိုင်နှုန်းကို လွတ် လွတ်လပ်လပ် ရောင်းချင်တာ”  ဟု ပို့ကုန်လုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်တုန်းက ၆၅-၃၅ ရာခိုင်နှုန်း တုန်းက ၆၅ ရာခိုင်နှုန်းကို အစိုးရကိုရောင်း တယ်။ ၃၅ ရာခိုင်နှုန်းကို ကြိုက်တဲ့ကုမ္ပဏီကို ပေါက်စျေးနဲ့ရောင်းလို့ရတယ်။ အခုက ၅၀-၅၀ သတ်မှတ်ပေမဲ့ ၅၀ ရာခိုင်နှုန်းက ၂၁၀၀ နောက်ထပ် ၅၀ ရာခိုင်နှုန်းက ၂၉၂၀ နဲ့ဆို တော့ နှစ်ခုစလုံး သတ်မှတ်ထားသလိုဖြစ်နေ တယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

ပို့ကုန်လုပ်ငန်းရှင်များ အကျိုးခံစား ခွင့်များ ပိုမိုရရှိနိုင်ရန် အထူးအခွင့်အရေး ပေးမည့်အစီအစဉ်များကို ရေးဆွဲလျက်ရှိ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရ သည်။

“ဒါပေမဲ့ ငွေလဲနှုန်း ပြင်သည့်တိုင်အောင် ပြည်တွင်းဆန်စျေးနှုန် း မြင့်မားနေတဲ့အချိန်ဆို အခက်အခဲရှိပါတယ်။ ငွေလဲနှုန်းပြင်ပြီး ပြည် တွင်းဆန်စျေး လိုက်မြင့်တက်မှာလည်း ကျွန် တော်တို့ စိုးရိမ်ပါတယ်။ ငွေလဲနှုန်းကလည်း exporter ဘက်က စဉ်းစားသလို ဓာတ်မြေ သြဇာတို့ သွင်းအားစုတွေဘက်က ပြန်ကြည့် ရင် သွင်းအားစုတွေ စျေးသက်သာဖို့ဆိုရင် ငွေလဲနှုန်းကလည်း တည်ငြိမ်မှန်ကန်တဲ့ငွေလဲနှုန်းဖြစ်မှ ရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေ များ ကြိုးပမ်းရှာဖွေပေးနေသော ပို့ကုန် လုပ်ငန်းရှင် exporter များအတွက် အထူး အခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင် ရန် စီစဉ်လျက်ရှိကြောင်းကို သိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန်အ မည်အမျိုးမျိုးကို တရားဝင်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များအား အကျိုးခံစားခွင့် များ ပိုမိုရရှိနိုင်ရန် အထူးအခွင့်အရေးပေး မည့်အစီအစဉ်များကို ညှိနှိုင်းတိုင်ပင် ရေးဆွဲ လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်နေသည်။

ထို့ပြင် ပို့ကုန်ရငွေများအပေါ် သတ် မှတ်ထားသည့် ငွေလဲနှုန်းစနစ်ကြောင့် နိုင်ငံ တကာနှင့် စျေးကွက်ယှဉ်ပြိုင်ရောင်းချရာ တွင် အခက်အခဲ၊ အကျပ်အတည်းများ ဖြစ် ပေါ်နေခြင်းကြောင့် အဆိုပါစနစ်ကို ရာနှုန်း ပြည့် ဖြေလျှော့ပေးနိုင်ရန် မျှော်လင့်နေကြ ကြောင်းလည်း လုပ်ငန်းရှင်များထံမှ သိရ   သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လခွဲ အတွင်း  ပို့ကုန်အုပ်စုအလိုက် ပြည်ပသို့ တင် ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက  လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၃၉ ဒသမ ၈၄၄ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၃ ဒသမ ၁၀၄ သန်း၊ ရေ ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၂ ဒသမ ၈၉၁ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ၁၉ ဒသမ ၇၂၆ သန်း၊သစ်တောထွက် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၃ ဒသမ ၃၀၇ သန်း၊ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဒေါ် လာ ၁၂၂၁ ဒသမ ၈၉၉ သန်း၊ အခြားပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၄၂၅ ဒသမ ၃၅၃ သန်း ဖြင့် စုစု ပေါင်း ဒေါ်လာ ၁၀၅၅ ဒသမ ၄၂၈ သန်း လျော့ကျနေခြင်းဖြစ်သည်။

ငွေလဲနှုန်းမတည်ငြိမ်ခြင်းသည် စီးပွား ရေးလုပ်ငန်းများအတွက် အဓိကအခက်အခဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ စက်တင်ဘာလ က ကောက်ယူခဲ့သော စစ်တမ်းတွင် ဖော်ပြ ခဲ့သည်။ ယင်းအချက်က ဇူလိုင်နှင့်သြဂုတ် လအတွင်း ငွေကြေးတန်ဖိုး သိသာစွာကျ ဆင်းသွားခြင်းကို ဖော်ပြနေသည်။ 

ပြီးခဲ့သည့်လများအတွင်း မြန်မာကျပ် ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာသော် လည်း နိုင်ငံခြားငွေကြေး ပြတ်တောက်မှုများ နှင့် ကုန်သွယ်မှု ကန့်သတ်ချက်များ ဆက် လက်ရှိနေဆဲဖြစ်သဖြင့်  သွင်းကုန်တင်သွင်း နိုင်မှု အကန့်အသတ်ဖြစ်စေသည်။ တစ်ပြိုင် နက်တည်းတွင် နိုင်ငံခြားငွေကို မြန်မာကျပ် ငွေသို့ မဖြစ်မနေ ပြောင်းလဲရသည့်စည်း ကမ်းချက်မှာ ပြည်ပ ပို့ကုန်သမားများအတွက် အခွန်အမြောက်အမြား ပေးဆောင်ရသကဲ့ သို့ဖြစ်စေပြီး နိုင်ငံတကာစျေးကွက်တွင် လုပ် ငန်းပြိုင်ဆိုင်နိုင်စွမ်း လျော့ကျစေသည်။

 မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ကောင်းမွန်ရေးအတွက် နိုင်ငံခြားငွေလဲနှုန်း လိုအပ်မှုများ၊ သွင်းကုန်ကန့်သတ်ခြင်းများ နှင့် လျှပ်စစ်မီးလိုအပ်ချက်များက အတားအ ဆီးအဟန့်အတားဖြစ်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

 

Most Read

Most Recent