ဆီလမ်းကြောင်း ပိုးဝင်ခြင်း

ဆီလမ်းကြောင်း ပိုးဝင်ခြင်း
Published 24 March 2024
ဒေါက်တာလွင်သန့်

           

ဗက်တီးရီးယားပိုးတွေက ဆီးပြွန်ကိုဖြတ်ပြီး ဆီးအိမ်ဆီကို ဝင်ရောက်လာနိုင်ကာ ဆီးအိမ်ကနေ အထက်ကို ထပ်တတ်ပါက ကျောက်ကပ်ကိုပါ ပိုးဝင်ရောက်နိုင်ပါတယ်။ ဆီးပိုက်ထည့်ထားရသူတွေ၊ ဆီးအိမ်နဲ့ ဆီးပြွန်ကို မှန်ပြောင်းကြည့်ပြီးတဲ့ လူနာတွေ၊ ဆီးလမ်းကြောင်းခွဲစိတ်ကုသမှုခံယူထားသူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ၊ ကျောက်ကပ်မှာ ကျောက်တည်နေသူတွေမှာ ဆီးကိုအကုန်အစင်မစွန့်ထုတ်နိုင်တာကြောင့် ဆီးပိုးဝင်နိုင်ခြေများတယ်။ 

တစ်ခါတစ်ရံမှာ စအိုကနေလည်း ဆီးပြွန်ထဲ ပိုးဝင်တာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အိမ်သာမှာ အလေးသွားပြီး၊ သန့်ရှင်းရေးပြုလုပ်တဲ့အခါအနောက်မှ အရှေ့ကိုပြုလုပ်တာကြောင့်ဖြစ်ပါတယ်။ အရေပြားမှာ ကူးစက်တဲ့ ဗက်တီးရီးယားပိုးနဲ့ မှိုပိုးတွေက သွေးကြောကနေတစ်ဆင့် ကျောက်ကပ်ဆီကို ရောက်ရှိပြီးလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ အဖြစ်မများပေမဲ့ ခန္ဓာကိုယ်ခုခံအားကျဆင်းနေရင် ဖြစ်တတ်ပါတယ်။

စမ်းသပ်စစ်ဆေးသင့်တာတွေ ရှိပါတယ်။ ကိုယ်ပူကြီးတာ (ဖျားတာ)၊ ခါးနေရာမှာ တောင့်တင်းနေတာရှိ၊ မရှိကြည့်ရပါမယ်။ ဆီးစစ်ကြည့်ရပါတယ်။ အသက်ကြီးကြီး ခန္ဓာကိုယ်ခုခံအားနည်းသူတွေမှာ နှလုံးခုန်နူန်းမြန်တာ၊ သွေးပေါင်ကျတာ၊ ရေဓာတ်ခန်းခြောက်တာ စတာတွေနဲ့ရှုပ်ထွေးနိုင်ပါတယ်။ နှလုံးခုန်နူန်း၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန်၊ အသက်ရှူနှုန်းတွေကို တိုင်းတာရပါတယ်။ ငယ်ရွယ်သူအမျိုးသမီးတွေ၊ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်တံနဲ့ ဆီးထဲနှစ်ပြီး စစ်ဆေးသင့်ပါတယ်။

ဆီးစစ်တာကတော့ ဆီးလမ်းကြောင်း ပိုးဝင်တာအတွက် အသုံးအဝင်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆီးနမူနာမယူခင်မှာ သေသေချာချာရေဆေးသန့်စင်ပြီးမှသာ ယူသင့်ပါတယ်။ သန့်ရှင်းရေးမလုပ်ဘဲ ဆီးနမူနာယူမယ်ဆိုရင် ဆီးပြွန်တစ်ဝိုက်က အရေပြားမှာရှိတဲ့ ဗက်တီးရီးယားတွေပါလာနိုင်ပြီး အဖြေမှားသွားနိုင်ပါတယ်။ စစချင်း ဆီးကိုမယူဘဲ အလယ်လောက်ရောက်မှ သတ်မှတ်ထားတဲ့ခွက်ထဲ ၁၀ မီလီမီတာလောက်ခံယူသင့်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရင် ရှောင်သင့်တဲ့အစာနဲ့ စားသင့်တဲ့အစာဆိုပြီး သုတေသနပြုထားကတော့ မရှိပါဘူး။ လူနာကပျို့တာ၊ အန်တာတွေဖြစ်ပေါ်တာ ကြောင့် ခန္ဓာကိုယ်က အစားအစာနဲ့ရေကို လုံလုံလောက်လောက်ရရှိဖို့ ခက်ခဲပြီး ခံတွင်းပျက်ကာ၊ ရေဓာတ်ခန်းခြောက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ခံတွင်းလိုက်စေပြီး အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးနိုင်ပါတယ်။

ပိုးဝင်ခြင်းကို မူတည်ပြီး ပဋိဇီဝဆေး (Antibiotics) (၃-၁၀) ရက် သောက်နိုင်တယ်။ ရေများများသောက်ခြင်းက ဆီးသွားစေပြီး အညစ်အကြေးတွေစွန့်ထုတ်ဖို့ ကူညီပေးပါတယ်။ သစ်သီးဖျော်ရည်များကိုလည်း သောက်နိုင်ပါတယ်။ အရက်နဲ့ကော်ဖီက ဆေးနဲ့ရောပြီး မသောက်သင့်ဘူး။ ဆေးဝင်မယ့်နေရာ (Receptor) ကို ဦးယူသွားလို့ အာနိသင်မဲ့နိုင်တယ်။ ဆီးသွားစဉ်နာကျင်မှုကို သက်သာစေဖို့၊ ရေနွေးစိမ်ခြင်းကိုလည်း ပြုလုပ်နိုင်တယ်။ ဆီးပိုးဝင်ခြင်းကြောင့်ဖျားနာခြင်းနဲ့ ဆီးကျင်တာ မသက်သာမချင်း လုံလောက်စွာ အနားယူသင့်ပါတယ်။ ရေခဲရေ၊ အအေးမသောက်ဘဲ ရေနွေးကြမ်းသောက်သင့်ပါတယ်။ 

အောက်ပါ ကုထုံးများနဲ့ လူနေမှုပုံစံ (Life style) တို့ဟာ ဆီးလမ်းကြောင်းရောဂါ ပိုးကူးစက်ခြင်း သက်သာစေပါတယ်။ နေ့စဉ်ရေ (၆-၈) ဖန်ခွက်သောက်သင့်ပါတယ်။ ရေနဲ့သစ်သီးဖျော်ရည်ဟာ ဆီးလမ်းကြောင်း သန့်ရှင်းစေပါတယ်။ အမျိုးသမီးတွေ အိမ်သာသွားရင် အရှေ့မှအနောက်ကို ဆေးကြောသင့်ပါတယ်။‌ မွေးလမ်းကြောင်းအတွင်း ရေဆေးခြင်း၊ ရေဖျန်းခြင်း ရှောင်သင့်ပါတယ်။ ချည်နဲ့ပြုလုပ်ထားတဲ့ အောက်ခံဘောင်းဘီဝတ်သင့်တယ်။ တင်းတင်းကျယ်ကျယ်မဝတ်သင့်ပါဘူး။ အမျိုးသမီးတွေ လိင်ဆက်ဆံမှုမလုပ်ခင်နဲ့ လုပ်အပြီးမှာ ဆီးသွားခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်း ပြုလုပ်သင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တတ်ရင်၊ သုက်ကောင်သတ်ဆေးရည်ကို မသုံးသင့်ပါဘူး။ မကြာခဏဆီးသွားပြီး ဆီးအိတ်ကို ရှင်းလင်းသင့်ပါတယ်။ ဆီးအောင့်မထားသင့်ပါဘူး။ ကိုယ်ဝန်တားဆေးများသောက်နေရရင်ဆရာဝန်ကိုပြောပြသင့်ပါတယ်။ အချို့ပဋိဇီဝဆေးတို့ဟာ ကိုယ်ဝန်ထားဆေးနဲ့ ဓာတ်ပြုနိုင်လို့ အချိန်ခြားပြီး သောက်သုံးသင့်ပါတယ်။ ပဋိဇီဝဆေးတွေကို လိပ်ပတ်လည်အောင်သောက်သင့်ပါတယ်။ ဆေးလိပ်ပတ်လည်မသောက်ရင် ပြန်ပြန်ဖြစ်ပြီး ရောဂါဝင်နိုင်တယ်။

ဆီလမ်းကြောင်း ပိုးဝင်တာဖြစ်စေတဲ့ပိုးတွေက အများဆုံးမှာ အီးကိုလိုင် (E.coli) ဖြစ်ပါတယ်။ ပိုးဝင်တဲ့လူရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အခြားဝင်နိုင်တဲ့ပိုးတွေက ကလပ်ဆဲလား (Klebsiella)၊ ပရိုတီရက် (Proteus)၊ ဆူဒိုမိုးနက် (Pseudomonus)၊ အန်တရိုကော့ကပ် (Entero coccus)၊ စတတ်ဖိုင်လိုတော့ကော့ကပ် (staphylococcus) ပိုးတွေပဲဖြစ်ပါတယ်။ အီးကိုလိုင်း (E.coli) က လူရဲ့မစင်မှာ အတွေ့ရများပြီး အမျိုးသမီးတွေ သန့်ရှင်းရေးလုပ်တဲ့အခါ အနောက်မှအရှေ့ကိုဆေးကြောတာကြောင့် မစင်ကပိုးတွေ ဆီးလမ်းကြောင်းထဲ အလွယ်တကူဝင်ရောက်နိုင်ခြင်းဖြစ်ပါတယ်။

ဆီးလမ်းကြောင်းမှာ ဝင်ရောက်လာတဲ့ပိုးက ဘာပိုးလဲသိဖို့ လိုအပ်ပါတယ်။ အရင်ဆုံး ဆရာဝန်က ပဋိဇီဝဆေးပေးပါတယ်။ ဘာပိုးလဲ မွေးမြူပြီး ပိုးကိုသတ်နိုင်တဲ့ ဆေးဝါးတွေပါ တစ်ခါတည်းသိပြီးတဲ့နောက် ဆေးပြောင်းသောက်ရနိုင်ပါတယ်။ ရေနဲ့အရည်များများသောက်ပေးသင့်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြီးပျို့တာ၊ အန်တာတွေလည်း ဆက်တိုက်ဖြစ်နေတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးကို အကြောထဲသွင်းပေးဖို့၊ ရေဓာတ်ပြန်ဖြည့်ဖို့နဲ့ အခြားလိုအပ်တဲ့ကုသမှုများခံယူဖို့လိုအပ်တာကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူသင့်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရောဂါ ဂရုစိုက်သင့်သူတွေက ကိုယ်ဝန်ဆောင်တွေ၊ အသက် ၆၀ ကျော်သက်ကြီးရွယ်အိုတွေ၊ အလွန်အမင်းအန်နေရင် နာကျင်မှုအလွန်အမင်းဆိုးရွားနေရင်၊ ရေဓာတ်ခန်းခြောက်မှု‌ဖြစ်နေရင်၊ ဆီးသွားနည်းသွားရင်(သို့မဟုတ်) ဆီးလုံးဝမသွားနိုင်ရင်၊ ဆီးလမ်းကြောင်းမှာကျောက်ရှိရင်၊ ဆီးချိုသွေးချိုရောဂါရှိရင်၊ ဓာတ်ရောင်ခြည်နဲ့ကုသမှုခံယူနေသူတွေ၊ အရင်က ကျောက်ကပ်ရောဂါဖြစ်ဖူးတွေ၊ အိပ်ချအိုင်ဗီ (HIV/AlDS) ပိုးကူးစက်နေသူတွေ၊ သွေးအားနည်းရောဂါရှိသူတွေ၊ ကင်ဆာရောဂါရှိသူတွေ ပိုဖြစ်ပါတယ်။

 ဆေးကုသစဉ်လိုက်နာသင့်တာက ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်၊ ဆေးဖြတ်၊ ဆေးသောက်တာ မလုပ်သင့်ပါဘူး။ မိသားစုဆရာဝန် (G.P) နဲ့ပြသပြီးကိုယ့်အိမ်မှာပဲ ဆေးအပြည့်အဝသောက်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က ကိုယ့်ကို ပဋိဇီဝဆေးပေးပြီး ကုသပါလိမ့်မယ်။ ကုသမှုခံယူနေချိန်မှာ ရေနဲ့အရည်များများသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ နာကျင်မှုဝေဒနာသက်သာစေဖို့ ပါရာစီတမော (paracetamol) ဆေးဝါး သောက်သင့်ပါတယ်။

  ဆေးရုံတတ်ကုသမှုခံယူသင့်တာက ရေဓာတ်ခန်းခြောက်ပြီး အကြောထဲဆေးသွင်းပြီး ကုသဖို့ လိုအပ်တဲ့အခါမျိုးမှာ ဆေးရုံတက်ကုသမှုခံယူသင့်ပါတယ်။ ပိုးဝင်တဲ့အခြေအနေ ဆိုးဝါးရင် ပဋိဇီဝဆေးကိုလည်း အကြောဆေးအနေနဲ ့ပေးဖို့လိုအပ်ပါတယ်။ ဆေးနဲ့ရောဂါပိုး အချေအတင်တိုက်ခိုက်အနိုင်ယူနေချိန်မှာ တတ်ကျွမ်းနားလည်သူတွေရဲ့ အနီးကပ်စောင့်ကြည့်နေဖို့ လိုအပ်တာကြောင့် ဆေးရုံမှာ ကုသမှုခံယူတာက အကောင်းဆုံးဖြစ်ပါတယ်။ ဆီးပိုးဝင်တာက အခြေအနေဆိုးဝါးလာရင် ကျောက်ကပ်မှာ ပြည်တည်လာတတ်ပါတယ်။

  ဆီးလမ်းကြောင်းပိုးဝင်တာမဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်သင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးက ခန္ဓာကိုယ်ရဲ့အခြားနေရာတွေမှာရောဂါပိုးတွေမဝင်ရောက်အောင်လည်း ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်းပိုးမဝင်အောင်အတွက်ဆီးပြွန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ မျိုးပွားအင်္ဂါတွေ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေဟာ အလေးသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှအနောက်ကိုသာ ရေနဲ့ဆေးကြော၊ သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို ့လိုအပ်ပါတယ်။

 ဝမ်းမချုပ်သင့်ပါဘူး။ ဝမ်းချုပ်တာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ ဒါကြောင့်ဝမ်းချုပ်တာကို ကာကွယ်နိုင်အောင် တစ်နေ့ကိုအမျှင်ဓာတ် (၂၀-၃၀) ဂရမ်လောက်ပါဝင်အောင်စားပေးသင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။ ဆီးအောင့်မထားသင့်ပါဘူး။ ဆီးသွားချင်ရင် သွားလာတာရပ်ပြီး ချက်ချင်းဆီးစွန့်သင့်ပါတယ်။

လိင်ဆက်ဆံတာကလည်း ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်စေပါတယ်။ လိင်ဆက်ဆံပြီးတဲ့အခါ ဆီးသွားပေးပြီး သန့်ရှင်ရေးပြုလုပ်သင့်ပါတယ်။ မိသားစုအပေါ် သစ္စာရှိသင့်တယ်။ မရှောင်နိုင်ရင်အစွပ် (Condom) သုံးတာက လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများဖြစ်တဲ့ ဂနိုညောင်းကျ (Gonorrheea) ရောဂါ၊ ဆစ်ဖက်လစ် (syphilis) ရောဂါ၊ ရှန်ကာ (Chancer) ရောဂါတို့မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်ပါတယ်။ တကယ်လို့စိတ်ထဲမသန့်ရင်အစွပ် (Condom) ပြဲသွားရင် အဆိုပါရောဂါများကူးစက်ခံရမှုဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြပြီး ပဋိဇီဝဆေး (Antibiotics) အပြည့်အဝ (၇-၁၀) ရက်သောက်သုံးသင့်ပါတယ်။ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဆီးအိမ်အတွင်း ဆီးပိုက်ထည့်ထားရတဲ့လူနာတွေအနေနဲ့လည်း တတ်ကျွမ်းနားလည်သူရဲ့ လမ်းညွှန့်မှုနဲ့ ပုံမှန်ပိုက်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။ ဆီးပိုက်ထည့်တဲ့ဆီးပြွန်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။

ကျောက်ကပ်မှာ ကျောက်ရှိသူ၊ ဆီးလမ်းကြောင်းတစ်လျှောက်ကျောက်ရှိသူတွေ၊ ဆီးလမ်းကြောင်းမှာ ပိုးဝင်လွယ်တာကြောင့် ကာကွယ်ဖို့အတွက်ကျွမ်းကျင်ဆရာဝန်၊ ဆီးနှင့်ကျောက်ကပ်ဆရာဝန်နဲ့ပြသပြီး ကျောက်ဖယ်ကုသသင့်ပါတယ်။      

Most Read

Most Recent