အခက်အခဲပေါင်းစုံကြားမှ ပြန်လည်ရုန်းထဖို့ကြိုးစားနေတဲ့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း

အခက်အခဲပေါင်းစုံကြားမှ ပြန်လည်ရုန်းထဖို့ကြိုးစားနေတဲ့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း
မြိတ်ကျွန်းစုရှိ ဘေလီကျွန်းကို တွေ့ရစဉ်
မြိတ်ကျွန်းစုရှိ ဘေလီကျွန်းကို တွေ့ရစဉ်
Published 29 October 2023
ဇော်မိုးဦး (မြိတ်)

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့ လှပတဲ့ ကျွန်းတွေကို အားကိုးပြီး ခရီးသည်တွေကိုဆွဲဆောင်ဖို့ စတင်လုပ်ဆောင်နေပါပြီ။ မြိတ်ကျွန်းစုလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံနေရာအနှံ့မှ ပြည်သူတွေအနေနဲ့ လှပတဲ့ကျွန်းတွေကိုပြေးမြင် ယောင်မိကြပါလိမ့်မယ်။

ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်ကာလအချိန်အခါမှာ ခရီးသွားလုပ်ငန်းကို ပြန်လည်ရုန်းထနိုင်ဖို့ စတင်ကြိုးစားနေကြပါပြီ။ မြိတ်ကျွန်းစုဒေသမှာ မုတ်သုံအားကောင်းတဲ့ ဒေသဖြစ်တဲ့အတွက် သီတင်းကျွတ်မှ သင်္ကြန်ကာလအထိသာ ခရီးသွားလုပ်ငန်းတွေအတွက် မျှော်လင့်ချက် ရှိတာပါ။ ခြောက်လကျော်သာ ကြာမြင့်တဲ့ ပွင့်လင်းရာသီအချိန်အတွင်းမှာ ခရီးသည်တွေအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုတွေကိုပေးပြီး လုပ်ငန်းရပ်တည်ကြရတာပါ။ တကယ်တော့ မြိတ်ကျွန်းစုဟာ နာမည်ကြီး ထမင်းငတ်ဖြစ်နေတာ ကြာပါပြီ။

လွန်ခဲ့တဲ့ သုံးနှစ်လောက်စတင်ပြီး ကပ်ရောဂါအနေအထားများကြောင့် ပထမဆုံးအထိနာသွားခဲ့တာက ခရီးသွားလုပ်ငန်းများပဲဖြစ်တယ်။  မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်း ရပ်နားထားရတာ သုံးနှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နာလန် ပြန်ထဖို့ ကြိုးစားကြပါသေးတယ်။ လမ်းခရီး မလုံခြုံမှုတွေကြောင့် ခရီးသွားလာမှု အတော်လေးနည်းသွားခဲ့တယ်။

အလုပ်ကိစ္စတွေနဲ့ လူမှုရေးကိစ္စတွေကြောင့် ရံဖန်ရံခါရောက်လာတဲ့ ခရီးသည်တချို့တော့ ဘုတ်တွေငှားပြီး သွားကြတာမျိုးရှိခဲ့တယ်။ ဒါကလည်း တစ်လမှာ လေးကြိမ်လောက်ပဲ ရှိခဲ့ပါတယ်။

“အခုတော့သီတင်းကျွတ်ကာလမှာ ခရီးသွားအနည်းငယ် ရောက်လာဖို့ရှိတော့ ဒါကိုမှီပြီး ကျွန်တော်တို့ပြန်စဖို့ ကြိုးစားနေကြတာပါ။ လောင်စာဆီစျေးနှုန်းတွေနဲ့ ကုန်စျေးနှုန်းတွေကြောင့် အရင်က စျေးနှုန်းတွေထက် များသွားပါပြီ”လို့ ကျွန်းခရီးစဉ်များ ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ယခုနှစ် ခရီးသွားရာသီတွင် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ လူတစ်ဦး အတွက်ဝန်ဆောင်ပေးမှု နှုန်းထားများမှာ လေးကျွန်း၊ သမီးလှကျွန်း နှစ်သိန်းကျပ်၊ ဒုံးရေတံခွန်၊ ညောင်မှိုင်း ကျွန်း (ဆလုံလူမျိုးရွာလေ့လာရေး ပါဝင်)၊ စမတ်ကျွန်း နှစ်သိန်းငါးသောင်းကျပ်၊ စမတ်ကျွန်း၊ ပဒန်းကျွန်း သုံးသိန်းကျပ်၊ ကြယ်လိပ်၊ ဘေလီ၊ စမတ်ကျွန်းကျပ်သုံးသိန်းခွဲအဖြစ် သတ်မှတ်ထားကြောင်းသိရပါတယ်။

“ကိုဗစ်ကာလမဖြစ်ခင်တုန်းက ဓာတ်ဆီတစ်လီတာကို ၅၀၀ ပဲရှိတယ်။ အခုတစ်လီတာကို ၂၀၀၀ ကျော်ရှိနေပြီ။ ရေမိုင် ၅၀ ကျော်ဝေးတဲ့ အဲဒီကျွန်းတွေကို စပိဘုတ်လောင်စာဆီဖိုး သိန်းဆယ်ချီကုန်ကျပါတယ်။ အဲဒီနှုန်းတွေက နေ့ချင်းပြန်ခရီးစဉ်တွေပါ။ ညအိပ်ခရီးစဉ်တွေဆိုရင် ဒီထက် ပိုကုန်ကျပါမယ်။ ကျွန်တော်တို့ အတွက်အကျိုးအမြတ်ကျန်လားဆိုတော့ ဘာမှကျန်မှာမဟုတ်ဘူး။ မြိတ်ကျွန်းစုရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့၊ ကျွန်တော်တို့လုပ်ငန်းတွေ စတင်လည်ပတ်လာဖို့ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ကြိုးစားနေကြတာပါ” လို့ Moe ခရီးသွားလုပ်ငန်းမှ MD ဦးမိုးဇော်က ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခရီးသွားအကြံပြုချက် ၈/၂၀၂၃ မှာလည်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ သွားလာလည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုမှာ မြိတ်ကျွန်းစုပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။ လာမယ့် ပွင့်လင်းရာသီကာလအတွင်း ဦးစား ပေးသွားလာလည်ပတ်သင့်တဲ့ ခရီး စဉ်ဒေသ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်း လေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုတို့ ပါဝင်နေတာတွေ့ရတယ်။

“အဓိကအခက်အခဲကဘာတွေ သွားတွေ့ရသလဲဆိုတော့ ရန်ကုန်-မြိတ် လေယာဉ်ခရီးစဉ်တွေက ကျပ်နေတာ။ လေယာဉ်လက်မှတ်တစ်စောင်တန်ဖိုးက ကျပ် ၁၉၀၀၀၀ ကနေ နှစ်သိန်းကျော်အထိကုန်ကျနေတယ်။ ကုန်းလမ်းခရီးကလည်း ပြည်သူတွေ မသွားလာရဲသေးဘူး။ အဲဒီတော့ လူတစ်ယောက်မြိတ်ကျွန်းစုကို လာရောက်လည်ပတ်မယ်ဆိုရင် လေယာဉ်လက်မှတ် အသွားအပြန်၊ ဟိုတယ်ခ၊ ကျွန်းခရီးစဉ်တွေ ပေါင်းလိုက်ရင် ငွေ ၁၀ သိန်းလောက်အကုန်ကျမခံနိုင်ဘဲ လည်ပတ်လို့မရတဲ့ အနေအထားဖြစ်နေတယ်။ အဲဒါတွေကလည်း အဓိကအခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ကျွန်းတွေပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် Activity တွေအကောင်းဆုံး ဖြစ်အောင်ကြိုးစားနေတယ်။ ဝန်ဆောင်မှုအပိုင်းတွေကို အတတ်နိုင်ဆုံးပေးဖို့လုပ်နေတယ်။ ပင်လယ်စာတွေ အစုံလင်ဆုံးဖြစ်အောင် ကျွေးမွေးနိုင်ဖို့လုပ်ဆောင်နေတယ်”လို့ Adman Beauty Travel & Tour မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ခရီးသွားဧည့်သည်တွေ အများဆုံးသွားရောက်လေ့ရှိတဲ့နေရာတွေကလည်း Marine Tourism ဖြစ်ပြီး ခရီးသွားအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက Marine Tourism ပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ မြိတ်ကျွန်းစု တစ်ခုတည်းကသာလျှင် Marine Tourism ကို စွဲမြဲစွာ ဝန်ဆောင်မှုပေးနေတဲ့အတွက် နိုင်ငံတော်အနေနဲ့လည်း အားပေးကူညီသင့်ပါတယ်။

“မြိတ်ကျွန်းစုမှာတော့ ခရီးသွားလုပ်ငန်း စတင်လည်ပတ်ဖို့ လုပ်ဆောင်နေပါပြီ။ ကျွန်းတွေကို ခရီးသွားလုပ်ငန်းရှင်များအသင်းက သွားရောက်ပြီး လေ့လာမှုတွေ လုပ်ထားပြီးပါပြီ။ ခရီးစဉ်တွေလည်း ရေးဆွဲ ဝန်ဆောင်မှုပေးနေပါပြီ။ အခက်အခဲက ဘာရှိသလဲဆိုတော့ မြိတ်ကျွန်းစုကိုလာရောက်ဖို့ လေယာဉ်လက်မှတ် ကုန်ကျစရိတ်တွေ၊ ကားလမ်းခရီးသွားလာဖို့ ပြည်သူတွေ မဝံ့မရဲဖြစ်နေတာတွေရှိနေတယ်”လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ပြည်တွင်းခရီးသွားတွေကိုပဲ အဓိကဝန်ဆောင်မှုပေးမှာဖြစ်ပြီး ညအိပ်ခရီးစဉ်များကိုလည်း သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ခရီးစဉ်ဒေသကြီး လေးခုရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးဆိုတဲ့ လေးခုရှိပြီး ငါးခုမြောက်ခရီးစဉ်ဒေသကြီးမှာ Marine Tourism အဖြစ် မြိတ်ကျွန်းစုကိုထည့်သွင်းနိုင်ဖို့ ဆောင်ရွက်ပေးသင့်ပါတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ကဏ္ဍတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကတော့ အခက်အခဲပေါင်းစုံ ရှိနေပါတယ်။ ဒါပေမဲ့ အခက်အခဲ ပေါင်းစုံကြားမှ ပြန်လည်ရုန်းထလာနိုင်မလား ဆိုတာကတော့  စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

 

Most Read

Most Recent