မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၂

မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၂
အောက်တိုဘာ ၁၉ ရက်က ဂါဇာနယ်စပ်တွင် ကင်းလှည့်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ် (Photo - AFP)
အောက်တိုဘာ ၁၉ ရက်က ဂါဇာနယ်စပ်တွင် ကင်းလှည့်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ် (Photo - AFP)
Published 29 October 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

“Hot Winter” စစ်ဆင်ရေး

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါလက်စတိုင်းလက်နက်ကိုင်များက ကက်ဆမ်ဒုံးကျည် ၄၀ ကျော်ဖြင့် အစ္စရေးတောင်ပိုင်းကို ပစ်ခတ်ခဲ့ပြီး အစ္စရေးစစ်တပ်ဘက်ကလည်း ဂါဇာရှိ ပါလက်စတိုင်း ပြည်ထဲရေးဝန်ကြီးဌာနအဆောက်အအုံကို ဒုံးကျည်သုံးစင်းဖြင့် ပြန်ပစ်ခတ်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးလေယာဉ်က ဂါဇာရှိ ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးဟာနီယာ နေအိမ်အနီး ရဲစခန်းတစ်ခုကို ဗုံးကြဲခဲ့ရာ ကလေး ခုနစ်ဦး သေဆုံးခဲ့သည်။ ဂါဇာ မြောက်ပိုင်းမှနေကာ ဒုံးကျည်များဖြင့်ပစ်နေသည့် လက်နက်ကိုင်များအား ဝေဟင်နှင့် မြေပြင် စစ်ဆင်ရေးများလည်းပြုလုပ်ခဲ့ပြီး လက်နက်ကိုင် ၂၃ ဦးကိုထိမှန်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ ပါလက်စတိုင်း သတင်းရင်းမြစ်များကမူ သေဆုံးသူဦးရေ တိုးထုတ်ပြန် ခဲ့ပြီး အရပ်သားအများစုလည်း သေဆုံးသည့်အထဲပါသည်ဟု ပြောသည်။

အစ္စရေး၏ ဝေဟင်နှင့်မြေပြင် စစ်ဆင်ရေးများက ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင်ခဲ့သည်။ ဂါဇာစစ်ဆင်ရေးကြောင့် တစ်ပတ်အတွင်း ပါလက်စတိုင်းဘက်မှ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ပါလက်စတိုင်းဘက်မှ ဒုံးကျည် ၁၅၀ ကျော် ဖြင့် ပြန်ပစ်သည့်အတွက် အစ္စရေး ဘက်တွင် သုံးဦးသေဆုံးခဲ့သည်။

အမေရိကန်ကမူ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တိုက်ပွဲများရပ်ကြရန် တောင်းဆိုခဲ့သည်။ ပါလက်စတိုင်းသမ္မတ မာမွတ်အား ဘတ်စ်က အစ္စရေးအား ပြင်းထန် ဝေဖန်ရှုတ်ချခဲ့ပြီး ဂါဇာတွင် အစ္စရေးတို့တိုက်ခိုက်ခဲ့မှုများသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုအပြုံ လိုက်သတ်ခဲ့မှုထက် ပိုသာသည်ဟု ပြောခဲ့သည်။

မတ် ၃ ရက်တွင် အားဘတ်စ်က အစ္စရေးနှင့် ပတ်သက်ဆက်ဆံမှု အားလုံးကို ရပ်လိုက်သည်။ အစ္စရေးအစိုးရကလည်း နောက်ထပ် ပစ်မှတ်များအတွက် စစ်လေယာဉ်များလွှတ်ကာ စစ်ဆင်ရေးကိုဆက်လုပ်မည်ဟု ကြုံးဝါးခဲ့သည်။

၂၀၀၀ ခုနှစ်တွင် တိုက်ပွဲ စဖြစ်ကတည်းက တစ်နေ့အတွင်း ပါလက်စတိုင်းသား အများဆုံး သေဆုံးမှုအဖြစ် ၅၄ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးစစ်တပ်၏ ဂါဇာစစ်ဆင်ရေးကို  အချိုးအစားမမျှစွာ အင်အားသုံးတိုက်ခြင်းဟု အီးယူ ဥရောပသမဂ္ဂက ရှုတ်ချခဲ့သည်။ ထိုစဉ်က ကုလသမဂ္ဂအတွင်းရေး မှူးချုပ်တာဝန်ကိုယူထားသူ ဘန်ကီမွန်းကလည်း အစ္စရေးက အလွန်အကျွံတုံ့ပြန်သည်ဟုဆိုကာ ရှုတ်ချခဲ့သည်။ ယင်းသို့တိုက်ခိုက်မှုများကို ရပ်ရန်လည်း ဘန်က အစ္စရေးကို မေတ္တာရပ်ခံခဲ့သည်။

မွတ်စလင်ကမ္ဘာတွင်မူ အစ္စရေး၏တိုက်ခိုက်မှုကို ချီတက်ဆန္ဒပြမှုများ ဖြစ်ပွားလာကာ အီရန်၏ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်အချုပ် အယာတိုလာ အလီ ခါမေနီက မွတ်စလင်များအား ထကြွရန် ဆော်သြခဲ့သည်။ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာထောက်ခံသူများက လက်ဘနွန်-အစ္စရေးနယ်စပ်ရှိ ဖာတီမာ နယ်စပ်ဂိတ်တွင်စုဝေးပြီး လက်ဘနွန်နှင့် ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ အစ္စရေး ကျဆုံးပါစေဟု ဟစ်ကြွေးခဲ့ကြသည်။

အီဂျစ်တက္ကသိုလ်များ ဆန္ဒပြမှုတွင်  ကျောင်းသားကျောင်းသူများက ပါလက်စတိုင်းကိုထောက်ခံရန် အာရပ်ခေါင်းဆောင်များအား တောင်းဆိုကြသည်။ အစ္စရေးနှင့် အမေရိကန်အလံများကို မီးရှို့သူ များလည်းရှိသည်။ ဆော်ဒီအာရေဗျကမူ အစ္စရေး၏စစ်ဆင်ရေးကို နာဇီစစ်ရာဇဝတ်မှုများနှင့် ခိုင်းနှိုင်းကာ စစ်ဆင်ရေးကိုတားပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။

ထိုစဉ်က တေးရစ်အာဒိုဂန် တူရကီဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေချိန်ဖြစ်ပြီး အာဒိုဂန်က ပဋိပက္ခကို သံတမန်နည်းဖြင့် ဖြေရှင်းရန် အစ္စရေးဘက်က လက်မခံခဲ့ဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊ မတ် ၃ ရက်တွင် အစ္စရေးတင့်ကားများနှင့် စစ်သားအများစု ဂါဇာမြောက်ပိုင်းမှဆုတ်ခွာခဲ့ပြီး ငါးရက်ကြာပြီးနောက် အစ္စရေးစစ်တပ်က စစ်ဆင်ရေးကို ရပ်လိုက်ပြီဟု ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် အစ္စရေးစစ်တပ်ပြုလုပ်ခဲ့သည့် “Hot Winter” ခေါ် “Warm Winter” စစ်ဆင်ရေးသည်  ဂါဇာ ကမ်းမြောင်မှ ဟားမာ့စ်အုပ်စု၏ ကက်ဆမ်ဒုံးကျည် တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်းဖြစ်သည်။ ပါလက်စတိုင်းဘက်မှ ၁၁၂ ဦး သေဆုံးပြီး အစ္စရေးဘက်မှ သုံးဦးသာ သေဆုံးသည်။ ပါလက်စတိုင်းသား ၁၅၀ ကျော်၊ အစ္စရေးနိုင်ငံသား ခုနစ်ဦး ဒဏ်ရာရသည်။

ထိုအခြေအနေကြောင့် အီးယူက အစ္စရေးကို ဒုံးကျည်များဖြင့် မပစ်ရန် ပါလက်စတိုင်းဘက်ကို တောင်းဆိုပြီး အရပ်သားများကို အန္တရာယ်ရှိစေသည့်  လုပ်ရပ်များကို ရပ်တန့်ရန် အစ္စရေးဘက်ကိုလည်း တောင်းဆိုခဲ့သည်။

၂၀၀၈ အစ္စရေး-ဟားမာ့စ် အပစ်ရပ်စဲမှု

ဂါဇာဒေသအတွက် အီဂျစ်က ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ၂၀၀၈ အစ္စရေး-ဟားမာ့စ် အပစ်အခတ် ရပ်စဲရေးသက်တမ်းက ခြောက်လ ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဇွန် ၁၉ ရက်တွင် စတင်အကောင်အထည်ဖော်သည်။

ဟားမာ့စ်ဘက်က အစ္စရေးကို ဒုံးကျည်များဖြင့်မပစ်ရန် သဘော တူပြီး ပထမငါးလအတွင်း ဂါဇာ ဘက်မှ ပစ်ခတ်မှုများ ၉၈ ရာခိုင် နှုန်းအထိ သိသိသာသာလျော့သွားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူ အတည်ပြုချက်အရ နိုဝင်ဘာ ၄ ရက် မတိုင် မီအထိ ဟားမာ့စ်ဘက်မှ မည်သည့် ဒုံးကျည်မှ မပစ်ခဲ့ပေ။

အစ္စရေးဘက်ကမူ ဂါဇာကို မတိုက်ခိုက်ရန်၊ အပစ်ရပ်စဲရေး စတင်သည်နှင့် ဂါဇာကိုပိတ်ဆို့ထားသည်များ တဖြည်းဖြည်းဖြေ‌လျှော့ပေးသွားရန် သဘောတူခဲ့ရသည်။

ထို့ပြင် ၇၂ နာရီအတွင်း ဂါဇာသို့ ကုန်ဝင်ခွင့် ၃၀ ရာခိုင်နှုန်းတိုးပေးရန်၊ ၁၃ ရက်အတွင်း နယ်စပ်ဂိတ်အားလုံးကို ပြန်ဖွင့်ပေးရန်နှင့် ဂါဇာသို့ ယခင်က သယ်ပို့ခွင့်တားမြစ်ထားသည့် ပစ္စည်းအားလုံးကို သယ်ပို့ခွင့်ပြုရန်ပါ အစ္စရေးဘက်ကို တောင်းဆိုခဲ့သည်။ ဂါဇာသို့ စားစရာ ၊ ရေ ၊ ဆေးဝါးနှင့် လောင်စာဆီ အဝင် တိုးလာခဲ့သည်မှာ မှန်သော်လည်း နှစ်လကြာပြီးသည်အထိ ရောက်သည့်ကုန်ပမာဏ ရာခိုင်နှုန်းမှာ နည်းလွန်းနေခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင်  အစ္စရေးဘက်က အပစ်ရပ်စဲမှုကို ချိုးဖောက်ကာ ဂါဇာကို တိုက်ခဲ့သည်။နယ်စပ်ခြံစည်းရိုးမှ မီတာ ၂၅၀ အကွာတွင် တာဝန်ကျ သည့် အစ္စရေးစစ်သားများကို ဖမ်း ရန် ဟားမာ့စ်က အသုံးပြုရန်ကြံရွယ်ထားသည့် လိုဏ်ခေါင်းကို ပစ်မှတ်ထားတိုက်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

ဟားမာ့စ်ဘက်ကမူ ယင်းလိုဏ်ခေါင်းသည် ခုခံကာကွယ်ရေးအတွက်သာဖြစ်ပြီး အစ္စရေးစစ်သားများကိုဖမ်းရန် တူးထားခြင်း မဟုတ်ဟု တုံ့ပြန်ခဲ့သည်။ အစ္စရေးဘက်ကိုလည်း ဒုံးကျည်ဖြင့်တရစပ် လက်တုံ့ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ခြောက်လကြာ အပစ်ရပ်စဲရေး သက်တမ်းပြည့်သွားသည့်အခါ ဟားမာ့စ်အဖွဲ့က သုံးရက်အတွင်း အစ္စရေးဘက်ကို ဒုံးကျည်များ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် အပစ်ရပ်ပြီး အပစ်ရပ်စဲရေးသဘောတူညီချက် ကို ပြန်စရန်အသင့်ဟု ဟားမာ့စ် ဘက်က ပြောလာသည်။ သို့သော် ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် အစ္စရေးက Cast Lead စစ်ဆင်ရေးကို အကောင်အထည်ဖော်လိုက်သည်။

ဂါဇာစစ်ပွဲ (၂၀၀၈-၂၀၀၉ ခုနှစ်)

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် အစ္စရေးက ဂါဇာကမ်း မြောင်ဒေသတွင် စစ်ဆင်ရေးကြီး တစ်ခု လုပ်ဆောင်ခဲ့ရာမှ Operation “Cast Lead” ဟု အမည်ဝှက်ပေးထားသည့် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ဟားမာ့စ်တို့က အစ္စရေးတောင်ပိုင်းအား ရော့ကတ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းနှင့် ဂါဇာဒေသဆီသို့ လက်နက်မှောင်ခိုသွင်းခြင်းကို တားဆီးရန်ဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ထိုစစ်ပွဲကို အာရပ်ကမ္ဘာတွင် ဂါဇာလူသတ်ပွဲဟုလည်း ခေါ်ဆိုခဲ့သည်။ အစ္စရေးနှင့် ဟားမာ့စ်လက်နက်ကိုင်အဖွဲ့အကြား ထိရှလွယ်သည့် ခြောက်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် သက်တမ်း ကုန်ဆုံးခဲ့သည်။

အစ္စရေးသည် ဟားမာ့စ်တို့၏ အခြေစိုက်စခန်းများ၊ ရဲဘက်ဆိုင်ရာ လေ့ကျင့်ရေးစခန်းများ၊ ရဲဌာနချုပ်များနှင့် ရုံးများကို ပစ်မှတ်ထား၍ ဂါဇာဒေသတွင် ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ကာ စစ်ဆင်ရေးကို စတင်ခဲ့သည်။

အစ္စရေးက ဟားမာ့စ် တိုက်ခိုက်ရေးသမားများ ခိုအောင်းပြီး လက်နက်နှင့် ရော့ကတ်ဒုံးကျည်များ သိုလှောင်ရာနေရာများအဖြစ် အသုံးပြုနေသည်ဟု အကြောင်းပြလျက် ဗလီများ၊ လူနေအိမ်များ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများကိုပါ တိုက်ခိုက်ခဲ့သည်။

ဟားမာ့စ်အဖွဲ့ကလည်း အဆိုပါ စစ်ပွဲတစ်လျှောက်လုံးတွင် အစ္စရေးရှိ ပစ်မှတ်များကို ဒုံးကျည်များ၊ မော်တာများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ယခင်က ပစ်မှတ်ထားခြင်းမရှိသည့် ဘီအာရှီဘာနှင့် အက်ရှ်ဒေါ့ကဲ့သို့ မြို့များကိုပါ တိုက်ခိုက်လာခဲ့သည်။  

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးက မြေပြင်ကျူးကျော်မှု စတင်ခဲ့ကာ အစ္စရေးနှင့်ဟားမာ့စ် နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက စွပ်စွဲခဲ့သည်။

အဆိုပါစစ်ပွဲတွင် ပါလက်စ တိုင်း ၁,၁၀၀ ကျော်မှ ၁,၄၀၀ ကျော်အထိ သေဆုံးခဲ့ပြီး အစ္စရေးဘက်တွင် ၁၃ ဦး သေဆုံးခဲ့သည်။ အစ္စရေးနှင့် ဟားမာ့စ်တို့က ၎င်းတို့ ဘက်မှ အပစ်အခတ်ရပ်စဲကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်တွင် စစ်ပွဲ ပြီးဆုံးခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသမှ အပြီးတိုင် ရုပ်သိမ်းခဲ့သည်။ အစ္စရေး၏ ထိုးစစ်ဆင်မှုအပြီးတွင် အဓိကအားဖြင့် ဂါဇာဒေသ ပြန်လည် ထူထောင်ရေးအတွက် ရည်ရွယ်လျက် ပါလက်စတိုင်းများအတွက် အကူအညီ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ပေးအပ်မည်ဟု နိုင်ငံတကာအလှူရှင်များက မတ် ၂ ရက်တွင် ကတိကဝတ်ပြုခဲ့သည်။

ယင်းစစ်ပွဲသည် ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲနောက်ပိုင်း အစ္စရေးက ဂါဇာတွင် လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံး၊ အပျက်အစီး အများဆုံးနှင့် လူသေဆုံးမှုအများ ဆုံး ဖြစ်စေသော စစ်ဆင်ရေးအဖြစ် ယူဆခံခဲ့ရသည်။

အစ္စရေး-ဂါဇာတိုက်ပွဲ (၂၀၁၀ ပြည့်နှစ် မတ်လ)

၂၀၁၀ ပြည့်နှစ် မတ်လ ၂၆ ရက်က ဂါဇာကမ်းမြောင်ဒေသ၏ တောင်ပိုင်းနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း အစ္စရေးစစ်သား နှစ်ဦးနှင့် ဟားမာ့စ်တိုက်ခိုက်ရေးသမား နှစ်ဦး သေဆုံးခဲ့သည်။ ခန်းယူနစ်စ်မြို့ အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နောက်ထပ်စစ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။

ယင်းသည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် အစ္စရေးက ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲပြီးနောက်ပိုင်း ဂါဇာဒေသနှင့် အနီးတစ်ဝိုက်တွင် ရန်သူ၏ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားများ ပထမဆုံးအကြိမ် သေဆုံးခဲ့ခြင်းဖြစ်သည်။

အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု (၂၀၁၁ ခုနှစ်)

၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က အီဂျစ်နှင့်နယ်စပ်အနီး၊ အစ္စရေးတောင်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့ငယ်တစ်ဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး လက်နက်ကိုင်များသည် အရပ်သားများ လိုက်ပါလာသည့် ဘတ်စ်ကား တစ်စီးကို စတင်ပစ်ခတ်ခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် အစ္စရေး-အီဂျစ် နယ်စပ်တစ်လျှောက်၌ ကင်းလှည့်နေသည့် အစ္စရေးတပ်ဖွဲ့ဝင်များအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ တတိယမြောက် တိုက်ခိုက်မှုအဖြစ် ပုဂ္ဂလိကပိုင် ယာဉ်တစ်စီး တင့်ဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် အရပ်သားလေးဦး သေဆုံးခဲ့သည်။

“Returning Echo” စစ်ဆင်ရေး

အစ္စရေးကာကွယ်ရေးတပ် (IDF) က ၂၀၁၂ ခုနှစ် မတ်လ ဒုတိယသီတင်းပတ်အတွင်း “Returning Echo” ဟု အမည်ပေး ထားသည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ယင်းသည် ၂၀၀၈-၂၀၀၉ ခုနှစ် “Cast Lead” စစ်ဆင်ရေး နောက်ပိုင်း ၎င်းဒေသတွင် မီဒီယာများက ရေးသားဖော်ပြခဲ့သည်များအနက် အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံးဖြစ်ခဲ့သည်။

“Pillar of Defense” စစ်ဆင်ရေး

၂၀၁၂ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် အစ္စရေးနှင့် ဂါဇာလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာခဲ့ပြီး အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဂါဇာဒေသ၏ ဟားမာ့စ်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ အာမက်ဂျာဘရီ သေဆုံးခဲ့သည်။

၎င်းစစ်ဆင်ရေးတွင် ပါလက်စတိုင်းဘက်မှ ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားတစ်ဦးနှင့် အရပ်သားလေးဦး သေဆုံးကာ ပါလက်စတိုင်း ၁၅၈ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အရပ်သား ၁၀၂ ဦး၊ လက်နက်ကိုင် ၅၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေ ဆုံးခဲ့သည်ဟု ပါလက်စတိုင်း လူ့အခွင့်အရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ကလေးငယ် ၃၀ ဦးနှင့် အမျိုးသမီး ၁၃ ဦး သေဆုံးခဲ့သည်ဆိုသော်လည်း အစ္စရေးကာကွယ်ရေးတပ်ကမူ ပါလက်စတိုင်း ၁၇၇ ဦး သေဆုံးသည့်အနက် ၁၂၀ ဦးသည် စစ်သွေးကြွများ ဖြစ်သည်ဟု ကိန်းဂဏန်းများ ထုတ်ပြန်ခဲ့သည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲအများစုတွင် ဗုံးများဖြင့်တိုက်ခိုက်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ရော့ကတ်ဒုံး ကျည်များဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းတို့က ရော့ကတ်ဒုံးကျည်များကို အဓိက အသုံးပြုခဲ့ကာ အစ္စရေးကမူ လေကြောင်းတိုက်ခိုက်မှုများကို အဓိက လုပ်ဆောင်ခဲ့သည်။

တိုက်ခိုက်ခံခဲ့ရသည့် နေရာ ဒေသများထဲတွင် ဘီအာရှီဗာ၊ တဲ အဗစ်၊ အက်ရှ်ဒေ့ါ၊ အိုဖာကင်၊ ဂါဇာကမ်းမြောင်ဒေသနှင့် ၎င်းဒေသ၏ အခြားနေရာများ၊ ရှားဟာနီဂက်ဗ်နှင့် အက်ရှ်ကိုးလ်ဒေသကောင်စီတို့ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အခြားသော အနောက်နိုင်ငံများက အစ္စရေး၏ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ပြသခဲ့ပြီး ပါလက်စတိုင်းတို့က အစ္စရေးအား ရော့ကတ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။

အီရန်၊ အီဂျစ်၊ တူရကီနှင့် အခြားသော အာရပ်နှင့် မွတ်စလင်နိုင်ငံများနှင့် မြောက်ကိုရီးယားတို့ကမူ အစ္စရေး၏ စစ်ဆင်ရေးကို ရှုတ်ချခဲ့သည်။

Most Read

Most Recent