''မနှစ်သက်သော စကားလုံး''
အင်ဖလေးရှင်းဆိုလျှင် ယေဘုယျအားဖြင့် ဈေးနှုန်းများမြင့်တက်နေခြင်း၊ ငွေကြေးဖောင်းပွခြင်းဟု အဓိပ္ပာယ်ရသည်။ ယခုပြောပြချင်သည်မှာ အင်ဖလေးရှင်းထက် ဆိုးသည့်အခြေအနေဖြစ်သည်။ အကယ်၍ အင်ဖလေးရှင်းကို “အကျည်းတန်” သည့် အခြေအနေဟုဆိုပါက ထို့ထက်ပိုဆိုးသောအခြေအနေဖြစ်သဖြင့် အတော်အကျည်းတန်၊ အရုပ်ခပ်ဆိုးဆိုးဟုခေါ်ရမည်။ ထိုအခြေအနေမျိုးကို စတက်ဖလေးရှင်း (stagflation) ဟု ခေါ်ကြသည်။ ဘောဂဗေဒသုတေသီအချို့ကလည်း စတက်ဖလေးရှင်းဝေါဟာရကို ရုပ်ဆိုးဆိုးစကားလုံး (ugly word) ဟု တင်စားခေါ်ဝေါ်ခဲ့ဖူးသည်။ မည်သူမှမနှစ်သက်ကြသဖြင့် ထိုသို့ခေါ်ခြင်းဖြစ်မည်ထင်၏။
စတက်ဖလေးရှင်းသည် စတက်နေးရှင်း (stagnation) နှင့် အင်ဖလေးရှင်း (inflation) တို့ကို ပေါင်းစပ်ခေါ်ဝေါ်ထားသည့် ဝေါဟာရဖြစ်ပြီး ငွေကြေးဖောင်းပွခြင်းနှင့်စီးပွားရေးတုံ့ဆိုင်းခြင်းတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်နေသည့်အခြေအနေဖြစ်သည်။ နိုင်ငံ့စီးပွားရေးသည် ငွေကြေးဖောင်းပွမှုမြင့်မားနေပြီး အလုပ်လက်မဲ့ များပြားခြင်းနှင့်အတူ စီးပွားရေးတိုးတက်နှုန်းနှေးကွေးသည့်အချိန်အခါမျိုးတွင်ရှိနေသည်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသည်ဟုဆိုရာ၌ အလားအလာရှိသော တိုးတက်မှုနှုန်းထက် သိသာစွာပိုမိုနှေးကွေးလာနေခြင်း (သို့မဟုတ်) တုံ့ဆိုင်းနေခြင်းဖြစ်သည်။ ထိုအခြေအနေသည် အချိန်ကာလ ကြာရှည်စွာ ဖြစ်တည်နေပြီး အကျိုးဆက်အားဖြင့် အလုပ်လက်မဲ့နှုန်း မြင့်မားလာခြင်း၊ ဝင်ငွေအဆင့်များ နိမ့်ကျလာခြင်းများဖြစ်ပေါ်လာပြီးနောက် စားသုံးသူများ၏ ဝယ်လိုအားကျဆင်းမှုကိုပါကူးစက်ဖြစ်ပေါ်လာတတ်သည်။
''ငွေဖောင်းပွမှု၏ အကျိုးဆက် စတက်ဖလေးရှင်း''
အင်ဖလေးရှင်း (inflation) ဟုခေါ်သည့် ငွေဖောင်းပွမှုသည် စီးပွားရေးအဆောက်အအုံထဲရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ (အထွေထွေ ကုန်ဈေးနှုန်းအဆင့်) များ မြင့်မားနေသည့်အခြေအနေဖြစ်သည်။ ဈေးနှုန်းများမြင့်မားလာလျှင် ထုတ်လုပ်သူများအတွက် အမြတ်အစွန်းမက်လုံးများ ပိုမိုဖြစ်ပေါ်လာပြီး ထုတ်လုပ်မှုများ တိုးချဲ့လာနိုင်သည်။ ကုန်ကြမ်းများနှင့် အလုပ်သမား ပိုမိုလိုအပ်လာနိုင်သည်။ ထို့ကြောင့် ကုန်ကြမ်းဝယ်လိုအား၊ ရောင်းလိုအားသည်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများသည်လည်းကောင်း များပြားလာနိုင်သည်။ ထိုမှတစ်ဆင့် ဝင်ငွေပမာဏများမှာလည်း တိုးမြင့်လာနိုင်သည်။
ငွေဖောင်းပွခြင်းသည် ကောင်းမွန်သော အကျိုးဆက်အားဖြင့် စီးပွားရေးအဆောက်အအုံအတွင်း အခြားသောကဏ္ဍများကိုပါ တစ်နွယ်ငင်တစ်စင်ပါအခြေအနေကောင်းများ ဖန်တီးဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ငွေကြေးဖောင်းပွခြင်းသည် စျေးနှုန်းများမြင့်တက်လာသဖြင့် ဝယ်ယူစားသုံးသူများက မနှစ်သက်ကြသော်လည်း စီးပွားရေးအဆောက်အအုံအတွင်း အတိုင်းအတာတစ်ခုအထိ ကောင်းကျိုးဖြစ်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် ငွေကြေးဖောင်းပွမှုဖြစ်တိုင်း ကောင်းမွန်သည့်ရလဒ်များရရှိသည် မဟုတ်ပေ။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ်မှုအခြေအနေတို့နှင့် သင့်လျော်စွာဖြစ်နေသော ငွေကြေးဖောင်းပွမှုနှုန်းသာလျှင် ကောင်းမွန်သော အကျိုးဆက်များ ဖြစ်ထွန်းစေသည်။ မြင့်မားလွန်းသော၊ အချိန်ကာလကြာမြင့်စွာဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုမျိုးမှာ အကျိုးဆက်အဖြစ် ဆိုးရွားသော ရလဒ်များကိုသာ ဖြစ်ပေါ်လာစေနိုင်သည်။
ထိုသို့ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်၍ ဈေးနှုန်းများမြင့်တက်လာနေသော်လည်း ထုတ်လုပ်မှုတိုးတက်လာခြင်းမရှိ၊ ဝင်ငွေပမာဏတိုးတက်လာခြင်းမရှိ၊ အလုပ်အကိုင်အခွင့်အလမ်းများမှာ ပိုမိုများပြားလာခြင်းမရှိသည့်အပြင် မူလအခြေအနေထက်ပို၍ ဆိုးရွားကာ လျော့နည်းလာသည့် အခြေအနေသည် စတက်ဖလေးရှင်း အရိပ်အယောင်စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
''နှစ်သက်သူမရှိ''
စီးပွားရေးအဆောက်အအုံတစ်ခုထဲ၌ ကုန်ပစ္စည်းမျိုးစုံတို့၏ ဈေးနှုန်းများ မြင့်တက်နေကြသော် လည်း (မြင့်တက်နေသော ဈေးနှုန်းများနှင့် တွက်ချက်ထားသည့် ကုန်ထုတ်လုပ်မှုပမာဏမှာ ကိန်းဂဏန်းစာရင်းအားဖြင့် ကြီးမားနေသည့်တိုင်) ထုတ်လုပ်မှုကဏ္ဍ၏ အမှန်တကယ် တိုးတက်မှုနှုန်းမှာ တိုးမြင့်မှုမရှိအခြေအနေ သို့မဟုတ် တုံ့ဆိုင်းနေသည့် အခြေအနေမျိုးဖြစ်နေသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သည့်အခြေအနေမရှိ၊ ဝင်ငွေအဆင့် မြင့်မားလာစေနိုင်သည့် အလားအလာလည်းမရှိပေ။
စတက်ဖလေးရှင်းသည်အင်ဖလေးရှင်းကဲ့သို့ ထုတ်လုပ်ရောင်းချသူများကို အထောက်အပံ့မဖြစ်စေသကဲ့သို့ ဝယ်ယူစားသုံးသူများအတွက်လည်း ကောင်းကျိုးဖြစ်ထွန်းမှုမရှိသောကြောင့် မည်သူမျှနှစ်သက်မှုမရှိကြ။ စတက်ဖလေးရှင်းသည် နိုင်ငံ့တစ်နိုင်ငံ စီးပွားရေးအတွက်စိုးရိမ်စရာ ကိုင်တွယ်ဖြေရှင်းရခက်ခဲသည့် အခြေအနေမျိုးဟုလည်း စီးပွားရေးပညာရှင်အချို့ကလည်း မှတ်ချက်ပြုဖူး၏။
''စတက်ဖလေးရှင်းကို ခြေရာကောက်ကြခြင်း''
ကြုံခဲ့ရသည့် စတက်ဖလေးရှင်းများနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များ၊ သုတေသီများက အကြောင်းအမျိုးမျိုးကို ဖော်ထုတ်ခဲ့ကြသည်။ စစ်ပွဲများနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ဖြစ်ရသည့် ရောင်းလိုအားရှော့ခ် (ရောင်းလိုအား ရုတ်ခြည်း အကြီးအကျယ်ကျဆင်းသွားခြင်း) ကြောင့်ဟု သုံးသပ်မှုများလည်းရှိခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှင့် သင့်လျော်မှုမရှိဘဲ လည်ပတ်နေသည့် ငွေကြေးပမာဏကြောင့်ဖြစ်သည်ဟုလည်း သုံးသပ်ခဲ့ကြဖူးသည်။ လွန်ခဲ့သော ၁၉၇၀၊ ၁၉၈၀ ခုနှစ်များက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ကြုံခဲ့ရသော စတက်ဖလေးရှင်းနှင့် ပတ်သက်၍ ရောင်းလိုအား ဦးစားပေး ဘောဂဗေဒပညာရှင်များ (supply-side economists)၊ ဘဏ္ဍာရေးဆိုင်ရာ ဘောဂဗေဒသမားများ၊ ငွေကြေးဆိုင်ရာ ဘောဂဗေဒသမားများက ကျွမ်းကျင်ရာရှုထောင့်များမှ အကြောင်းရင်း များ ဖော်ထုတ်ခဲ့ကြဖူးသည်။
ကိန်းစ် ဘောဂဗေဒသမားများ၏အဆိုအရ ရေနံစျေးနှုန်းမြင့်တက်ခဲ့မှုကြောင့်လုပ်ငန်းများ အသုံးစရိတ်ရှော့ခ်ဖြစ်ခဲ့ခြင်း (အသုံးစရိတ်များမြင့်တက်ခဲ့ခြင်း)၊ အလုပ်သမားသမဂ္ဂများက လုပ်ခလစာ ပိုမိုတောင်းဆိုမှုကြောင့် စရိတ်တွန်းအားပေးငွေကြေးဖောင်းပွမှု (cost-push inflation) ဖြစ်ခဲ့ခြင်း၊ အနာဂတ်ကာလများ၌ငွေကြေးဖောင်းပွမှုပိုမိုဖြစ်ပေါ်မည်ဟု မှန်းဆချက်များ ရှိခဲ့ခြင်းနှင့် လုပ်သားအင်အား ဖွဲ့စည်းမှုအပြောင်းအလဲအောက်၌ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်းတို့ ကြောင့် စတက်ဖလေးရှင်းဖြစ်ခဲ့သည်ဟု ထောက်ပြခဲ့ကြသည်။
အစိုးရ၏ အခွန်အခမြင့်မားမှု၊ အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများပြားမှုကြောင့် လုပ်ငန်းအသုံးစရိတ်မြင့်တက်လာမှု၊ အစိုးရ၏ ကာကွယ်ရေးအသုံး စရိတ် မြင့်မားလာမှု၊ အစိုးရ၏ လွှဲပြောင်းပေးငွေ (transfer payment) ပမာဏလျော့ကျသွားမှုကိုလည်း စတက်ဖလေးရှင်းဖြစ်စေသည့်အကြောင်းများအဖြစ် သုံးသပ်ခဲ့သူများရှိခဲ့သည်။ ငွေကြေးဆိုင်ရာ ဘောဂဗေဒပညာရှင်များကမူ ကိန်းစ်ဝါဒသမားများ၏ ငွေကြေးပေါ်လစီကို လိုက်နာခဲ့သောကြောင့် စတက်ဖလေးရှင်းဖြစ်ခဲ့သည်ဟု ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ လူဦးရေတိုးနှုန်း ကျဆင်းလာမှု၊ တီထွင်ဆန်းသစ်မှု အပြောင်းအလဲများ၊ နယ်မြေတိုးချဲ့စစ်ပွဲများ၊ ဂေဟဗေဒ ဆိုင်ရာအကန့်အသတ်များ၊ မညီမျှသော ဥစ္စာဓနခွဲဝေမှု၊ လူဦးရေအနည်းငယ်ကသာ စီးပွားရေးလုပ်ပိုင်ခွင့်များစွာကို ထိန်းချုပ်ထားမှု စသည်ဖြင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများအပေါ်မူတည်၍ ဝိဝါဒကွဲပြားလျက်ရှိသော စတက်ဖလေးရှင်း၏ အကြောင်းရင်းဇာစ်မြစ်များကို ဖော်ထုတ်ခဲ့ကြသည်။
''စတက်ဖလေးရှင်းကို ကျော်ဖြတ်နိုင်ရေး''
စျေးနှုန်းများမြင့်တက်ခြင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းနေခြင်းနှင့် အလုပ်လက်မဲ့အခြေအနေ ဆိုးရွားလာခြင်းတို့ကို အခြေအနေတစ်ခုချင်းအလိုက် သီးခြားစီဖြေရှင်းခြင်းဖြင့် စတက်ဖလေးရှင်းအန္တရာယ်ကို ကျော်လွှားနိုင်မည် မဟုတ်ပေ။ သက်ဆိုင်သည့်ပေါ်လစီများကို အချိတ်အဆက်မိမိ၊ ဟန်ချက်ညီနိုင် ကျင့်သုံးနိုင်မှ လိုရာ ရည်မှန်းချက်ရောက်ရှိမည်ဖြစ်သည်။
ရောင်းလိုအားဘောဂဗေဒသမားများက စုစုပေါင်းရောင်းလိုအားတိုးမြင့်စေခြင်း၊ အခွန်လျှော့ချဖြတ်တောက်ခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ လုပ်ထုံးလုပ် နည်းများဖြေလျှော့ပေးခြင်းတို့ဖြင့် အဖြေရှာသည်။ အချို့ကလည်း အဓိကမေခရိုစီးပွားရေး ပေါ်လစီနှစ်ခုဖြစ် သည့် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) နှင့် ငွေကြေးပေါ်လစီ (MonetaryPolicy) နှစ်ရပ်ကို ပေါင်းစပ်သုံးရန်ကြိုးစားကြသည်။ အသုံးစရိတ် တိုးချဲ့သုံးစွဲသည့် အချဲ့ဘဏ္ဍာရေးပေါ်လစီ (expansionary fiscal policy ) နှင့် အတိုးနှုန်းမြှင့်တင်မှုများပြုလုပ်လျက် စီးပွားရေးအရှိန်ကိုလျော့ကျလာစေသည့် ငွေကြေးပမာဏကို တင်းကျပ်စွာ ကိုင်တွယ်သော ငွေကြေးပေါ်လစီ (tight monetary policy) တို့ကို ပူးတွဲအသုံးပြုခြင်း ဖြစ်လာနိုင်သည့်ရလဒ်ကိုလည်း စိတ်ဝင်စားမှုရှိနေကြသည်။ ၁၉၈၁ ခုနှစ် ဘောဂဗေဒ နိုဗယ်ဆုရှင် စီးပွားရေးပညာရှင် ဂျိန်းတိုဘင် (James Tobin) က ဘဏ္ဍရေးပေါ်လစီနှင့် ငွေကြေးပေါ်လစီ နှစ်ရပ်ပေါင်းစပ်အသုံးပြုမှုကို လက်ခံသူဖြစ်သည်။
စတက်ဖလေးရှင်းသည် ရှုပ်ထွေးသောဖြစ်စဉ်ဖြစ်သဖြင့် လိုအပ်သည့်ပေါ်လစီများကို ချင့်ချိန်စဉ်းစား၍ ပေါင်းစပ်အသုံးပြုခြင်းမှတစ်ပါးအခြားနည်းလမ်းများဖြင့်ကိုင်တွယ်ဖြေရှင်းရန်ဖြစ်နိုင်မည် မဟုတ်ဟု ယူဆကြသည်။ ထိုယူဆချက်သည်လည်း အခြေအနေနှင့် အချိန်အခါပေါ်တွင်သာ မူတည်သည်ဟု ဆိုပြန်သည်။ စတက်ဖလေးရှင်းပစ်မှတ်ကို အနီးစပ်ဆုံးထိနိုင်မည့် ပေါင်းစပ်ပေါ်လစီကိရိယာအတွက် ပြည်တွင်းအခြေအနေအပြင် နိုင်ငံတကာစီးပွားရေးဝန်းကျင်များနှင့်ဆက်စပ် ပတ်သက်မှုများကိုပါ ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပေလိမ့်မည်။