စားသုံးသူ၏ အခန်းကဏ္ဍနှင့်  စားသုံးသူအခွင့်အရေး   

စားသုံးသူ၏ အခန်းကဏ္ဍနှင့်  စားသုံးသူအခွင့်အရေး   
Published 17 March 2024
 ကြယ်စင်ဖေသင် 

(၁)

ဈေးကွက်စီးပွားရေးစနစ်ဖြင့် လည်ပတ်နေသည့် စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း စားသုံးသူအခွင့်အရေးဟူသည် မကြာခဏကြားရသည့် ဝေါဟာရဖြစ်လာသည်။ ဈေးကွက်ထဲတွင် ဝယ်ယူစားသုံးသူနှင့် ရောင်းချသူဟူ၍ နှစ်မျိုးရှိရာ ထိုနှစ်မျိုးအနက် မည်သည့်လူအမျိုးအစားက အရေးကြီးဟု မေးလာခဲ့လျှင်  နှစ်မျိုးစလုံးရှိမှသာ ဈေးကွက်ဖြစ်ပေါ်သဖြင့် ဝယ်ယူစားသုံးသူနှင့် ရောင်းချသူ နှစ်မျိုးစလုံး အရေးကြီးသည်ဟုသာဆိုရမည်။ သို့သော် သုတေသီများ၊ ကျွမ်းကျင်သူများက စားသုံးသူသည်ပို၍အရေးကြီးကြောင်း ဖော်ထုတ်ခဲ့ကြ၏။ ဝယ်ယူစားသုံးသူကို ဈေးကွက်၏ဘုရင် (Consumer   is the king of market) ဟုပင်တင်စားခေါ်ဝေါ်နေကြသည်။ ဤသို့ဆိုလျှင် စားသုံးသူ၏ အခန်းကဏ္ဍသည်ပို၍အရေးကြီးသည်ဟု ကောက်ချက်ချရမည်လော။မည်သိုပင်ဆိုစေကာမူ စားသုံးသူ နှင့် စားသုံးသူအခွင့်အရေးအကြောင်းတို့သည် စိတ်ဝင်စားဖွယ်အကြောင်းအရာဖြစ်လာသည်။         

ဘောဂဗေဒဘာသာရပ်တွင်စားသုံးခြင်း (Consumption) သည်ကုန်စည်နှင့် ဝန်ဆောင်မှုကို အသုံးပြုခြင်းဟု နားလည်ထားသည်။ တစ်နည်းဆိုသော် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို တိုက်ရိုက်အသုံးပြုမှု (စားသုံးခြင်း) ပြုလုပ်ရန်ဖြစ်စေ၊ (လက်ရှိ သို့မဟုတ် အနာဂတ်ကာလကာလ) အသုံးဝင်မှုတစ်ခုအတွက်ဖြစ်စေ၊ အခြားသော အကြောင်းအမျိုးမျိုးအတွက်ဖြစ်စေဝယ်ယူအသုံးပြုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်သော သူတို့ကို စားသုံးသူများဟုခေါ်သည်။  ဝယ်ယူစားသုံးသူများသည် စျေးကွက်ယန္တရားကို လည်ပတ်လှုပ်ရှားစေရေးအတွက် ကနဦးလှုံ့ဆော်မှုပြုနိုင်သည့် အင်အားစုလည်းဟုလည်း ယူဆကြသည်။

(၂)

အမေရိကန် စိတ်ပညာရှင် ၏ Hierarchy Of Needs Theory အရဆိုလျှင် လူတို့ (စားသုံးသူ)  အသက်ရှင်ရပ်တည်နိုင်ရေးလိုအပ်ချက်များ  ( physiological needs) အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုစားသုံးခြင်း (အသုံးပြု ခြင်း) ကို အခြေခံအဆင့်မှာပင် ပြုလုပ်နေကြရသည်ကို သတိပြုလေ့လာ နိုင်သည်။ အသက်ရှင်ရပ်တည်မှုအတွက်လည်းကောင်း၊ အသက်အိုးအိမ်စည်းစိမ်၊ အလုပ်အကိုင်လုံခြုံစိတ်ချမှုအတွက်လည်းကောင်း၊ ရင်းနှီးခင်မင်ကျွမ်းဝင်မှုအတွက် လည်းကောင်း၊ လေးစားတန်ဖိုးထားမှုရရှိရန် လိုအပ်ချက်နှင့် မိမိကိုယ်မိမိယုံကြည်မှုရှိစွာဖြင့် တီထွင်ဖန်တီးမှုအတွက်လည်းကောင်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေကြရသည်။ ထို့ကြောင့် စားသုံးသူများသည် စားသုံခြင်းအပြုအမူကို အခြေအနေအမျိုးမျိုးဖြင့် အမြဲမပြတ်ပြုလုပ်ရင်း စျေးကွက် တွင်းရှိ ထုတ်လုပ်ရေး အင်အားစုများကို လှုံ့ဆော်လျက်ရှိနေသည်။ 

ထုတ်လုပ်ရောင်းချသူများကလည်း ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများ ပိုမိုဝယ်ယူအသုံးပြု (စားသုံး) လာစေရေးအတွက် ဆန်းသစ်တီထွင်သော ထုတ်လုပ်မှုများဖြင့် အမြဲမပြတ်ဆွဲဆောင်နေကြရသည်။ ထုတ်လုပ်ရောင်းချသည့်ရှုထောင့်မှကြည့်လျှင် အမြတ်အစွန်းရရှိရေးနှင့် ဝယ်ယူစားသုံးမှုရှုထောင့်မှကြည့်လျှင် စိတ်ဆန္ဒပြည့်ဝစေရေးဟူသည့် အင်အားစုနှစ်ဖက်တွင် ရည်မှန်းချက်တို့ရှိနေကြသော်လည်း စျေးကွက်ကို ရေရှည်ဖြစ်ထွန်းတိုးတက်မှုသည်  စားသုံးသူ စိတ်ကျေနပ်မှုရရှိရေးပေါ်တွင်မူတည်နေသည်။  

(၃)

လူတစ်ဦးသည် တစ်ချိန်တွင်စားသုံးသူ ဖြစ်သကဲ့သို့ အခြားတစ်ချိန်တွင် ထုတ်လုပ်သူ၊ ရောင်းချသူဖြစ်သည်။ တစ်ခါတစ်ရံတွင် စားသုံးသူရောထုတ်လုပ်ရောင်းချသူ တစ်ကိုယ့်နှစ်စိတ် တစ်ပြိုင်နက်ဖြစ်နေတတ်သည်။ ထို့ကြောင့်စားသုံးသူများသည် နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း စီးပွားရေးစနစ်တစ်ရပ် ပုံမှန်လည်ပတ်နိုင်စေရေးအတွက် အရေးအပါဆုံး သက်ရှိယန္တရားအစိတ်အပိုင်းလည်းဖြစ်သည်။ စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း သည် နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ထိန်းသိမ်းပေးနေခြင်းဖြစ်ပြီးနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း တိုးတက်မြင့်မားမှုအတွက် အားထုတ်နေခြင်းဟုလည်းဆိုနိုင်ပေသည်။

စားသုံးသူများ အကျိုးစီးပွားပျက်စီးခဲ့လျှင် ရေရှည်တွင် အကျိုးဆက်အားဖြင့် ထုတ်လုပ်ရောင်းချသူများ၏ အကျိုးဖြစ်ထွန်းမှုကိုထိခိုက်လာမည်။ တစ်နွယ်ငင်တစ်စင်ပါ နိုင်ငံ့အကျိုးစီးပွားကို ဆိုးကျိုးသက်ရောက်မှုများဖြစ်လာနိုင်မည်ကို သတိပြုသင့်သည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ အခြေအနေဖြစ်သောကြောင့် စားသုံးသူအကျိုး ပျက်စီးလျှင် မဝေးတော့သည့်အချိန်၌ ထုတ်လုပ်သူ၏အကျိုးစီးပွားပါ ပျက်စီးလာတော့မည်ဖြစ်ပြီး စျေးကွက်ယန္တရားလည်ပတ်မှုကိုထိခိုက်လာ မည်မှာ သေချာသည်။ စားသုံးသူတစ်ဦးတစ်ယောက်ချင်းစီ ထိခိုက်မှုမှသည် တဖြည်းဖြည်းဖြင့် စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို ထိခိုက်လာစေနိုင်ပြီး စီးပွားရေးစနစ်၏ လည်ပတ်မှုကိုပျက်စီးစေတတ်သည်။ ထို့ကြောင့်  စားသုံးသူများ ထိခိုက်မှုမရှိစေရန် ကာကွယ်စောင့်ရှောက်ပေးမှုသည် အရေးကြီးသော တင်ကြိုဆောင်ရွက်မှုများဟုလည်း မှတ်ယူရပေမည်။

(၄)

စားသုံးသူအခွင့်အရေးဆိုသည်မှာ တိုက်ရိုက်စားသုံးမှု (အသုံးပြုမှု) အတွက်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူစားသုံး (အသုံးပြု) သောသူများကြုံတွေ့နစ်နာမှုများ မရှိစေရန်၊ ကျင့်ဝတ်အရဖြစ်စေ၊ ဥပဒေအရဖြစ်စေပြင်ဆင်ထားသော အခွင့်အရေးဖြစ်သည်။ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူ၊ ဝန်ဆောင်မှုပေးသူ (ရောင်းချသူ) က ၎င်းတို့ရောင်းချလိုက်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာပေးခြင်း၊ သတင်း အချက်အလက်အတိုင်း ဖြည့်ဆည်းပေးခြင်းတို့သည် စားသုံးသူတို့၏အခွင့်အရေးများကို သေချာစေခြင်းဖြစ်ပြီး စားသုံးသူများကို အကာအကွယ်ပေးခြင်းလည်းဖြစ်သည်။ စားသုံးသူအခွင့်အရေးများကို စားသုံးသူများကိုယ်တိုင် သိရှိရုံမျှမက ထုတ်လုပ်ရောင်းချသူများပါ သိရှိနားလည်ပြီး လိုက်နာခြင်း၊ ထိန်းသိမ်းခြင်းတို့ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်။

(၅)

စားသုံးသူအခွင့်အရေးအယူအဆ မည်သို့ဖြစ်ထွန်းခဲ့သည်ကို သမိုင်းနောက်ခံကို ပြန်ကြည့်မိသောအခါ လွန်ခဲ့သောနှစ်ခြောက်ဆယ်ကာလကိုပြန်လည်ရောက်ရှိသွားလိမ့်မည်။  ၁၉၆၂ ခုနှစ်က အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy ) အမေရိကန်ကွန်ဂရက်၌ စားသုံးသူများ၏ အခွင့်အရေးများ ( Consumers’ Rights) နှင့် ပတ်သက်၍ပြောကြားသည့် မိန့်ခွန်းမှစခဲ့ခြင်းဖြစ်သည် ကိုတွေ့ရသည်။ သမ္မတ ကနေဒီ၏ အဆိုပါ မိန့်ခွန်းအလွန်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲရလဒ်မှာ စားသုံးသူအခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းပေါ်ထွက်လာခြင်းဖြစ်သည်။ သမ္မတဂျွန်အက်ဖ်ကနေဒီ၏ မိန့်ခွန်းမှ မြစ်ဖျားခံ၍ ဖြစ်ပေါ်လာခဲ့သော စားသုံးသူဥပဒေမူကြမ်းတွင် စားသုံးသူအခွင့်အရေးနှင့် သက်ဆိုင်သည့် အခြေခံ ကျသောအချက် လေးချက်အဖြစ် တွေ့ရသည်။

(၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဘေးဥပဒ်အန္တရာယ်ကင်းရှင်း၊ လုံခြုံစွာ စားသုံး (အသုံးပြု) ခွင့် (Right to safety)၊

(၂)ဝယ်ယူစားသုံး (အသုံးပြု) သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်ပြည်စုံစွာရရှိခွင့်( Right to information )

(၃) မိမိတို့၏ နှစ်သက်ရာကုန်စည် သို့မဟုတ်ဝန်ဆောင်မှုများကိုစိတ်ဆန္ဒအတိုင်းရွေးချယ်ဝယ်ယူစားသုံး (အသုံးပြု) ခွင့် (Right to choose) နှင့်

(၄)ဝယ်ယူစားသုံး (အသုံးပြု) လိုက်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍သော်လည်းကောင်း၊ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍သော် လည်းကောင်းမကျေနပ်မှုများ၊ စိုးရိမ်စရာများကိုထုတ်ဖော်ပြောဆိုခွင့်( Right to be heard) တို့ဖြစ်သည်။

    

(၆)

၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက စားသုံးသူများကို ပိုမိုအကာအကွယ်ပြုနိုင်ရန် အောက်ပါနောက်ထပ် အခွင့်အရေးလေးမျိုးကို ထပ်မံဖြည့်စွက်ပေးခဲ့သည်။ 

(၁) လူတစ်ယောက်၏ အခြေခံ လိုအပ်ချက်စား၊ ဝတ်၊ နေရေး အပါအဝင် ကျန်းမာရေး၊ ပညာရေးတို့ကိုရရှိခံစားခွင့် (the right to basic needs,)၊

(၂) မှားယွင်းသည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအတွက် ထုတ်လုပ်သူဘက်မှ သင့်လျော်သည့် ဖြေရှင်းပေးမှု၊ လျော်ကြေးပြန်လည်ခံစားခွင့် (the right to redress) ၊

(၃) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် သိရှိရမည့်အချက်အလက်များနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများ အသိပညာပေးမှုကိုရရှိခွင့် (the right to consumer education)  ၊ 

(၄)စားသုံးသူများ၏ အကျိုးစီးပွားကို သေချာစေသော ကောင်းမွန်သည့်၊ ခြိမ်းခြောက်မှုများမရှိသည့် နေထိုင်မှုဝန်းကျင်နှင့် အလုပ်ခွင်ဝန်းကျင်ဖြည့်ဆည်းပေးခြင်းကို ရရှိခွင့် (the right to a healthy environment ) 

(၇)

စျေးကွက်စီးပွားရေးစနစ်ဆိုသည်မှာ လွတ်လပ်စွာဖြင့် ပြိုင်ဆိုင်ရောင်းဝယ်မှုရှိသောစနစ်ဖြစ်သည်။ ပြိုင်ဆိုင်မှုအားကောင်းမှစျေးကွက်စီးပွားရေးစနစ်ပီပြင်မည်။ ပြိုင်ဆိုင်မှု အားကောင်းခဲ့လျှင် စျေးကွက်များ စီးပွားရေးအရစွမ်းဆောင်ရည်ရှိလာပြီး ထုတ်လုပ်သူများ စွမ်းဆောင်ရည်မြင့်မားလာမည်။ စားသုံးသူများ ရွေးချယ်စားသုံးခွင့်များပြားလာမည်။ နှစ်ဖက်အကျိုးစီးပွား မြင့်မားလာစေနိုင်သည်။ စျေးကွက်များ ထိုအခြေအနေမျိုးဖြစ်ထွန်းလာစေရန်အထောက်အကူပြုသော အင်စတီကျူးရှင်းများ ထူထောင်ခြင်းကို ဆောင်ရွက်ရုံသာမက စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းကိုပါ အလေးထားဆောင်ရွက်ဖို့လိုပေသည်။     

စွမ်းဆောင်ရည်ရှိသော စျေးကွက်စနစ်တွင်ထုတ်လုပ်သူများ စျေးကွက် ဝေစုမပျောက်စေရန် ထုတ်ကုန်များကို အရည်အသွေး မှန်ကန်စွာ ထုတ်လုပ်ခြင်း၊ တီထွင်ကြံဆ နေရခြင်းတို့အမြဲ ပြုလုပ်နေကြရသည်။ သို့မှသာ ထုတ်လုပ်သူတစ်ဦးတစ်ယောက်ချင်းမှ တစ်ဆင့်စီးပွားရေး အဆောက် အအုံတစ်ခုလုံး၏ ကုန်ထုတ်လုပ်မှု ကဏ္ဍစွမ်းရည်မှာ လည်းမြင့်မား တိုး တက်လာမည်။ ပြည်တွင်းစျေးကွက်ဝေစုကြီးမားလာမည်။ ပြည်တွင်း ထုတ်ကုန်သတင်းကောင်းများ သည်နိုင်ငံ တကာ စျေးကွက်များတွင်ပါ သတင်းများပျံ့နှံ့ဖြစ်ပေါ်ပြီး ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက်လည်း အထောက်အကူပြုလာနိုင်မည် ဖြစ်သည်။

အကယ်၍ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများရှိနေခဲ့လျှင် သို့မဟုတ်စားသုံးသူတို့၏ အကျိုးစီးပွားကိုကောင်းစွာကာကွယ်ပေးနိုင်ခြင်းမရှိခဲ့လျှင်စားသုံးသူတို့အကျိုးစီးပွား ပျက်စီးများကြုံတွေ့လာနိုင်ပြီး အကျိုးဆက်အားဖြင့် ထုတ်လုပ်ရောင်းချသူတို့အပေါ် ယုံကြည်မှုကျဆင်းကာ ထုတ်လုပ်သူတို့၏ အကျိုးစီးပွားပါထိခိုက်လာပေမည်။ စားသုံးသူအုပ်စု (ဝယ်လိုအားအုပ်စု) နှင့် ထုတ်လုပ်ရောင်းချသူ အုပ်စု (ရောင်းလိုအားအုပ်စု) အကျိုးစီးပွားဆက်စပ်ထိခိုက်မှုများ ဖြစ်လာသောအခါ စျေးကွက်ယန္တရားမှာ စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ ထိုသို့ စျေးကွက်ယန္တရားလည်ပတ်မှုကောင်းမွန်ခြင်း မရှိသောအခါစျေးကွက်စီးပွားရေးစနစ် ကျင့်သုံးခြင်းမှ ရရှိမည့်ကောင်းကျိုးများလည်း ဆုံးရှုံးကြရပေလိမ့်မည်။ ထို့ကြောင့် စားသုံးသူများ အခွင့်အရေးများကို စောင့်ရှောက်ပေးခြင်း၊ အကာအကွယ်ပေးခြင်းတို့သည် စျေးကွက်စနစ်ဖွံ့ဖြိုးလာစေရေးအတွက် များစွာအထောက်အကူဖြစ်စေသည်ကို သတိပြုသင့်သည်။ 

( ၈) 

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့လှုပ်ရှားမှုကို ၁၉၈၃ ခုနှစ်မှစတင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း မတ် ၁၅ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ စားသုံးသူ အဖွဲ့ကြီးက ဦးဆောင်၍ ကမ္ဘာနှင့်အဝန်း စားသုံးသူနေ့အခမ်းအနားများပြုလုပ်ကြသည်။ စားသုံးသူများနှင့်ပတ်သက်၍  အရေးကြီးသောအကြောင်းအရာများသတ်မှတ်၍ အလေးထားချဉ်းကပ်မှုပြုလုပ်ခဲ့ကြသည်။ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း ၄ဝကျော် ပင်ရှိခဲ့ပြီ။ ယခုနှစ်ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့အတွက် သတ်မှတ်ထားသောအကြောင်းအရာမှာ လက်ရှိအခြေအနေနှင့်လျော်ညီသော အေအိုင် (Artificial Intelligence- AI) ဖြစ်ထွန်းတိုးတက်မှု နှင့်ပတ်သက်နေသည်။ “စားသုံးသူများအတွက် မျှတမှုနှင့် တာဝန်ယူမှုရှိသော ဉာဏ်ရည်တု နည်းပညာ” ( Fair and Responsible AI for Consumers) ဟူ၍ ဖြစ်သည်။ 

(၉) 

တစ်ကမ္ဘာလုံး စီးပွားရေးအခြေအနေ မကောင်းဖြစ်နေချိန် လူတစ်ဦးချင်းစီးပွားရေး၊ နိုင်ငံတစ်ခုချင်းစီးပွားရေး စသဖြင့် မည်သည့်စီးပွားရေးကိစ္စကိုစဉ်းစားသည်ဖြစ်စေ ထုတ်လုပ်ရောင်းချသူများနှင့် ဝယ်ယူစားသုံးသူတို့နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးမျှတွေးဖို့ လိုသည်။ အွန်လိုင်းနည်းပညာများ အမျိုးမျိုးထွန်းကားနေချိန်တွင် ရောင်းချသူများနှင့် ဝယ်ယူသူများကြား၌လည်း မရိုးဖြောင့်သည့်အခြေအနေများလည်းမြင်တွေ့ကြားသိနေရသည်။ ထိုအခြေအနေများသည် ပိုမိုကောင်းမွန်နိုင်သည့် စီးပွားရေးအခြေအနေဆီသို့ ဦးတည်နေမည်မဟုတ်ပေ။ ပို၍ ကျပ်တည်းဆိုးရွားလာပေလိမ့်မည်။       

လူတစ်ယောက်သည် တစ်ချိန်တွင် ထုတ်လုပ်ရောင်းချသူဖြစ်နေပြီး တစ်ချိန်တွင် ဝယ်ယူစားသုံးသူဖြစ်နေသည်မှာ သဘာဝပင်။ တစ်ခါတစ်ရံ တစ်ချိန်တည်းမှာပင် ရောင်းချသူနှင့်ဝယ်ယူသူ ဖြစ်နေတတ်သည်။ ထို့ကြောင့်လူသားတိုင်းသည် ဈေးကွက်ထဲရှိ တစ်ကိုယ်တည်းနှင့် နှစ်စိတ် ဖြစ်နေကြသည့် “တစ်ကိုယ် နှစ်စိတ်ထား” ရမည့် လူများဖြစ်နေသည်ကို သတိပြုရပေမည်။      

ဈေးကွက်အတွင်း မရိုးမဖြောင့်မှုများ ကင်းစင်ရေးအတွက် လူတိုင်းကျင့်ဝတ်လိုက်နာလုပ်ဆောင်ကြဖို့လိုအပ်သည်။ လူသားအားလုံးသည်စားသုံးသူဖြစ်၏။ လူသားအားလုံးသည် ထုတ်လုပ်သူ၊ ရောင်းချသူများဖြစ်၏။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ရောက်တိုင်း နှစ်ဖက်မျှ၊နှစ်ဖက်လှ စိတ်ထားများဖြင့် ဈေးကွက်အတွင်း ကျင်လည်လှုပ်ရှားနိုင်သည့်စိတ်ထားများ မွေးမြူနိုင်ကြစေရန် မျှော်လင့်ဆုတောင်းရပေသည်။   

  https://consumeraffairs.nic.in 

Most Read

Most Recent