ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ ပြင်ဆင်သင့်သည်များကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားပြီး ပြင်ခြင်း မပြင်ခြင်းသည် လွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှ

ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ ပြင်ဆင်သင့်သည်များကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားပြီး ပြင်ခြင်း မပြင်ခြင်းသည် လွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှ
Published 28 December 2016
စိုးမင်းထိုက်

ဆက်သွယ်ရေး ဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်ပြီး ပြင်ဆင်သင့်သည်များကို ပြည်ထောင်စု လွှတ်တော်သို့ အကြံပြုတင်ပြထားပြီး ပြင်ခြင်း၊ မပြင်ခြင်းသည် လွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၈ ရက်တွင် မီဒီယာများအား ပြောကြားသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် အဆိုပါကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ လွှတ်တော်ဝင်းအတွင်းရှိ ကော်မရှင်ရုံးတွင် တွေ့ဆုံခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ မီဒီယာသမားများအတွက် အကာအကွယ်ပေးရေး ကိစ္စများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဦးအောင်လှထွန်း (သတင်းမီဒီယာကောင်စီ) ကပြောသွားသလို ကျွန်တော်တို့ မီဒီယာတွေလည်း တချို့နေရာတွေမှာ သားကောင်ဖြစ်နေပြီဆိုတဲ့ အနေအထား။ ဒီလိုဆိုရင် ဒီဟာတွေကို ကျွန်တော်တို့က အဖြေရှာပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်လုပ်ကြရမယ်။ လုပ်ကြတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံမှာ ခုနပြောတဲ့ မီဒီယာဥပဒေ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ပတ်သက်လို့ ကော်မရှင်မှာ အကြိမ်ကြိမ် ဆွေးနွေးပါတယ်။ တစ်ကြိမ်မှာ ကော်မရှင်အဖွဲ့ဝင် တစ်ဦးကပြောတယ်။ အရင်တုန်းကတော့ ဒါကိုမဆွေးနွေးခဲ့ဘဲ အခု Daily Eleven ကိစ္စကျမှ ဆွေးနွေးတယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စကားမျိုး ပြောပါတယ်။ ကျွန်တော်က ချက်ချင်းပဲ အဲဒီလိုဆိုရင်မှားမယ်။ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်လို့ ဘယ်တုန်းကစပြီး စဉ်းစားခဲ့သလဲဆိုရင် ချစ်သမီးဆိုတဲ့ ကလေးမကိစ္စကစပြီး တွေ့ခဲ့တယ်။ စဉ်းစားခဲ့တယ်။ နောက်ဆုံးအကြိမ် စဉ်းစားခဲ့တာကတော့ ပဲခူးက စန္ဒီမြင့်အောင်ဆိုတဲ့ ကလေးမကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားခဲ့တယ်။ ကြားထဲမှာလည်းရှိတယ်။ ဒါကိုစဉ်းစားတာက အခုမှစဉ်းစားတာမဟုတ်ဘူး။ အရင်ကတည်းက စဉ်းစားတယ်။ အခုလည်း စဉ်းစားနေတယ်။ ကျွန်တော်တို့က နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ဥပဒေတွေ ပြဋ္ဌာန်းရမယ်။ ပြင်စရာရှိရင်ပြင်ရမယ်။ ဒီအတွက် ဥပဒေပြင်ဆင်ဖို့ ဥပဒေကြမ်းပါ တင်ပြီးပြီ။ ဥပဒေပြုခြင်း မပြုခြင်းကတော့ လွှတ်တော်နဲ့ပဲ ဆိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီဥပဒေဟာ ပြင်သင့်တယ်။ ဘယ်လိုပြင်သင့်တယ်ဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိသူများနဲ့ တိုင်ပင်ပြီး လေ့လာသုံးသပ်ပြီး ဒီအချက် ဒီအချက်တွေကိုတော့ ဖြည့်စွက်သင့်တယ်။ ပြင်ဆင်သင့်တယ် ဆိုတာကို ကျွန်တော်တို့ ဉာဏ်မီသလောက် တင်ပြထားပြီးပါပြီ” ဟုပြောကြားသည်။
သတင်းမီဒီယာများအား စတုတ္ထမဏ္ဍိုင်ဟု သတ်မှတ်ထားသည့်အတွက် သတင်းမီဒီယာ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း၊ သတင်းမီဒီယာများ၏ တာဝန်လုပ်ပိုင်ခွင့် အခွင့်အရေးများကို ဂဃနဏ ပေးရမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာသမားများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အကူအညီ၊ လိုအပ်သည့် ကာကွယ်မှုများရှိရန် လိုအပ်ကြောင်း၊ လိုအပ်သည့် အကူအညီနှင့် ကာကွယ်မှုများကို ဥပဒေက ပြဋ္ဌာန်း ဆောင်ရွက်ရာတွင် ထိရောက်ရန် လိုအပ်ကြောင်း၊ ဒါကြောင့်မို့ သတင်းမီဒီယာသမားများ၏ တာဝန်လုပ်ပိုင်ခွင့်၊ အခွင့်အရေးများ ဆောင်ရွက်သည့်နေရာတွင် သတင်းမီဒီယာသမားများအတွက် အမှန်တကယ် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကို ကော်မရှင်အနေဖြင့် တတ်နိုင်သမျှ ကြိုးစားကာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။
သူရဦးရွှေမန်းက “၆၆ (ဃ) နဲ့ပတ်သက်ပြီး အခုမှဘာကြောင့် စဉ်းစားလဲဆိုရင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးတဲ့အခါမှာ ဒီဥပဒေကို ကျင့်သုံးကြည့်ပါတယ်။ ကျင့်သုံးကြည့်တဲ့အခါမှာ ဥပဒေမှာပါတဲ့ အချက်အလက်တချို့ဟာ အားနည်းတယ်ဆိုရင် အားနည်းချက်ကို ပြင်ဆင်ရမှာပါ။ ဒါက ဥပဒေပြုရေးသမားတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကော်မရှင်ဟာ ဥပဒေပြုရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ လွှတ်တော်နဲ့ ကိုယ်စားလှယ်များ ဥပဒေပြုတဲ့နေရာမှာ သူတို့ကိုအထောက်အကူပြုနိုင်ဖို့ ဥပဒေကောင်းများ ပေါ်ထွက်လာနိုင်ဖို့၊ ပြင်သင့်တာပြင်ဖို့၊ ပယ်ဖျက်သင့်တာ ပယ်ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းတာတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် ကူညီဖို့က ကော်မရှင်ရဲ့ အဓိကလုပ်ငန်း ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အခုလိုပြင်ဆင်ဖို့ သုံးသပ်တင်ပြခြင်းဟာ ကော်မရှင်ရဲ့ အဓိကလုပ်ငန်း တစ်ခုဖြစ်တဲ့အတွက် လွှတ်တော်ကို တင်ပြထားခြင်း ဖြစ်ပါတယ်။ ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းပါ ပူးတွဲပြီး တင်ပြထားပြီး ဖြစ်ပါတယ်။ ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာက သတင်းဖော်ပြတဲ့အခါမှာ သိနိုင်မှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။
၆၆ (ဃ) ဟုအများသိရှိကြသည့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပယ်ဖျက်ရေးနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ဥပဒေကြမ်းတင်ခြင်း မည်သည့် ကိုယ်စားလှယ်မျှ ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီဇင်ဘာ ၂၁ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ဦးအောင်လှထွန်းက “ဒီနေ့ဆွေးနွေးပွဲရဲ့ အဓိကထူးခြားချက်ကတော့ မီဒီယာကောင်စီနဲ့ ကော်မရှင်ကြားမှာ အပြန်အလှန် နားလည်မှု ရှိခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဖွဲ့စလုံးက တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကို ကိုယ်စားပြုတာ မဟုတ်ဘူး။ မီဒီယာဥပဒေ အပါအဝင် တခြားကိစ္စတွေပေါ့။ တရားဥပဒေစိုးမိုးရေးကို ပူးပေါင်း ဆောင်ရွက်သွားမယ်။ မီဒီယာရဲ့အားလည်း လိုပါတယ်။ မီဒီယာအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဘယ်လိုပြုပြင်မလဲ ဆိုတာကို အသေးစိတ်ပြောဖို့ကတော့ စောပါသေးတယ်။ မူအားဖြင့်တော့ သဘောတူထားပါတယ်။ ပြင်မယ်။ မီဒီယာတွေကို ပိုပြီးတော့ အကာအကွယ်ပေးမယ်။ ပြင်မယ့်အထဲမှာ ဆက်သွယ်ရေး ဥပဒေလည်း ပါတယ်။ မီဒီယာဥပဒေထဲမှာလည်း ကျွန်တော်တို့ကို အနှောင့်အယှက်၊ အဟန့်အတားပေးတဲ့ မီဒီယာရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ အဲဒီတော့ ပြုပြင်သင့်တာတွေ ပြုပြင်မယ်။ ပြောင်းလဲသင့်တာ ပြောင်းလဲမယ်” ဟုပြောကြားသည်။         

Most Read

Most Recent