ပြည်ထောင်စုဝန်ကြီးများနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ ပူးတွဲအစည်းအဝေးကျင်းပခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးကိစ္စရပ်များနှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ ပူးတွဲအစည်းအဝေးကျင်းပခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးကိစ္စရပ်များနှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေး
Published 16 May 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအာလွန်ကဲအို ကစ်တီကွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား ပူးတွဲအစည်းအဝေးတစ်ရပ်ကို မေ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပူးတွဲအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. KAO KIM HOURN၊ ASEAN Coordinating Centre for Humanitarian Assistance on disaster management (the AHA Centre ) မှ အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်လျက်သည့်ကိစ္စများ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအာလွန်ကဲအို ကစ်တီကွန် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. KAO KIM HOURN တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း မေ ၁၅ ရက်တွင် သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့သည်။

         

Most Read

Most Recent