တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်မည်

တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်မည်
Published 27 June 2024

တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ရန် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် ယနေ့ (ဇွန် ၂၇ ရက်)တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ထိုသို့ထွက်ခွာသွားသည့် သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့က နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အတူ တက်ရောက်မည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း အတူတကွလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

ဇွန် ၂၆ ရက်ကလည်း သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent