ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် JMC မျက်နှာစုံညီ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် JMC မျက်နှာစုံညီ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်
Published 21 December 2016
ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) များ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ပြုလုပ်ခဲ့သည်။
အစည်းအဝေးသည် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ၏ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးဖြစ်ပြီး တစ်နှစ်ပတ်လုံး လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်၍ အားနည်းချက်များ၊ အားသာချက်များအား ညှိနှိုင်းကာ လိုအပ်သည့် ညွှန်ကြားချက်များ လုပ်ငန်းလမ်းညွှန်များကို ပြုပြင်လိုပါက ပြန်လည်ပြုပြင် ရေးဆွဲရန် အဓိကရည်ရွယ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် “ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးမြောက်အောင် လက်မှတ်ထိုးထားတဲ့ သူတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စံပြအနေနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် လက်မှတ်မထိုးရသေးတဲ့ တခြားအဖွဲ့တွေကိုလည်း ဆွဲဆောင်နိုင်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး လက်ရှိအနေအထားမှာ လက်မှတ်ထိုးပြီးသား အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင် စနစ်တကျနဲ့ စံပြအနေနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒီမှာလည်း လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေရှိတယ်။ လိုအပ်တဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ဒါတွေကလည်း စနစ်တကျနဲ့ ဒီကော်မတီတွေက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။
ဆက်လက်၍ အချို့နေရာများတွင် နယ်မြေသတ်မှတ်ချက် တိတိကျကျ ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် အောက်ခြေတပ်မှူးများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ပစ်ခတ်တိုက်ခိုက်မှု မရှိအောင် ထိန်းသိမ်းသွားနိုင်မည် ဖြစ်ကြောင်း၊ ဆက်လက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မည် ဖြစ်သည့်အတွက် လိုအပ်ချက်များကို ဆွေးနွေးရန်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုက်တွန်းပြောကြားသည်။
JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ KNU လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး၏ အမှာစကားအား အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ဖတ်ကြားရာတွင် မိမိတို့ JMC သည် အပစ်အခတ်ရပ်စဲရေးကို မပျက်စီးအောင် စောင့်ကြည့်ထိန်းသိမ်းပြီး အပစ်အခတ်ရပ်စဲရေးကို ခိုင်မာမှုရှိလာစေရန် တည်ဆောက်ရမည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ JMC လုပ်ငန်း အကောင်အထည်ဖော်မှုအပေါ် ပြည်သူနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း စောင့်ကြည့်လျက်ရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်မှုမှ ရရှိလာသည့် ရလဒ်များအပေါ်တွင် မူတည်၍ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ JMC သို့ပါဝင်လာမှုနှင့် ပြည်သူများမှ မိမိတို့ JMC အပေါ် ယုံကြည်မှု အပြည့်အ၀ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
“ယခုကာလတွင် ပြည်သူလူထု အပါအဝင်မိမိတို့ လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုအတိုင်းအတာ အဆင့်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့  ထိုယုံကြည်မှုအဆင့်ကို ထိန်းသိမ်း မြှင့်တင်သွားရန်နှင့် ရရှိပြီးသော ယုံကြည်မှုအား ထိခိုက်နိုင်သည့် ထိလွယ်ရှလွယ်သော အပြောအဆိုနှင့် အပြုအမူများအား ရှောင်ကြဉ်ရန်နှင့် ဖြစ်ပေါ်လာသော ပဋိပက္ခများအား ညှိနှိုင်းဆွေးနွေး ဖြေရှင်းသွားနိုင်ရန် ထည့်သွင်းနှိုးဆော်လိုက်ပါသည်။ မိမိတို့ JMC ၏ အခြေခံမူဖြစ်သော ဘက်မလိုက်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တန်းတူညီမျှခြင်းနဲ့ ဂုဏ်သိက္ခာရှိမှုတို့ကို အခြေခံပြီး မိမိတို့၏ လုပ်ငန်းဆောင်တာများကို ပူးတွဲအကောင်အထည် ဖော်သွားကြရန်လည်း ထပ်လောင်းအသိပေး ပြောကြားလိုပါသည်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး၏ အမှာစကားတွင် ပါဝင်သည်။
အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကာ အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ JMC ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ၏ လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ JMC မှ အတည်ပြုခဲ့သော လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြခြင်း၊ JMC-TSC မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ JMC-S မှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်မည့် နည်းလမ်းများ ဆွေးနွေး အဖြေရှာခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC သည် ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူဖြစ်စေရန်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများ၌ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်နေရာ ပြည်ထောင်စုအဆင့် JMC ကို တပ်မတော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။                   

Most Read

Most Recent