လောင်းလုံးမြို့နယ်တွင် ကျောင်းကားပစ်ခတ်ခံရမှု၊ ထားဝယ်မြို့ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှုအပါအဝင် ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်းလုပ်ငန်းစဉ်အား ဟန့်တားနှောက်ယှက်၊ ခြိမ်းခြောက်သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်

လောင်းလုံးမြို့နယ်တွင် ကျောင်းကားပစ်ခတ်ခံရမှု၊ ထားဝယ်မြို့ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှုအပါအဝင် ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်းလုပ်ငန်းစဉ်အား ဟန့်တားနှောက်ယှက်၊ ခြိမ်းခြောက်သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်
Published 7 June 2024

လောင်းလုံးမြို့နယ်တွင် ကျောင်းကား ပစ်ခတ်ခံရမှု၊ ထားဝယ်မြို့ရှိ မူလကျောင်းတွင် ပေါက်ကွဲမှုအပါအဝင် ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်းလုပ်ငန်းစဉ်အား ဟန့်တားနှောက်ယှက်၊ ခြိမ်းခြောက်သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၀ က ဇွန် ၅ ရက်တွင် သဘောထားထုတ်ပြန်သည်။

နိုင်ငံရေးပါတီ ၂၀ ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်တည်ဆောက်ရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြားမှုအခွင့်အလမ်းများ အပြည့်အဝရရှိစေရန် အထူးအလေးထားဆောင်ရွက်လျက်ရှိကာ ဇွန် ၃ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်း များဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်နေချိန်တွင် ဇွန် ၄ ရက်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့  ကျောင်းတက်ရန် သွားရောက်ကြသော ကျောင်းသား/ကျောင်းသူ လူငယ်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား လောင်းလုံးမြို့နယ် ပဥ္စသီမော်ကျေးရွာအနီး လောင်းလုံး PDF အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသားလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇွန် ၄ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် လက်နက်ကိုင်များက ပစ်ခတ်ထားခဲ့သည့် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် ပြည်သူစုစုပေါင်း ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူပင် လွန်ခဲ့သည့်လများအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက ပညာရေး ဝန်ထမ်း၊ ဆရာ/ဆရာမများအား သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား ဗုံးထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပညာသင်ကြားခြင်းနှင့် ကျောင်းတက်ခြင်းလုပ်ငန်းစဉ်များအား ဟန့်တားနှောက်ယှက်၊ ခြိမ်းခြောက်ခြင်းစသော လုပ်ရပ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံရေးပါတီ ၂၀ က ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်မှုကို လုံးဝလက်မခံ၊ ဆန့်ကျင်နေကြသည့် သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူပြည်သားများအား ကိုယ်စားပြု၍ မတ် ၁၆ ရက်တွင် ရန်ကုန်မြို့ သံလွင်ခန်းမ၌ နိုင်ငံရေးပါတီ ၂၄ ပါတီက အကြမ်းဖက်မှုဆန့်ကျင်ရေး သဘောထားထုတ်ပြန်ချက်ဖြင့်လည်းကောင်း၊ မေ ၂၈ ရက်တွင် ရန်ကုန်မြို့ MCC ခန်းမ၌ နိုင်ငံရေးပါတီ ၂၅ ပါတီက အရေးယူပိတ်ဆို့တားဆီးမှု ဆန့်ကျင်ရေးအတွက် သဘောထားထုတ်ပြန်ချက်ဖြင့်လည်းကောင်း မိမိတို့၏ ရပ်တည်ချက်အား ခိုင်မာရှင်းလင်းစွာပြသခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ CRPH၊ NUG၊ PDF နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အထက်ပါလုပ်ရပ်များအား နိုင်ငံရေးပါတီများက ပြင်းထန်စွာဆန့်ကျင် ရှုတ်ချ၊ ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၀ က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်ပါဝင်သည့် နိုင်ငံရေးပါတီ ၂၀ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ခမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ခူမီးအမျိုးသားပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ လေဘာပါတီ၊ မွန်တိုးတက်ရေးပါတီတို့ဖြစ်သည်။

Most Read

Most Recent