ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း
Published 28 June 2024

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာရှိနေခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည်။

MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း (၁၄) ခု ဖွင့်လှစ်ပြီး ရခိုင်၊ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)နှင့် အခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို လက်လှမ်းမမီသည့် လူနည်းစုအဖွဲ့များအပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း MSF ထုတ်ပြန်သည်။

MSF ၏ထုတ်ပြန်ချက်တွင် ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ပြည်သူများအတွက် အလွန်စိုးရိမ်ကြောင်း၊ ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွေ့ပြောင်းရခြင်းနှင့်ဘေး ကင်းရာသို့ရွေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှုအထောက်အပံ့များရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကိုလည်း ရွေးချယ်စရာမရှိပဲ ကြံ့ကြံ့ခံရင်ဆိုင်နေကြောင်း ဖော်ပြထားသည်။

ထိုသို့အခြေအနေတွင် MSF ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါလူထုအတွက် လိုအပ်ချက်များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံပြတ်တောက်သွားရကြောင်း  MSF ၏ကဆိုသည်။

ပဋိပက္ခများကြောင့် မဖြစ်မနေ နေရပ်ရွေ့ပြောင်းလာခဲ့ရသည့် ဘူးသီးတောင်မှ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) တစ်ဦးက “ကျွန်တော်တို့အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲဒါဆို ဒီလိုဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာ ထက် တူတူသေသွားတာက ပိုကောင်းဦးမယ်” ဟု ပြောကြားကြောင်း MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ MSF အဖွဲ့များသည် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းနေရာအများစုတွင် ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊  လမ်းပိတ်ဆို့ခြင်းကြောင့် ဆေးရုံများသို့ မသွားရောက်နိုင်ခြင်း၊ ဆေးဝါးနှင့် အခြေခံလိုအပ်ချက်ပစ္စည်းများကို ရွေ့ပြောင်း၍မရခြင်းတို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ရန် ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အလုံးစုံပျက်စီးမှုကို မျက်မြင်တွေ့ကြုံခဲ့ရကြောင်း၊ လူမှုအသိုက်အဝန်းအားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသမှုကဲ့သို့ ထပ်ဆင့်စောင့်ရှောက်မှုများကို မရရှိကြတော့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုမရရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းကိုလည်း သိရှိခဲ့ရကြောင်း MSF က ထုတ်ပြန်သည်။

ထို့ပြင်၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှု သို့မဟုတ် သန္ဓေသားသေဆုံးမှု ကိုးခုအထိရှိကြောင်း မှတ်တမ်းရရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက်တွင် ဘူးသီးတောင်ရှိ MSF ရုံးနှင့် ဆေးဝါးသို လှောင်ရာနေရာများ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါဒေသရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအားလုံးမှာလည်း လုပ်ငန်းလည်ပတ်ခြင်းမရှိတော့ကြောင်း၊ လတ်တလောအခြေအနေအရ ထိုဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန်ကတိကဝတ်ကိုမူ ဆက်လက်ထားရှိဆဲဖြစ်ကြောင်းနှင့် အခြေအနေများ တိုးတက် မှုရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း MSF က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန်နှင့် အကာအကွယ်ပေးရမည့်ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝန်ထမ်းများ၏ အခြေအနေကို လေးစားပေးရန် ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်း၊ အဓိပ္ပါယ်မဲ့သော အသက်ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိခိုက်လွယ်သော ရပ်ရွာလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု ချက်ချင်းပြန်လည်ပေးအပ်နိုင်ရန် လိုအပ်ကြောင်း  MSF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Most Read

Most Recent