မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဘင်္ဂါလီများသည် တရားဝင်များ ရှိသကဲ့သို့ တရားမဝင်များလည်း ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဘင်္ဂါလီများသည် တရားဝင်များ ရှိသကဲ့သို့ တရားမဝင်များလည်း ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
Published 21 December 2016
ဆန်းထူးအောင်

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဘင်္ဂါလီများသည် တရားဝင်များ ရှိသကဲ့သို့ တရားမဝင်များလည်း ရှိပြီး ထိန်းသိမ်းနိုင်ရန်အတွက် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့သော်လည်း ယိုပေါက်များ ရှိနေသေးကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မောင်တောနယ်မြေမှာ တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရေးပါသော နေရာတစ်ခု ဖြစ်ကြောင်း၊ ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီ ဖြစ်ခဲ့စဉ်က ၎င်းတို့စိတ်ကြိုက် လုပ်ဆောင်ခဲ့သည့်အတွက် ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်း ရောက်ရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ယင်းအမွေဆိုးကို ဆက်ခံရကြောင်း၊ တရားဝင်သည်များ ရှိသလို တရားမဝင်သည်များလည်း ရှိကြောင်း၊ ဥပဒေကို လေးစားလိုက်နာမှု မရှိသည်များလည်း ရှိကြောင်း၊ ယင်းတို့အား ထိန်းသိမ်းနိုင်ရန်အတွက် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းနိုင်သော်လည်း ယိုပေါက်များ ရှိနေသေးကြောင်း ပြောကြားသည်။
ထို့ပြင် လွတ်လပ်ရေးဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးနိုင်သော်လည်း လွပ်လပ်ရေး ပြန်လည်ရရှိရန်အတွက် ပေးဆပ်မှုများစွာဖြင့် အချိန်များစွာ ပေးပြီး လုပ်ဆောင်ရသည်ကို နိုင်ငံ့အကြီးအကဲများ ပြောကြားခဲ့ကြောင်း၊ မိမိနိုင်ငံ အပါအဝင် လွတ်လပ်ရေး ဆုံးရှုံးခဲ့သည့် နိုင်ငံများတွင်လည်း အလားတူဖြစ်ကြောင်း၊ ယင်းကို သင်ခန်းစာယူပြီး လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းပြည်ကို ပြန်လည်ထူထောင်ရသည့် လုပ်ငန်းများကိုလည်း ဆိုးမွေအဖြစ် ရင်ဆိုင်ရကြောင်း၊ သို့ဖြစ်၍ ဤဒေသတွင် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် လုံးဝမပေါ့ဆရန် မှာကြားလိုကြောင်း၊ အမှတ်တမဲ့ ပေါ့ဆစွာ နေလိုက်သည့်အတွက် အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရသည့် သာဓကကို သင်ခန်းစာယူပြီး နောက်ထပ်လုံး၀ မဖြစ်စေရန် ထိန်းသိမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

Most Read

Most Recent