ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးတွင် မေ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲများကို ပြုလုပ်ရာ၌ သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲများသို့ တက်ရောက်အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
“နိုင်ငံသားတစ်ယောက် အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်လို့တော့ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဥပဒေချမှတ်တယ်ဆိုတာကလည်း နိုင်ငံတော်အကျိုးပြုရေးအတွက်၊ ပြည်သူပြည်သားများ အားလုံးကောင်းစားရေးအတွက် လုပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဥပဒေဟာဆိုရင်လည်း အရင်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ဒီဥပဒေက အခုမှ အသက်သွင်းတာဖြစ်ပါတယ်။ သင်တန်းဆင်းသွားရင်လည်း ပေးအပ်တဲ့တာဝန်ကို ကျွန်တော်တို့ အပြည့်အဝထမ်းဆောင်ပြီး ပြည်သူပြည်သားအားလုံးကိုလည်း လုံခြုံမှုရှိစေဖို့ ကျွန်တော်တို့ တာဝန်ယူပါမယ်လို့ သစ္စာဆိုထားပါတယ်”ဟု သင်တန်းသားတစ်ဦးက ပြောကြားသည်။
သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသားများအား တွေ့ဆုံအမှာ စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းအမှတ်စဉ် (၂) တွင် တက်ရောက်ကြမည့်သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
“ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) ကို တက်ရောက်ဖြစ်တာကတော့ ကျွန်တော့်စိတ်သဘောဆန္ဒအရ တက်ရောက်ဖြစ်တာပါ။ စစ်ပညာတွေကိုလည်းသင်ယူချင်လို့ပါ။ အမှတ်စဉ်(၁)က သူငယ်ချင်းတွေကိုလည်း အားကျလို့လာတက်တာပါ။ နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာကဏ္ဍကနေ အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) ကို တက်ရောက်နေသည့် သင်တန်းသားတစ်ဦးက ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကြောင်း နစကက ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာသက်ဝင်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက် မိမိသဘောဆန္ဒအလျောက်စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံးအသုတ်သည် ၎င်းတို့ကိုယ်တိုင်ဆန္ဒပြုထားသော Volunteer များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၂၇ ရက်က ပြောကြားထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။