အရေးကြီးအဆို တင်သွင်းခွင့် မရခြင်းအပေါ် အရေးမကြီးဟု ဆိုကာ ပယ်ချခံခဲ့ရကြောင်း ပြောကြားသည့် အဆိုတင်သွင်းသူနှင့် ဝေဖန်ပြောကြားသည့် ကိုယ်စားလှယ်တို့အား ပြည်ထောင်စုလွှတ်တော် နာယက သတိပေး

အရေးကြီးအဆို တင်သွင်းခွင့် မရခြင်းအပေါ် အရေးမကြီးဟု ဆိုကာ ပယ်ချခံခဲ့ရကြောင်း ပြောကြားသည့် အဆိုတင်သွင်းသူနှင့် ဝေဖန်ပြောကြားသည့် ကိုယ်စားလှယ်တို့အား ပြည်ထောင်စုလွှတ်တော် နာယက သတိပေး
Published 20 December 2016

အရေးကြီးအဆို တင်သွင်းခွင့် မရခြင်းအပေါ် အရေးမကြီးဟု ဆိုကာ ပယ်ချခံခဲ့ရကြောင်း ပြောကြားခဲ့သည့် အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးနှင့် ယင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောတို့အား ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် သတိပေး ပြောကြားသည်။ဒီဇင်ဘာ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းဝင်းထူး တင်သွင်းသည့် အရေးကြီးအဆိုကို ပယ်ချခဲ့ခြင်းမှာ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အပိုဒ်ခွဲ (က) ၂ နှင့် ၃ တို့အရ မညီညွတ်၍ ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ခွင့်မပြုရခြင်းကိုလည်း အကျိုးအကြောင်း ဖော်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ကိုယ်စားလှယ်အား ပြခဲ့ကြောင်း၊ သို့ရာတွင် ထိုသို့ ပယ်ချခဲ့ခြင်းအပေါ် ဒီဇင်ဘာ ၁၇ ရက်ထုတ် The Voice Daily သတင်းစာတွင် မိုင်းဝင်းထူးက တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်လာရေး အစိုးရ လုပ်ဆောင်နေပြီ ဖြစ်၍ အရေးမကြီးဟုဆိုကာ အရေးကြီးအဆို တင်သွင်းမည့် အဆိုပြုချက်ကို ဒီဇင်ဘာ ၁၅ ရက် ညနေတွင် ချက်ချင်း ပယ်ချခံလိုက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ထိုသို့ ပယ်ချခဲ့ခြင်းသည် တိုင်းရင်းသားပါတီများ၏ ပြောဆိုခွင့်ကို ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ဦးဦးလှစောက ပြောကြားခဲ့ခြင်းတို့အပေါ် သတိပေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။အဆိုရှင် တင်သွင်းမည့် အရေးကြီး အဆိုသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ (က) ၂ တွင် ယင်းအဆိုသည် လောလောဆယ် ပေါ်ပေါက်လာသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့် အရေးကြီးသက်ဆိုင်သော ကိစ္စလည်း ဖြစ်ပြီးလျှင် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူရန် လိုအပ်သော ကိစ္စလည်း ဖြစ်ရမည်ဟု ဖော်ပြထားရာ အရေးကြီး အဆိုပါ ကိစ္စရပ်သည် လောလောဆယ် ပေါ်ပေါက်လာသော ကိစ္စ မဟုတ်ကြောင်း၊ အများပြည်သူနှင့် အရေးကြီး သက်ဆိုင်သော ကိစ္စ ဖြစ်သော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် မလိုကြောင်း၊ ထို့ကြောင့် အဆိုပါ ပုဒ်မနှင့် မညီညွတ်ခြင်း၊ ၆၆ (က) ၃တွင် လွှတ်တော်တွင် သာမန်နည်းလမ်းအားဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သော ကိစ္စလည်း ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းနှင့် မညီညွတ်သောကြောင့် တင်သွင်းခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ထိုသို့ ဥပဒေနှင့် မညီညွတ်သည့်အတွက် ပယ်ချခဲ့ခြင်းအပေါ် ကိုယ်စားလှယ်နှစ်ဦး၏ ထိုသို့ပြောကြားမှုများသည် ပြည်သူများက ထင်ယောင်ထင်မှားဖြစ်စေကြောင်း၊ လွှတ်တော်၏ ပုံရိပ်ကို များစွာ ထိခိုက်မှုရှိကြောင်း၊ တိုင်းရင်းသား ရင်ကြားစေ့ရေးကို များစွာ ထိခိုက်စေကြောင်းနှင့် အဆိုတင်သွင်းမည်၊ ဆွေးနွေးမည် ဆိုပါက ဥပဒေကို နားလည်အောင် သေချာစွာ ဖတ်ရန်နှင့် ယင်းကိုယ်စားလှယ်နှစ်ဦးအား သတိပေးကြောင်း၊ ခြွင်းချက် အနေဖြင့် တူထုမည် မဟုတ်ကြောင်း၊ သို့ရာတွင် နောက်နောင် ထိုသို့ ဖြစ်ပေါ်လာပါက တူထု သတိပေးရန် လက်နှေးမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း၍ ပြောကြားသည်။“နာယက အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ကို နောက်နောင် မမှန်တဲ့ စကားတွေမပြောဖို့၊ နောက်တစ်ယောက်ကလည်း မှန်မမှန် မသေချာဘဲနဲ့ ရမ်းပြီးတော့ မဝေဖန်ဖို့၊ မဆွေးနွေးဖို့ ပြောကြားလိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေက ယုံကြည်ပြီးတော့ သူတို့အကျိုးအတွက် နိုင်ငံအတွက် ထမ်းဆောင်ဖို့ ရွေးလိုက်တာပါ။ လူကြီးလူကောင်း စာရင်းဝင်တဲ့ ပုဂ္ဂိုလ်တွေပါ။ သာမန်အရပ်သား မဟုတ်ပါဘူး။ ဒီလိုမဟုတ် မမှန်ပြောတာ လူကြီးလူကောင်းတွေရဲ့ အမူအကျင့် မဟုတ်ပါဘူး။ အဲဒါကို သတိထားပါ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အနေနဲ့ နောက်နောင် ဒီလိုမျိုး မပြုလုပ်ဖို့ နာယက အနေနဲ့ သတိပေးပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။မိုင်းထူးဝင်းက ဒီဇင်ဘာ ၁၅ ရက်၌ ပြည်ထောင်စု လွှတ်တော်တွင် နှစ်များရှည်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် အလို့ငှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ လာမည့် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်း ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အားလုံး ပါဝင်တက်ရောက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အားလုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးနိုင်ရေး၌ အဟန့်အတားများကို ဖြေလျှော့၍ အားလုံးပါဝင် တက်ရောက် လက်မှတ်ရေးထိုးနိုင်ရန်အတွက် NRPC ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် အလျင်အမြန် လုပ်ဆောင်ပေးရန် NRPC နှင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent