ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ဖွဲ့စည်း
Published 20 December 2016
ကျော်ဇင်ဝင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။အဆိုပါ JCB ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးကို နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး JCB အဖွဲ့ကို အစိုးရဘက်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ရှစ်ဦးတွင် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များလည်း ပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။“တရားဝင် ဖွဲ့ပြီးကြောင်းလည်း ကြေညာပြီးပြီ။ ဒီကိစ္စ တစ်ခုတည်းပါပဲ။ အဲဒီမှာမှ JCB ရဲ့ ToR လို့ခေါ်တဲ့ လုပ်ငန်းလမ်းညွှန်တွေကို အတည်ပြုတာပေါ့ဗျာ။ ဒါတစ်ခု။ နောက်တစ်ခါ ဦးစားပေးလုပ်ရမယ့် ကဏ္ဍတွေကို သတ်မှတ်ပေးတာပေါ့ အဲဒါလောက်ပါပဲ ပြီးသွားတယ်။ သူတို့ အလှူရှင် အဖွဲ့အစည်းက လာပြီးတော့ ရှင်းလင်းပြတာ ရှိပါတယ်။ ဒါ ပထမပိုင်းပါ။ အထူးအထွေတော့ မရှိဘူး။ ဒီနေ့က နေ့ဝက်ပဲဆိုတော့ အဓိကကျတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေ ကိစ္စနဲ့ပဲ အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်။ ကဏ္ဍကြီးတွေ Program ကြီးတွေကို Approve လုပ်ဖို့ပါပဲ။ အသေးစိတ် သုံးရမယ့်ငွေနဲ့ သုံးရမယ့် အဖွဲ့အစည်း ဒါကတော့ အလှူရှင်နဲ့ အလုပ်လုပ်မယ့် အဖွဲ့အစည်းကတော့ တိုက်ရိုက်သွားမှာပဲ။ လမ်းညွှန်ချက် ချပေးတဲ့ သဘောလောက်ပါပဲ” ဟု PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။နိုင်ငံတကာ အလှူရှင်များက ကူညီထောက်ပံ့လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေများနှင့် ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်း မဟုတ်ကြောင်း၊ များပြားလှသော အဖွဲ့အစည်းများအကြား ထောက်ပံ့ကူညီမှု ရရှိနိုင်သည့် အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှုများစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံကိန်းများကို မျှမျှတတနှင့် ထိထိရောက်ရောက် ဖြစ်စေရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင်လည်း အလှူရှင်ဘက်က ထောက်ပံ့ ကူညီလိုသည့် စီမံကိန်းများ မဖြစ်စေဘဲ လက်တွေ့ အခြေအနေ ပကတိ လိုအပ်ချက်များကို အခြေခံ စဉ်းစားသုံးသပ်ပြီး အလှူရှင်များဘက်က လိုအပ်သည့် အလှူငွေများ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုသော စီမံကိန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး ဤအဖွဲ့က တာဝန်ယူ ညှိနှိုင်းပေးရန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JCB ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ထို့ပြင် ပထမဆုံး အနေဖြင့် လိုအပ်ချက်များအလိုက် ဦးစားပေး ကဏ္ဍများ သတ်မှတ်နိုင်ရေးဖြစ်ကြောင်း၊ ဒုတိယအချက် အနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ရရှိရေး ရှာဖွေရန်ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် နိုင်ငံတကာ ကူညီထောက်ပံ့မှု သာမက ပြည်တွင်းမှ အလှူရှင်များ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီမှုများကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ အလေအလွင့် အနည်းဆုံး ဖြစ်စေရေး၊ မလိုအပ်သော အပိုကုန်ကျမှု၊ အပိုသုံးစွဲမှုများ မရှိစေရေး တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး လေးရပ် ထားရှိရေးကို JCB ဖွဲ့စည်းခြင်း အစည်းအဝေး၌ သဘောတူ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ကဏ္ဍကြီး လေးရပ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ခွဲေ၀ သုံးစွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကဏ္ဍ (Ceasefire Sector)၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ (Negotiation and Dialogue Sector)၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ (Peace Supporting Development Sector) နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကဏ္ဍ (NRPC Sector) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။JCB အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာ နန်တောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။ထို့အတူ JCB အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်မှ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သော အဖွဲ့များကိုယ်စား ပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေအတွင်းရေးမှူး)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO ဦးဆောင်နာယက)၊ စိုင်းလျန်း (RCSS/SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေအတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF) တို့ တက်ရောက်ခဲ့ပြီး NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များကိုယ်စား နိုင်အောင်မငေး (DPN အဖွဲ့ဝင်)၊ ဦးထွန်းဇော် (DPN အဖွဲ့ဝင်)၊ နိုင်ဗညားမွန် (NMSP)၊ ဦးစံလော့ (‘ဝ’ အထူးဒေသ(၂)၊ ပြည်ပဆက်ဆံရေး ဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ (၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent