ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တပ်မတော် ရေရေလည်လည် ညှိနှိုင်းပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသင့်ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တပ်မတော် ရေရေလည်လည် ညှိနှိုင်းပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသင့်ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
Published 18 December 2016
ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့်တပ်မတော် ရေရေလည်လည် ညှိနှိုင်းပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသင့်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့နှင့် ပတ်သက်၍ အစိုးရ၏ လုပ်ငန်းစဉ်အပေါ် သဘောထားအား မီဒီယာများက မေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဦးခွန်ထွန်းဦးက “အစိုးရက ဒါမလုပ်ခင်ကတင် တပ်မတော်နဲ့ ထဲထဲဝင်ဝင်ပေါင်းပြီးတော့ စကားပြောပြီးလုပ်ရမှာ။ ဘာကြောင့်ဆို အာဏာက ကွာတာကိုး။ တစ်ဖက်က အစိုးရနဲ့ လွှတ်တော်ရထားတယ်။ တစ်ဖက်က ရှင်းရှင်းပြောရရင် ကာကွယ်ရေးတို့၊ နယ်စပ်လုံခြုံရေးတို့၊ ပြည်ထဲရေးတို့ နောက်ပြီးတော့ အုပ်ချုပ်ရေးတို့မှာ တစ်ဖက်က ရထားတော့ဒါက ပြိုင်တူလိုဖြစ်နေတယ်။ အခုသေချာစဉ်းစားမယ်ဆိုရင် မြန်မာပြည်မှာ အစိုးရနှစ်ခုလို ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်ထင်တာကတော့ ဒီအစိုးရနဲ့တပ်နဲ့က ရေရေလည်လည် ညှိပြီးမှ တိုင်းရင်းသားတွေနဲ့ စကားပြောမှ ရမယ်ထင်တယ်။ တစ်ယောက် တစ်ပေါက်ညှိနေလို့ကတော့ သိပ်ပြီးတော့ရမယ် မထင်ဘူး” ဟုပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းပြ မြေပုံတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊ ပြင်ဆင် အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင် နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကျင်းပခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း အောက်တိုဘာ ၁၅ ရက်က နေပြည်တော်ရှိ MICC-1 တွင်ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် အစိုးရက ထုတ်ပြန်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်လွှတ်တော်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ခက်ခဲသွားမည်ကို စိုးရိမ်ကြောင်း ဦးခွန်ထွန်းဦးက သုံးသပ်ပြောကြားသည်။ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သော ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ်အရေးပေါ် အစည်းအဝေး တတိယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA, TNLA, MNDAA, AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆိုကို လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးအောင်သူက တင်သွင်းခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ကတော့ ရင်လေးတယ်။ ရင်လေးတယ်ဆိုတာက ကွဲကွဲပြားပြား ဖြစ်ကုန်ပြီပေါ့။ အဓိကဖြစ်တာက ပြည်သူ့လွှတ်တော်မှာ စလိုက်တဲ့ဟာကို ရှမ်းပြည်လွှတ်တော်ကနေပြီးတော့ ထောက်ခံပေးလိုက်တာက အစဉ်အလာမကောင်းဘူးဗျ။ ခါတိုင်းအဲဒီလိုပဲ ရှင်းရှင်းလင်းလင်း ပြောရလို့ရှိရင် နောက်ထပ်လေးနှစ်နဲ့ လေးလမှာ အဲဒီလိုပဲ ဖြစ်လာမှာတောင် စိုးရိမ်ရသေးတယ်။ ဒါကိုတော့ ကျွန်တော်တို့ နောင်ဆိုရင်တော့ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ မဖြစ်အောင်တော့ ကျွန်တော်တို့လုပ်ရမှာပဲ”ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သည် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါဝင်ခြင်းမရှိသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး NCA တွင်ပါဝင်နိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းလျက် ရှိနေသည်။

Most Read

Most Recent