လက်ဖက်ရည်အကြောင်း

လက်ဖက်ရည်အကြောင်း
Published 11 December 2016
ဝဏ္ဏ(မိတ္ထီလာ)

လက်ဖက်ရည်လို့ ပြောလိုက်တာနဲ့ အများစုက နွားနို့၊ သကြား၊ နို့ဆီ၊ နို့စိမ်း၊ လက်ဖက်ခြောက်၊  ရေနွေးနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို ပြေးမြင်ကြတာပါပဲ၊ Tea လို့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရိုက်ရှာကြည့်ရင်လည်း လက်ဖက်ရည်လို့ပဲ အဓိပ္ပာယ်ရပါတယ်။
ဒါဟာ လက်ဖက်ရည်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ နားလည်ထားတဲ့အချက်တွေပါပဲ၊ လက်ဖက်ရည်သောက်တာ လက်ဖက်ရည်ဆိုင် ထိုင်တာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးပေါ်ရဲ့ ဘယ်နေရာမှာမှ စစ်မဖြစ်ပွားတယ်လို့ မကြားဖူးပေမယ့် မြန်မာပြည်မှာတော့ လက်ဖက်ရည်ဖိုးဆိုတဲ့ ဝေါဟာရကြောင့် လက်ဖက်ရည်တွေ နာမည်ပျက်ခဲ့ရဖူးပါတယ်။ ကြက်သွန်နဲ့ပေါင်းမှ အထောင်းခံရသလိုပဲ လက်ဖက်ရည်လည်း သူ့ဘာသာနေရင် အကောင်းဖြစ်ပေမယ့် အစိုးရဝန်ထမ်းတချို့ရဲ့ အကျင့်ပျက်မှုကြောင့် လက်ဖက်ရည်ဖိုး ပေးခဲ့ရတယ်ဆိုပြီး  နာမည်နာခဲ့ရပါတယ်။ (ခုခေတ်တော့ လက်ဖက်ရည်ဖိုးအစား သဒ္ဓါကြေးလို့ နာမည်ပြောင်းသွားလို့ လက်ဖက်ရည်လည်း နာမည်ပျက် သက်သာသွားပါပြီ) လက်ဖက်ရည်ကို မြန်မာနိုင်ငံမှာတော့ ပုံမှန်၊ ချိုကျ၊ ချိုစိမ့်၊ ကျဆိမ့်၊ ပေါ့ကျ၊ တိုင်ကီ၊ Half စသဖြင့် အရသာ၊ အရွယ်အစားအမျိုးမျိုးကို လက်ဖက်ရည်ဆိုင်၊ ကဖီး၊ Tea Shop အစရှိတဲ့ ဆိုင်တွေမှာ ဝယ်သောက်လေ့ ရှိကြပါတယ်။ လက်ဖက်ရည်တစ်ခွက်ကို ပျမ်းမျှ ကျပ်နှစ်ရာ၊ ကျပ်သုံးရာဈေး ရှိပါတယ်။လက်ဖက်ရည်ကို ကိုယ့်အိမ်မှာကိုယ် ဖျော်သောက်တာထက် ဆိုင်မှာဝယ်သောက်တာ ပိုများတယ်ဆိုတာ ပေါများလာတဲ့ လက်ဖက်ရည်ဆိုင်တွေကို ကြည့်ရင်သိသာပါတယ်။  အိန္ဒိယမှာတော့ လက်ဖက်ရည်ကို မဆလာ၊ ချင်း၊ ငရုတ်ကောင်း၊ ဖာလာစေ့၊ လေးညှင်းစတဲ့ အမွှေးအကြိုင်တွေ ထည့်သောက်ကာ တစ်နိုင် တစ်ပိုင် လက်ဖက်ရည်ဆိုင်လေးတွေက တစ်ခါသုံး ပလတ်စတစ်ခွက်လေးတွေနဲ့ ရောင်းချလေ့ရှိပြီး လက်ဖက်ရည်ဆိုင် အထိုင်နည်းကြတယ်လို့ သိရပါတယ်။ 
လက်ဖက်ရည်သမိုင်းကြောင်းတွေ ပြောရင် အရှည်ကြီးဖြစ်နေမှာ ဖြစ်ပြီး ခုခေတ်ကာလမှာတောင် လက်ဖက်ရည်နဲ့ ပတ်သက်တဲ့ တေးသီချင်းတွေ အများကြီး ပေါ်ထွက်ခဲ့ကာ နောင်လည်း ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါတယ်။ အဒီထဲကမှ လက်ဖက်ရည်သောက်တာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာနဲ့ ပတ်သက်ပြီး  ကိုင်ဇာကတော့ လက်ဖက်ရည်သောက်ဖို့ လက်ဖက်ရည်ဆိုင်ကိုသွားကြပါစို့ လေဆိုသလို ခင်ဝမ်းကတော့ လွတ်လပ်ရေးကဖီးကို သွားကြရအောင်၊ သွားကြရအောင်လို့ဆိုပါတယ်။ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ နောက် အလွမ်းသီချင်းတစ်ပုဒ်ကတော့ အလွမ်းကဖီးရဲ့ ထောင့်လေးမှာဆိုတဲ့ ဂျေညီညီရဲ့ တေးသီချင်းက ထင်ရှားပါတယ်။ ဒါဟာ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့ တေးသီချင်းပေါင်း မြောက်မြားစွာထဲက ထင်ရှားကျော်ကြားတဲ့ စာသားတချို့ပါပဲ၊ ကျွန်တော်တို့ မြန်မာတွေဟာ လက်ဖက်ရည်ဆိုင်ကို အကြောင်းအမျိုးမျိုးနဲ့ ထိုင်လေ့ရှိပါတယ်။ တချို့ကလည်း လက်ဖက်ရည်သောက်ဖို့၊ တချို့ကလည်း စီးပွားရေးအတွက် လူချင်း အချိန်းအချက်ကို လက်ဖက်ရည်ဆိုင်မှာ လုပ်လေ့ရှိပါတယ်။ ရန်ကုန် ကားပွဲစားလောကမှာတော့  နှစ်ပေါင်းများစွာရင်းနှီးတဲ့ ကားပွဲစားအချို့ဟာ အချင်းချင်း အိမ်လိပ်စာ မသိပါဘူး။ လက်ဖက်ရည်ဆိုင်မှာ အချိန်းအချက်နဲ့တွေ့ဆုံ အလုပ်လုပ်ကြတာပါ။ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်ပြီး ပြောရရင် မုံရွာလက်ဖက်ရည်ဆိုင်တွေက လူနှစ်ရာလောက်ကို တစ်ပြိုင်နက်တည်း လက်ဖက်ရည်ဆိုင် ထိုင်နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။
လက်ဖက်ရည်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှု ဟုတ်မဟုတ်မသေချာပေမယ့်။ လက်ဖက်ရည်နဲ့ လက်ဖက်ရည်ဆိုင်ဟာ ကျွန်တော်တို့ လူမှု့ဘဝမှာ အရေးပါ အရာရောက်တဲ့ နေရာတစ်နေရာမှာ ရှိနေပါတယ်။ ဒီလောက်ပြောရရင် ကျွန်တော်ဟာလည်း လက်ဖက်ရည်ဆိုင်နဲ့ မကင်းနိုင်တဲ့လူ၊ လက်ဖက်ရည်သမား တစ်ယောက်ဖြစ်မယ်ဆိုတာ သဘောပေါက်ကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်ဟာလည်း အခြားအခြားသော လက်ဖက်ရည်သမားများနည်းတူ အိမ်မှာဖျော်တဲ့ လက်ဖက်ရည်ဟာ ဆိုင်ဖျော်လောက် အရသာမရှိလို့ မှတ်ထင်သူတစ်ဦးဖြစ်ပြီး မိတ်ဆွေတွေနဲ့ ဆုံတွေ့ဖို့ မိတ္ထီလာမြို့ မြို့မရပ်ကွက်ထဲက မီးသတ်ဒေါ်ညို လက်ဖက်ရည်ဆိုင်ကို မှန်မှန်သွားလေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ မီးသတ်ဒေါ်ညို လက်ဖက်ရည်ကလည်း ခေတဲ့ လက်ဖက်ရည်တော့ မဟုတ်ပါဘူး။ ကြုံကြိုက်တုန်း ကြော်ငြာဝင်ရရင် အမေမီးသတ်ဒေါ်စိန်ကနေ သမီး မီးသတ်ဒေါ်ညိုဆိုပြီး လက်ဖက်ရည်ကို လက်ဆင့်ကမ်းခဲ့တာ ခုဆို ဒေါ်ညိုတောင် အသက် (၆၀) ကျော် ပြီဆိုတော့ လက်ဖက်ရည်ဆိုင် သက်တမ်းကို တွက်ဆကြည့်လို့ရပါတယ်။ ဒေါ်ညိုလက်ဖက်ရည်ကတော့ နို့စိမ်း၊ နို့ဆီ လုံးဝမသုံးဘဲ နွားနို့တစ်မျိုးတည်းကိုပဲ လက်ဖက်ခြောက်နဲ့  လက်ဖက်ရည်ဖျော်တာမို့ အခြားဆိုင်တွေက လက်ဖက်ရည်တွေနဲ့ အရသာ သိပ်မတူပါဘူး၊ ကျွန်တော့်လို ဒေါ်ညို လက်ဖက်ရည်ဆိုင်ကို မှန်မှန်လာလေ့ရှိသူ တွေစုပြီး မနက်ခင်းတိုင်း လက်ဖက်ရည်စကားဝိုင်းလေးမှာ အနည်းဆုံးလူ ၁၀ ယောက် လောက် မနက်ခင်း ၉ နာရီ ပတ်ဝန်းကျင်ဆို လူစုမိလေ့ရှိပါတယ်။ ဒီလက်ဖက်ရည်ဆိုင် စကားဝိုင်းလေးမှာ အိုဘားမား၊ ဟီလာရီကလင်တန်၊ ဗလာဒီမာပူတင်၊ ဒေါ်နယ်ထရန့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ၁၀၅ မိုင် မူဆယ်ကားလမ်းမ၊ အင်းဝအပ်ချုပ်ဆိုင်တွေ အကြောင်းကနေ မိုးဟေကို၊ ထားထက်ထက်၊ စိုးမြတ်သူဇာ၊ သဇင်၊ ဝိုင်းစုခိုင်သိန်းစတဲ့ အကြောင်းတွေကိုလည်း ပြောကြလေ့ရှိပါတယ်။ ဒီလက်ဖက်ရည်ဆိုင် စကားဝိုင်းလေးကပဲ အငြင်းအခုန် တွေဖြစ်ကြရင် ရှေ့နေဦးဇေယျာမောင်က နေပါဦးခင်ဗျားတို့ကလည်း ကျုပ်ပြောတာ နားထောင်ကြပါဦးဆိုပြီး ဝင်ပါလာရင်းဆက်လက် ငြင်းခုံလေ့ရှိပါတယ်။
ဒီလက်ဖက်ရည်ဆိုင်လေးမှာ လက်ဖက်ရည်သောက်ရင်း ဘာသာရေး၊ လူမှုရေးတွေကို ဆောင်ရွက်ပြီး ဒီလက်ဖက်ရည်ဝိုင်းလေးကနေပဲ ရေဘေး၊ ငလျင်ဘေး ပရဟိတလုပ်ငန်းတွေ စတင်ဆွေးနွေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သဘောကတော့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လွတ်လွတ်လပ်လပ် ပြောလေ့ရှိကြတဲ့သဘောပါ၊ ဒီလို လက်ဖက်ရည်ဆိုင်မှာ လွတ်လွတ်လပ်လပ် ပြောရခြင်းဟာ အိမ်ဖျော်ထက် ဆိုင်ဖျော်က ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ၊ လက်ဖက်ရည်စွဲစွဲမြဲမြဲ သောက်ပြီး လက်ဖက်ရည်ဆိုင် မှန်မှန်ထိုင်လေ့ရှိတဲ့ ဦးစန်းဝင်းကတော့ လက်ဖက်ရည်နဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။ “မနက်ခင်းတိုင်း လက်ဖက်ရည်ဆိုင်ထိုင်တာ နှစ်နှစ်ဆယ်လောက်ရှိပြီ၊ လက်ဖက်ရည်လည်း သောက်ချင်တယ်။ မိတ်ဆွေတွေနဲ့ စကားလည်း ပြောချင်တာမို့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်နေတာ၊ အိမ်ဖျော်သောက်ရင် အဲဒီအရသာ မရဘူးလေ၊ မနက်ခင်းစာလည်း လက်ဖက်ရည်ဆိုင် တင်ပြီးလိုက်တာ နှစ်မနည်းတော့ဘူး” လို့  မနက်တိုင်း လက်ဖက်ရည်ဆိုင်မှန်မှန်ထိုင်တဲ့ ဦးစန်းဝင်းက ဆိုပါတယ်။
စာရင်း အတိအကျ မဟုတ်ပေမယ့် မိတ္ထီလာတစ်မြို့တည်းတင် လက်ဖက်ရည်ဆိုင် ရာကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ လက်ဖက်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော်လို လူမျိုးတွေ အများကြီးဆိုတဲ့ သက်သေပါပဲ၊ ကျွန်တော်တို့ဟာ လက်ဖက်ရည်သောက်ဖို့ လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် လက်ဖက်ရည်ဆိုင်ကို လာကြတယ်။ ဒီဓလေ့နဲ့ပတ်သက်ပြီး စာရေးဆရာ မင်းလူကလည်း ဝတ္တုတစ်ပုဒ်ရေးခဲ့ပါသေးတယ်။ အဲဒီဝတ္ထုရဲ့ အဓိပ္ပာယ်ကတော့ လွတ်လွတ်လပ်လပ် လက်ဖက်ရည်ဆိုင်ထိုင် ခွင့်ပြုပါဆိုတဲ့ သဘောပါပဲ။ ခုရက်ပိုင်းမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူရဲ့ လက်ဖက်ရည်တစ်ခွက် လျှော့သောက်ပြီး လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့အစီအစဉ်ဟာ ခေတ်စားနေပါတယ်။ ဒေါက်တာအောင်သူကတော့ ဒီအစီအစဉ်ကိုမျှဝေခြင်း အစီအစဉ် လို့ ခေါ်ဆိုခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနတွေကနေ စတင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လောလောလတ်လတ် လူသိများထင်ရှားနေတဲ့  လက်ဖက်ရည်နဲ့ ပတ်သက်ပြီး လူအများ ဝေဖန်ဆွေးနွေးနေတဲ့  ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ တချို့သော ပြည်သူတွေကလည်း ဌာနဆိုင်ရာတွေရဲ့ ယိုပေါက်ဟာပေါက်တွေ၊ လက်ဖက်ရည်ဖိုးတွေ၊ သဒ္ဓါကြေးတွေ  ပိတ်လိုက်ရင် လက်ဖက်ရည် အခွက်တစ်သန်းမက ပြန်ရနိုင်တယ်လို့ ဆွေးနွေးပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့တစ်တွေကတော့  လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ဝန်ကြီးဒေါက်တာအောင်သူရဲ့လူတစ်ယောက် လက်ဖက်ရည်တစ်ခွက် လျှော့သောက်ခြင်း အစီအစဉ် အောင်မြင်နိုင် မအောင်မြင်နိုင် ဆွေးနွေးကြရဦးမှာပါပဲ။

Most Read

Most Recent