မိုနိုပိုလီ ဈေးကွက်၊ အပြည့်ပြိုင်ဆိုင်မှု ဈေးကွက်နှင့် အင်ဖလေးရှင်း

မိုနိုပိုလီ ဈေးကွက်၊ အပြည့်ပြိုင်ဆိုင်မှု ဈေးကွက်နှင့် အင်ဖလေးရှင်း
Published 31 March 2024
ရွှေသင် (MPP)

''နိဒါန်း''

          မိုနိုပိုလီ (Monopoly) ပါဝါရယူလုပ်ကိုင်မှုများသည် ဈေးနှုန်းနှင့်ထုတ်ကုန်အရေအတွက်ကို ထိန်းချုပ်မှုဖြစ်စေပြီး စျေးကွက်များကို စွမ်းဆောင်လျော့ပါးစေသည်ဟု စီးပွားရေးပညာရှင်များက ယုံကြည်ခဲ့ကြသည်။ အပြည့်ပြိုင်ဆိုင်မှုရှိသော (perfect Competition) အခြေအနေမှ သွေဖည်လာသည့် မိုနိုပိုလီအခြေအနေတွင် လက်ဝါးကြီးအုပ်လုပ်ကိုင်မှုများ ပေါ်ပေါက်လာပြီး ဈေးကွက်များစွမ်းဆောင်ရည်များ သေချာပေါက်လျော့ကျလာမည်။

''အပြည့်အဝပြိုင်ဆိုင်မှုအယူအဆနှင့် ဝန်းကျင်''

          အပြည့်အဝပြိုင်ဆိုင်လုပ်ကိုင်နေသည့်ဈေးကွက် သို့မဟုတ် စီးပွားရေးအဆောက်အအုံထဲ၌ အောက်ပါအခြေအနေများဖြစ်နေသည်။  

- ဝယ်သူ၊ ရောင်းသူ အများအပြားရှိနေခြင်း၊

- ထပ်တူကျ၊ တူညီသောကုန်ပစ္စည်းများဖြစ်နေခြင်း၊ 

-ဝယ်သူ၊ ရောင်းသူများအားလုံးသည် ဈေးကွက်နှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့်အစုံရရှိနေခြင်း၊

-စျေးကွက်ထဲသို့ မည်သည့်အဟန့်အတားမျှမရှိဘဲ ဝင်နိုင်၊ ထွက်နိုင်ခြင်း (အလွယ်တကူ ဝင်ရောက် ရောင်းဝယ်နိုင်ခြင်း)။

           ထိုအခြေအနေဖြစ်ပေါ်နေသည့်ဈေးကွက်များထဲတွင်  ဝယ်သူနှင့်ရောင်းချသူ မည်သူမျှ ကုန်ပစ္စည်း၏ စျေးနှုန်းအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိ၊ အားလုံးသည် ဈေးကွက်တွင်ဖြစ်ပေါ်နေသော စျေးနှုန်းအတိုင်းသာ အရောင်းအဝယ်လုပ်ကြရ၏။ ထို့ကြောင့် အားလုံးသည်ဈေးနှုန်းရယူသူများ (price takers) ဖြစ်ကြသည်။ 

          ထိုအခြေအနေမျိုးတွင် စွန့်ထွင်လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များ (entrepreneurs) ပေါ်ထွက်လာကြမည်မဟုတ်။ ဈေးကွက်အတွင်းကုန်ပစ္စည်း

(ထုတ်ကုန်သစ်) များလည်း မြင်တွေ့ရမည် မဟုတ်ပေ။ အပြည့်ပြိုင်ဆိုင်မှုအယူအဆကို ထောက်ခံသူများက စွန့်ထွင်လုပ်ငန်းရှင်များရှိသောဈေးကွက်သည် အပြည့် အဝပြိုင်ဆိုင်မှုမရှိသည့်အခြေအနေ (imperfect competition) ဖြစ်ပြီး စားသုံးသူများ အကျိုးစီးပွားအတွက် ကောင်းမွန်မှုမရှိဟုလည်းဆိုသည်။ 

          လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုသည်ထုတ်ကုန်အမည်သစ်တစ်မျိုးဖြင့် စျေးကွက်တစ်ခုအား လွှမ်းမိုးထားသည်ဟု ယူဆကြပါစို့။ ထိုအခြေအနေသည် စွန့်ထွင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များရှိသည့်ဝန်းကျင်ဖြစ်ပြီး တစ်ဦးတည်း၊ တစ်အုပ်စုတည်း ချုပ်ကိုင်နေသည့် မိုနိုပိုလီအခြေအနေဖြစ်နေသည်။ ထိုဈေးကွက်အခြေအနေတွင် အစိုးရက ဝင်ရောက်ပတ်သက်စွက်ဖက်သင့်သည်ဟုဆိုနိုင်ပါသလား။ ထိုအချက်သည် စဉ်းစားစရာဖြစ်၏။ ပြိုင်ဆိုင်လုပ်ကိုင်မှုများသည် ဈေးကွက် သို့မဟုတ် ကဏ္ဍတစ်ခုအတွင်းပါဝင်သူ (ထုတ်လုပ်သူ /ရောင်းချသူ) များပြားလာခြင်းမဟုတ်ဘဲ ထုတ်ကုန်ပစ္စည်းအမျိုးအမည်များပြားခြင်း၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည်ဟု သဘောပေါက်ရမည် ။   

 

''ထုတ်ကုန်များ ပြိုင်ဆိုင်မှု၊ ကုမ္ပဏီများပြိုင်ဆိုင်ခြင်း မဟုတ်''

          ထုတ်ကုန်အမျိုးအစားများလေလေ၊ ပြိုင်ဆိုင်လုပ်ကိုင်မှုကြီးမားလေလေ၊ စားသုံးသူအတွက် အကျိုးများလေလေဖြစ်သည်။ စွန့်ထွင်လုပ်ကိုင်သူတစ်ဦးသည် ဈေးကွက်ထဲ၌ ထုတ်ကုန်သစ် မိတ်ဆက်လိုက်ခြင်းသည် ၎င်းကြိုးစားအားထုတ်မှု၏ရလဒ်ကို ဖော်ပြခြင်းဖြစ်သည်။ ၎င်း၏ထုတ်ကုန်သစ်သည် ဈေးကွက်ဝေစုကိုလည်း ၁၀၀ ရာခိုင်နှုန်းပြည့် ရရှိသွားသည်ဟုဆိုသည်။ စွန့်ထွင်လုပ်ငန်းရှင်က ထုတ်ကုန်သစ်ဖြင့် ဈေးကွက်ကို ခေတ္တခဏ လက်ဝါးကြီးအုပ်ထားနိုင်ချိန်တွင်စားသုံးသူများ (ဝယ်ယူသူများ) ၏ အကျိုးစီးပွားလျော့ပါးမှုများ ရှိလာနိုင်သည်။ ဤသို့ဆိုလျှင် ထုတ်ကုန်သစ်များသည် စားသုံးသူများ၏ အကျိုးစီးပွားကိုယုတ်လျော့သွားစေသည်မှာ အမြဲတမ်းမှန်ကန်ခြင်း ရှိ/မရှိဆိုသည်မှာလည်း စဉ်းစားစရာဖြစ်သည်။ အကယ်၍ စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အပြည့်အဝပြိုင်ဆိုင်သည့်ဈေးကွက်ကို အတင်းအကျပ်ဖန်တီးသတ်မှတ်မည်ဆိုပါက ဈေးကွက်အတွင်း ထုတ်ကုန်သစ်ထွက်ပေါ်လာမည်မဟုတ်ပေ။   

          စွန့်ထွင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ကုန်ပစ္စည်းသစ်တစ်ခုကို ဈေးကွက်အတွင်း အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပြီးနောက် အမြတ်ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်း၏ကုန်ထုတ်သစ်ဈေးကွက်ထဲသို့ အခြားလုပ်ငန်းရှင်များကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားသည်။ ၎င်း၏ထုတ်ကုန်သစ်ကို လက်ခံအားပေးမှုများကြား၌ စားသုံးသူများ၏ အပြိုင်အဆိုင်ဝယ်ယူများလည်းဖြစ်လာလိမ့်မည်။ အခြေအနေသည် အခြားသောလုပ်ငန်းရှင်များ၏ အာရုံကို ဖမ်းစားသွားနိုင်ပြီး မကြာမီအချိန် သို့မဟုတ် အနာဂတ်ကာလများ၌ အခြားသောလုပ်ငန်းရှင်များ၏ စိတ်ကူးသစ်များနှင့် ထုတ်ကုန်သစ်များ ထပ်မံထွက်ပေါ်သည်ကိုတွေ့ရလိမ့်မည်။   

          သတိပြုရမည်မှာ စျေးကွက်ကို လက်ဝါးကြီးအုပ်လွှမ်းမိုးထားနိုင်မှု (မိုနိုပိုလီပါဝါ) သော်လည်း၊ ၎င်း၏ထုတ်ကုန်ကို စိတ်ကြိုက်ဈေးနှုန်းသတ်မှတ်ရောင်းချနိုင်မည် မဟုတ်ပေ။ စားသုံးသူများ လက်ခံနိုင်သည့်ဈေးနှုန်းအဆင့်ဖြင့် ကမ်းလှမ်းနိုင်မှသာ အလုပ်ဖြစ်နိုင်မည်။ ထို့ကြောင့် စွန့်ထွင်လုပ်ငန်းရှင်များသည် ဈေးနှုန်းသတ်မှတ်နိုင်ရေးအတွက် ထုတ်လုပ်မှုစရိတ်ကို တွက်ချက်နေစဉ်မှာပင် စားသုံးသူများ၏ အခြေအနေအရပ်ရပ် (စီးပွားရေး၊ စိတ်ဝင်စားမှု၊ အခြားထုတ်ကုန်များနှင့် ယှဉ်၍ မိမိထုတ်ကုန်သစ်အပေါ် စားသုံးသူများ ငွေကြေးသုံးစွဲနိုင်မှု) တို့ကိုပါ  ထည့်သွင်းစဉ်းစား၍ ခန့်မှန်းတွက်ချက်ကြရသည်။ ဤအချက်များကို လျစ်လျူရှုသော ထုတ်လုပ်သူများသည် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ 

          အကယ်၍  အဆိုပါထုတ်ကုန်ဈေးနှုန်းသည် မြင့်မားသည်ဟုယူဆလျက် အစိုးရက ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်၍ ဈေးနှုန်းကို လျှော့ချရန်လုပ်ဆောင်ခဲ့ပါက စားသုံးသူများ၏ အကျိုးစီးပွားဖြစ်မဖြစ် သေချာတပ်အပ်မပြောနိုင်သော်လည်း စွန့်ထွင်လုပ်ငန်းရှင်များအတွက် ဈေးကွက်မက်လုံးမှာ ပျက်စီးမည်မှာသေချာသည်။

           ထို့ကြောင့်  အစိုးရ၏ ဈေးကွက်အတွင်းဝင်ရောက်စွက်ဖက်မှုသည် ရေရှည်တွင် စားသုံးသူများအတွက်ကောင်းကျိုးဖြစ်၊ မဖြစ်ဆိုသည်မှာသံသယဖြစ်စရာပင်။ ထို့ပြင် အစိုးရ၏ အားထုတ်မှုများသည် ဈေးကွက်အတွင်း ကွဲပြားခြားနားသော ထုတ်ကုန်အမည်သစ်များ ပေါ်ထွက်လာရေးကို ဟန့်တားလျက်ရှိပြီး လုပ်ငန်းများ၏ ပြိုင်ဆိုင်လုပ်ကိုင်နိုင်သည့်စွမ်းရည်များကိုပါ ဖျက်ဆီးနေသည်ဟု ရှုမြင်ကြသည်များလည်း ရှိလာနိုင်သည်။

''အမျိုးမျိုးအစားစား၊ အကွဲကွဲအပြားပြားထုတ်ကုန်များ''

          တစ်မျိုးတစ်စားတည်းတူညီသော ထုတ်ကုန်များဖြင့်သာ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုဖြစ်စေသည်ဟူသော အယူအဆသည် လက်ရှိအခြေအနေတွင် မခိုင်မာတော့ပေ။ ပြိုင်ဆိုင်နိုင်သည့် ဈေးကွက်ပုံစံဖြစ်စေရန် ထုတ်ကုန်တစ်သားတည်းဖြစ်မှု (product homogeneity) ကို တွန်းအားပေးခြင်းသည် ပြိုင်ဆိုင်မှုမရှိသည့်အခြေအနေကိုသာ ဦးတည်သွားနေသည်ဟု ဆိုသည်။

          မတူညီသော ထုတ်ကုန်အမျိုးအစားများရှိနေခြင်းသည် လွတ်လပ်သောဈေးကွက်တစ်ခုကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အထောက်အကူဖြစ်စေသည်။    ထုတ်ကုန်တစ်ခုကို  ထုတ်လုပ်၊ ရောင်းချသူသည် ၎င်း၏ထုတ်ကုန်နှင့်ပတ်သက်၍ ထိန်းချုပ်မှုများ ပြုလုပ်နေရပြီး အခြေအနေအရပ်ရပ်ကိုလည်း စဉ်းစားနေကြရသည်။ စွန့်ဦးတီထွင်တတ်သည့် လုပ်ငန်းရှင်များသည် မတူညီသော စိတ်ကူးစိတ်သန်းများ၊  အရည်အချင်းများရှိသောကြောင့် ၎င်းတို့ထုတ်လုပ်လိုက် သည့် ကုန်ပစ္စည်းအမျိုးအစားများသည်လည်း ကွဲပြားမှုများရှိ၏။ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ရောင်းချမှုနှင့် စားသုံးသူများကို ကမ်းလှမ်းသည့်ပုံစံများ တူညီမှုမရှိနိုင်ပေ။

          တစ်နည်းဆိုသော်စွန့်ထွင်လုပ်ငန်းရှင်သည် ၎င်းထုတ်ကုန်နှင့် ပတ်သက်၍ မိုနိုပိုလီပါဝါရှိသူ သို့မဟုတ် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်သူဖြစ် သည်။ ထိုအခြေအနေကို ဗြိတိသျှ ဘောဂဗေဒပညာရှင် ဂျွန်ရောဘင်ဆင် (Joan Robinson ၁၉၀၃-၁၉၈၃) က spatial monopoly ဟု ရည်ညွှန်းခဲ့သည်။

           အစိုးရသည် စျေးကွက်သို့မဟုတ်ထုတ်လုပ်မှုကဏ္ဍတစ်ခုကို ဝင်ရောက်စွက်ဖက်၍ ဟန့်တားမှုများပြုလုပ်လိုက်သည့်အခါမှ လက်ဝါးကြီးအုပ်လုပ်ကိုင်မှုများ ပေါ်ပေါက်လာနိုင်ပေသည်။ ဈေးကွက်အတွင်း လိုအပ်သော ကုန်ပစ္စည်များနှင့် ဝန်ဆောင်မှုအမျိုးမျိုး ရရှိနိုင်ရေးကို အကန့်အသတ်များဖြစ် လာစေပြီး စားသုံးသူများ အခက်အခဲများ ပိုမိုကြုံတွေ့လာရနိုင်ပေသည်။   

''ငွေကြေးပမာဏနှင့် အင်ဖလေးရှင်း''

          စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း ကုန်ပစ္စည်းအရေအတွက်နှင့် ငွေကြေးပမာဏ အပြောင်းအလဲမရှိပါက ကုန်ပစ္စည်းတစ်ခုအတွက် အသုံးပြုရမည့် ငွေကြေးပမာဏ (ဈေးနှုန်း) မှာ ယေဘုယျအားဖြင့် ပြောင်းလဲမည်မဟုတ်ဟုယူဆသည်။ မိုနိုပိုလီပါဝါဖြင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်သူများကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ယူဆကြည့်ပါ။ မိုနိုပိုလီပါဝါဖြင့် ချုပ်ကိုင်ထားသောထုတ်ကုန်များကို နှစ်သက်သူများက ယခင်ကထက် ငွေကြေးပိုမိုသုံးစွဲ၍ဝယ်ယူကြဖြစ်ပြီး  အခြားကုန်ပစ္စည်းများအပေါ် သုံးစွဲမည့် ငွေကြေးပမာဏ လျော့နည်းသွားနိုင်ပေသည်။ မိုနိုပိုလီပါဝါဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ၏ စျေးနှုန်းများ မြင့်တက်သွားပြီး အခြားကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ (သုံးစွဲမည့်ငွေကြေးပမာဏ လျော့ကျ၊ ဝယ်ယူမှု လျော့ကျမှုတို့ကြောင့်) စျေးနှုန်းများ ကျဆင်းသွားမည်။ အခြေအနေနှစ်ရပ်မှာ ထေမိသွားနိုင်သဖြင့် စီးပွားရေးအဆောက်အအုံထဲရှိ ကုန်စည်များအားလုံး၏ ပျမ်းမျှစျေးနှုန်းအခြေအနေမှာ ယေဘုယျအားဖြင့် အပြောင်းအလဲ ကြီးကြီးမားမားမရှိဖြစ်နေမည်ဟု ယူဆနိုင်ပေသည်။    

           ဖော်ပြခဲ့သော တွေးဆချက်များကြောင့် လွတ်လပ်သောဈေးကွက်အဆောက်အအုံအတွင်း ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်ခြင်း (အင်ဖလေးရှင်းဖြစ်ခြင်း) မှာ မိုနိုပိုလီကြောင့်မဟုတ်ဘဲ ငွေကြေးပမာဏတိုးလာခြင်းကြောင့်သာ ဖြစ်ရန်ရှိသည်ဟု ထောက်ပြမှုများရှိနေခြင်းဖြစ်သည်။ စီးပွားရေး အဆောက်အအုံ အတွင်း မိုနိုပိုလီပါဝါဖြင့် လက်ဝါးကြီးအုပ်လုပ်ကိုင်ခြင်းများ ရှိနေစေကာမူ ငွေကြေးပမာဏတိုးမြင့်မှုမရှိခဲ့ပါက အထွေထွေဈေးနှုန်းအဆင့် အလွန်အမင်းမြင့်တက် လာနိုင် ည် မဟုတ်ဟု ယေဘုယျအားဖြင့် ကောက်ချချနိုင်ပေသည်။    

''နိဂုံး''

          ဈေးကွက်အတွင်း ယှဉ်ပြိုင်လုပ်ကိုင်မှုများ အားပေးမြှင့်တင်ရန်နှင့် အင်ဖလေးရှင်း (ငွေကြေး ဖောင်းပွမှု) အရှိန်မြင့်တက်နေခြင်းကို ဟန့်တားနိုင်ရန် မိုနိုပိုလီခေါ် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကို အစိုးရက ထိန်းကျောင်းသင့်သည်ဟူသော အယူအဆသည် အထင်အမြင်မှားခြင်း (fallacy) သာဖြစ်လိမ့်မည်။ ထို့ပြင်အစိုးရခွင့်ပြုချက်လိုင်စင်အပါအဝင် အခြားသော ကန့်သတ်ချက်အများအပြား မရှိခဲ့လျှင်  အန္တရာယ်ရှိသော လက်ဝါးကြီးအုပ်လုပ်ကိုင်မှုများ (harmful monopolies ) လည်း  ပေါ် ပေါက်လာနိုင်မည်မဟုတ်ဟု ယူဆကြသည်။ မည်သို့ပင် အယူအဆများ ကွဲလွဲနေစေကာမူ အင်ဖလေးရှင်းကိုဖြစ်စေသော အဓိကအကြောင်းတရားများထဲ၌ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒသည်သာ အဓိကဖြစ်သည်ဟု လူအများစုက လက်ညိုးထိုးနေကြပေသည်။   

https://www.eurasiareview.com/                                                

                                                                                                         

Most Read

Most Recent