ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကို နည်းလမ်းရှာညှိနှိုင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တွေ့ဆုံစဉ် တင်ပြခဲ့ဟု KNU အထွေထွေအတွင်းရေးမှူး ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကို နည်းလမ်းရှာညှိနှိုင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တွေ့ဆုံစဉ် တင်ပြခဲ့ဟု KNU အထွေထွေအတွင်းရေးမှူး ပြောကြား
Published 26 November 2016
ကျော်ဇင်ဝင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများအား နည်းလမ်းရှာညှိနှိုင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဆွေးနွေးခဲ့သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများဖြစ်ပွားနေခြင်းကို မည်သူမှားသည်၊ မှန်သည် မပြောလိုကြောင်း၊ တိုက်ပွဲတွေ ဖြစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး Process ထိခိုက်ကြောင်း၊ ပြည်သူများလည်း ဒုက္ခရောက်သည့်အတွက် နည်းလမ်းရှာညှိနှိုင်းရန် တင်ပြခဲ့ကြောင်း ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ “ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ နေရာမှာ NCA မှာ သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အခုဟာ မဆောင်ရွက်နိုင်တဲ့ အပိုင်းတွေလည်း ရှိသေးတာပေါ့။ ခုနက ကျွန်တော်ပြောတဲ့အပိုင်းတို့ နောက်ပြီးတော့ တစ်နှစ်ကျော် လာပေမယ့်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုက အခုမှ စတင်မယ့်သဘော ရှိတဲ့အပေါ်မှာ ခုနက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း စတင်ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ သတ်မှတ်တဲ့ လမ်းညွှန်ချက်အရ ဆောင်ရွက်နိုင်ဖို့အတွက် တင်ပြဆွေးနွေး။ ဆွေးနွေးပြီးတဲ့နောက်မှာ ဆိုလိုတဲ့ သဘောကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အကုန်လုံးက ဝိုင်းဝန်းတာဝန်ယူရမယ်ဆိုတဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတဲ့ NCA ပေါ်မှာ အခြေခံဆောင်ရွက်နေတဲ့အပိုင်းကို ဆွေးနွေးခဲ့ပါတယ်။ မြောက်ပိုင်းကိစ္စကို ကျွန်တော်တို့ တင်ပြပါတယ်။ အခုက ငြိမ်းချမ်းရေးကို လက်နက်ကိုင်ပဋိပက္ခနဲ့ ဘယ်လိုမှ ရှင်းလို့တော့ မရဘူးပေါ့လေ။ နှစ်ပေါင်း ၆၀ လည်း အတွေ့အကြုံရှိလာပြီ။ ဒါကြောင့်မို့လို့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့  ပဋိပက္ခရှိပေမယ့်လည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ တင်ပြခဲ့တာပေါ့နော်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထိုသို့ KNU ၏ တင်ပြမှုအပေါ် တပ်မတော်အနေဖြင့် ပြန်လည် သုံးသပ်နိုင်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
“အတိအကျရယ်လို့ မဟုတ်ပေမယ့်လို့ သူတို့က ပြန်သုံးသပ်မှာပေါ့နော်။ ကျွန်တော်တို့ အဆိုပြုတာ။ ကျွန်တော်တို့  NCA အတိုင်း သွားမယ်ဆိုတာ အကုန်လုံးက NCA မှာ ပါလာလို့ရှိရင် ဒါတွေက ဖြစ်ဖို့က ပိုပြီးတော့ အပစ်အခတ်ရပ်စဲထိန်းနိုင်မယ့် အနေအထားရှိတာပေါ့။ NCA လက်မှတ် မရေးထိုးထားတာ တစ်ချက်ပါတာပေါ့နော်။ နောက်တစ်ချက်က သူတို့က မူလက ကျွန်တော်နားလည်တာ ညှိနှိုင်းတဲ့အပိုင်းလည်း ပါပါတယ်။ ဒီသုံးဖွဲ့ကိုလည်း သူတို့ ညှိလာခဲ့တာ ရှိပါတယ်။ သို့သော်လည်းပဲ တချို့အချက်တွေမှာ သုံးနှုန်းတဲ့ ဝေါဟာရပေါ်မှာ သဘောတူညီမှု မရသေးတော့  ကြားထဲမှာ ဒီကိစ္စလိုမျိုး ဖြစ်လာတာပါ။ အဲဒီလိုတော့ ဆွေးနွေးခဲ့ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု-ပင်လုံ ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရမည့် ကိစ္စရပ်များနှင့် နှစ်ဖက်တပ်များ တပ်နေရာချထားရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တပ်မတော်က နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ တစ်နှစ်ကျော်လာတဲ့အခါ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေတော့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွေ ဖွဲ့စည်းနိုင်ခဲ့တယ်။ သို့သော်လည်း ဒေသအဆင့်မှာ မဖွဲ့စည်းနိုင်သေးဘူး။ နောက်ပြီးတော့လည်း ဒေသအဆင့်အနေနဲ့ တပ်ဆိုင်ရာတပ်ပေါ့နော်။ တပ်ဆိုင်ရာ တပ်ဖွဲ့ရဲ့တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ညှိနှိုင်းပြီးတော့မှ တပ်နေရာ မချထားနိုင်တဲ့အတွက် အခု လက်နက်ကိုင်ပဋိပက္ခတွေ ကြိုကြားကြိုကြား ရှိနေတဲ့အပေါ်မှာ ဒါတွေက အားနည်းချက်က တပ်နေရာချထားရေးကိစ္စ။ တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်တဲ့ကိစ္စ အားနည်းတဲ့အတွက်ကြောင့် ဒီကိစ္စကိုလည်း ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့ပေါ့နော်”ဟု ပဒိုစောကွယ်ထူးဝင်းက တွေ့ဆုံဆွေးနွေးမှုအခြေအနေအား ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှု၌ KNU ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ကာကွယ်ရေးတာဝန်ခံ ပဒိုစောရောဂျာခင်၊  စီးပွားရေးတာဝန်ခံ ပဒိုစောတာဒိုမူးနှင့် စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Most Read

Most Recent