အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများကို ပြည့်စုံသည့်သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများကို ပြည့်စုံသည့်သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 18 November 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အရက်ချက်စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ်တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို နိုဝင်ဘာ ၁၈ ရက်က ပြည်သူ့လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက တင်သွင်းသည်။
နိုင်ငံတစ်ဝန်းတွင်ရှိသော အရက်ချက် စက်ရုံများမှ ထုတ်လုပ်သည့်အရက်ပမာဏ သည် တစ်ရက်လျှင် ဂါလန်တစ်သိန်းကျော် ထွက်ရှိသဖြင့် စွန့်ပစ်ရေဆိုးများမှာ အရက်ချက်လုပ် နည်းစဉ်များအရ ၁၀ ဆမှ ၁၅ ဆ ထိထွက်ရှိသောကြောင့် တစ်ရက်လျှင် စွန့်ပစ်ရေဆိုးပမာဏသည် ဂါလံတစ်သန်းမှ တစ်သန်းခွဲထိ ထွက်ရှိကြောင်း၊ အဆိုပါစွန့်ပစ် ရေဆိုးဂါလံ တစ်သန်းကျော်သည် ပြည့်စုံသည့် သန့်စင်သည့်စနစ်ဖြင့် သန့်စင်ခြင်းမရှိဘဲ နေ့စဉ် မြစ်ချောင်းအင်းအိုင်၊ လယ်ယာမြေ၊ စားကျက်မြေ၊ မြေအောက်ရေနှင့် လူနေထိုင်ရာ နေရာပတ်ဝန်းကျင်များသို့ ပျံ့နှံ့ရောက်ရှိသွားကြောင်း၊ အဆိုပါ စွန့်ပစ်ရေဆိုးများသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ကြောင်း၊ အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများ မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်မှုကြောင့် လေးမိုင်ပတ်လည်ရှိ ရေသတ္တဝါအားလုံးကို သေစေနိုင်ကြောင်း၊ မျိုးသုန်းစေနိုင်ကြောင်း၊ မြန်မာနိုင်ငံရှိ မြစ်ချောင်းများတွင် ငါးပုစွန်ရှားပါးသွားရသည့် အကြောင်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ စွန့်ပစ်ရေဆိုး ရောက်ရှိပျံ့နှံ့သည့် နေရာသည် အက်စစ်ဓာတ်ကြောင့် အချဉ်ပေါက်ပြီး အပင်များ ပေါက်ရောက်ရှင်သန်ခြင်း မရှိနိုင်တော့ကြောင်း၊ လယ်ယာမြေများသည် လုံးဝထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ပျက်စီးသွားကြောင်း၊ ကန်များတူး၍ စွန့်ပစ်ရေများ သိုလှောင်ထားပါကလည်း မြေအောက်သို့ စိမ့်ဝင်၍ မြေအောက်ရေ ပျက်စီးနိုင်ကြောင်း၊ လူနေရပ်ကွက်နှင့်နီးသည့် ချောင်း၊ မြောင်းများတွင် စွန့်ပစ်သည့်အခါ အနံ့အသက်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။
“ကျွန်တော် လေ့လာတွေ့ရှိရတာကတော့ စွန့်ပစ်ရေဆိုးတွေကို သန့်စင်ခြင်းမရှိဘဲ တိုက်ရိုက်စွန့်ပစ်နေတာ တွေ့နေရပါတယ်။ တွံတေး အရက်ချက်စက်ရုံက တွံတေးတူး မြောင်းထဲကို စွန့်ပစ်ပါတယ်။ ထန်းတစ်ပင် အရက်ချက် စက်ရုံကတော့ ကန်ကြီးများတူးပြီး သိုလှောင်ထားပြီး ရေတက်ချိန်မှာ ကန်ဖောက်ချပြီး ပန်းလှိုင်မြစ်ထဲကို စွန့်ပစ်ပါတယ်။ ဆား မလောက်အရက်ချက်စက်ရုံကတော့ ပန်း လှိုင်မြစ်ထဲကို စွန့်ပစ်ပါတယ်။ အဲဒီလိုစွန့်ပစ် တာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံများဟာ အဆုတ်ရောဂါ၊ ကင်ဆာရော ဂါ၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ပျက်ကျခြင်း စတာတွေ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အုပ်စုမှာရှိတဲ့ ဂရိတ်ဝေါလ်သကြားစက်နဲ့ အီသနောစက်ရုံက ထွက်တဲ့ စွန့်ပစ်ရေဆိုးတွေကို ဧရာဝတီမြစ်ထဲကို စွန့်ပစ်ပါတယ်။ စက်ရုံထဲမှာရှိတဲ့ ရေဆိုးကန်များကြောင့် အနံ့အသက်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်တဲ့အတွက် ငါးပုစွန်ဖမ်းဆီးရမိမှုမှာလည်း သိသိသာသာ လျော့နည်းသွားကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ ဒေသခံများ ကိုယ်စား ဦးစိန်လှဆိုတဲ့သူက ၂၀၁၂ နဲ့ ၂၀၁၄  မှာ စက်ရုံကို တရားစွဲဆိုခဲ့ပြီး ၂၀၁၆ မှာ လူ တစ်ရာကျော်လောက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးစက်မှုဇုန်မှာရှိတဲ့ စက်ရုံ  ၉၀ ကျော်က ရေဆိုးတွေကို ပိုက်လိုင်းနဲ့သွယ်ပြီး ၂၄ နာရီ ပတ်လုံး ဒုဋ္ဌဝတီမြစ်ထဲကို စွန့်ပစ်တာကြောင့် မြစ်အောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲနဲ့ ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက အဆိုတင်သွင်းစဉ် ပြောကြားသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင်လည်း တောင်သမန်အင်း အတွင်းသို့ ရေဆိုးများစွန့်ပစ်မှုကြောင့် ငါးများသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ တောင်သမန်အင်း အတွင်းသို့ စီးဝင်သည့် ပန်းရံတော်ချောင်းနံဘေးရှိ အရက်ချက်စက်ရုံမှ စွန့်ပစ်ရေဆိုးများကြောင့် ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်များကို ခြောက်လကြာ တိုင်းတာစစ်ဆေးခဲ့ရာတွင် ဥပဒေပါ စံချိန်စံညွှန်းထက် အဆတစ်ထောင်ကျော် ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပတ်ဝန်းကျင် အရည်အသွေး စံညွှန်းများကို သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေတွင် ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသည့်လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် နေရာတစ်ခုခု၏ ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြပ်ကြည့်ရှုရန်၊ ထိန်းချုပ်ရန်၊ စီမံခန့်ခွဲရန်၊ လျှော့ချရန် သို့မဟုတ် ပပျောက်ရန် လုပ်ငန်းခွင် အထောက်အကူပစ္စည်း သို့မဟုတ် ထိန်းချုပ်ရေး ကိရိယာကို တပ်ဆင်ခြင်း သို့မဟုတ် သုံးစွဲခြင်း ပြုရမည်။ ယင်းသို့မဆောင်ရွက်နိုင်ပါက စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်းများနှင့်အညီ စွန့်ပစ်ရန် စီစဉ်ထားရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းပဒေများလည်း ပြဋ္ဌာန်းထားပြီး ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ဥပဒေပြဋ္ဌာန်းချက်များကို မလိုက်နာ၊ ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ ယခုအချိန်အထိ ထိရောက်မှန်ကန်သည့် နည်းစနစ်များနှင့် စွန့်ပစ်ရေဆိုးများ သန့်စင်စနစ် တပ်ဆင်တည်ဆောက်ခြင်းမရှိဘဲ အယောင်ဆောင်သာမန် သန့်စင်စက်များ ပြုလုပ်၍ လှည့်စားနေသော စက်ရုံများကို လိုင်စင်ထုတ်ပေးခြင်း မပြုဘဲ  ယာယီရပ်ဆိုင်းထားရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၇ အတွက် ယစ်မျိုးလိုင်စင်ချထား ပေးခြင်းကို မှန်ကန်သော ရေဆိုးသန့်စင်စနစ်ဖြင့် ပြုလုပ်ထားသည့် စက်ရုံများကိုသာ ထုတ်ပေးသင့်ကြောင်း၊ မှန်ကန်သော ရေဆိုးသန့်စင်စနစ် တပ်ဆင်ထားသည့် စက်ရုံများကိုသာ လိုင်စင်ထုတ်ပေးသင့်ကြောင်း အဆိုရှင်က ပြောကြားသည်။
“အရက်ချက်စက်ရုံများမှ ထွက်တဲ့ စွန့်ပစ်ရေဆိုးများကို သန့်စင်ပြီးစွန့်ပစ်ဖို့အတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ စစ်ဆေးခြင်း၊ ဆောင်ရွက်ခြင်း ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိတာကို လည်း တွေ့ရပါတယ်။ ဥပမာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနမှ အရက်ချက်စက်ရုံ တစ်ခုကို လျော့အောင် ph ထုံးရောပါ။ အပူချိန်လျော့အောင် ရေရောပြီး စွန့်ပစ်ပါဆိုပြီးတော့ မဖြစ်နိုင်တဲ့ နည်းလမ်းတွေ ညွှန်ကြားတာကိုလည်း တွေ့ရှိရပါတယ်။ အရက် ဂါလန်တစ်သောင်းကျော် ထွက်တဲ့စက်ရုံမှာ စွန့်ပစ်ရေဆိုး ဂါလန်တစ်သိန်းကျော်ကို ph လျော့ဖို့ ထုံးတွေအများကြီး လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအရောင်ပြမမှန်မကန် ရေဆိုးသန့် စင်စနစ်များနဲ့ ထုတ်လုပ်ခွင့်ပြုနေတာကိုလည်း တွေ့ရပါတယ်။ အရက်ထုတ်လုပ် ရောင်းချသူများနဲ့ လာဘ်လာဘရယူပြီး ထုတ်လုပ်ခွင့် ပြုသူများသာ ကြီးပွားချမ်းသာစေပြီး နိုင်ငံတော်ရဲ့ရေသယံဇာတ၊ မြေသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့၊ ပြည်သူများရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အ ဖြစ်မျိုးတို့ ထပ်မံကြုံတွေ့ခြင်း မရှိရလေအောင် ထုတ်လုပ်ရောင်းချသူရော၊ နိုင်ငံတော်ရော၊ ပြည်သူရော ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေဖို့အတွက် ပြည်ထောင်စုတစ်ဝန်း အရက်ချက် စက်ရုံများမှထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးများအား  ပြည့်စုံသည့် သန့်စင်စနစ်ဖြင့် သန့်စင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်းအပ်ပါသည် ခင်ဗျား” ဟု ဦးအောင်ကျော်ကျော်ဦးက အဆိုတင်သွင်းခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။  

Most Read

Most Recent