နည်းပညာရေစီးကြောင်းနဲ့ အနာဂတ် အလားအလာ

နည်းပညာရေစီးကြောင်းနဲ့ အနာဂတ် အလားအလာ
Published 27 April 2016
နေမျိုးထွန်း

 
၂၀၁၆ ခုနှစ်ကတော့ သုံးပုံတစ်ပုံလောက် ကုန်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ အိုင်စီတီ နည်းပညာတွေကလည်း ဒီနေ့ခေတ် လူသားတွေရဲ့ ဘဝကို နေ့စဉ်နဲ့အမျှ လွှမ်းမိုးပြီး အပြောင်းအလဲတွေကို ယူဆောင်လာပေးနေပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့လက်ကျန် သုံးပုံနှစ်ပုံမှာလည်း ဘယ်လိုအပြောင်းအလဲတွေ၊ ဘယ်လိုနည်းပညာသစ်တွေ ထွက်ပေါ်လာပြီး အိုင်စီတီ အသုံးပြုသူတွေကို လွှမ်းမိုးဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
 
ဒီနှစ်ဆန်းပိုင်းမှာတုန်းကတော့ Ericsson ကုမ္ပဏီကနေ 10 Hot Consumer Trends 2016 ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး စိတ်ဝင်စားစရာ အချက်အလက် အများအပြားပါဝင်ခဲ့တယ်။
 
ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ကွန်ရက်ချိတ်ဆက်မှုတွေနဲ့ ကမ္ဘာကြီးဖြစ်လာခဲ့ပြီး ကွန်ရက်သက်ရောက်မှုတွေကလည်း လူသားတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ၄၆ ရာခိုင်နှုန်းလောက်ရှိတဲ့ လူသားတွေဟာ တစ်ခုမကတဲ့ လူမှုကွန်ရက်တွေပေါ်မှာ အွန်လိုင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
 
အင်တာနက်ဟာ လူတွေရဲ့ ပင်ကိုအမူအကျင့်တွေကို ပြောင်းလဲစေပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင်တွေဟာ အရှိန်အဟုန်နဲ့ တိုးပွားလာပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက YouTube ပေါ်ကို မိနစ်တိုင်းမှာ နာရီ ၃၀ စာ ဗီဒီယိုဖိုင်တွေကို လွှင့်တင်မှုရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ အခုဆိုရင် အရမ်းနည်းသွားပါပြီ။ ဒီနေ့ခေတ်မှာ YouTube  ပေါ်ကို မိနစ်တိုင်း လွှင့်တင်နေတဲ့ ဗီဒီယိုပမာဏဟာ နာရီ ၃၀၀ စာ ပမာဏလောက်အထိ ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း ဆယ်ဆလောက် တိုးပွားလာတယ်ဆိုတဲ့ သဘောပါပဲ။
 
လက်ရှိမှာ အသက် ၁၆ နှစ်နဲ့ ၁၉ နှစ်ကြားအရွယ်ရှိ လူငယ်တွေရဲ့ ရာခိုင်နှုန်း ၂၀ ဟာ YouTube ကို နေ့စဉ် သုံးနာရီအထက် ကြည့်ရှုမှုရှိနေပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကဆိုရင်တော့ ဒီလိုမျိုး ကြည့်ရှုတဲ့အရေအတွက်ဟာ ခုနစ် ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ ၃၀ နဲ့ ၃၄ နှစ်ကြားအရွယ် အပိုင်းအခြားမှာတော့ ကိုးရာခိုင်နှုန်းလောက်သာ YouTube ကို နေ့စဉ် သုံးနာရီနဲ့အထက် ကြည့်ရှုမှုရှိနေတာ ဖြစ်ပါတယ်။
 
ဒီလိုမျိုး ကြည့်ရှုရာမှာ ၅၉ ရာခိုင်နှုန်းလောက်က မိုဘိုင်းထုတ်ကုန်တွေရဲ့ မျက်နှာပြင်တွေပေါ်ကနေ ကြည့်ရှုကြတာ ဖြစ်ပါတယ်။ ၂၈ ရာခိုင်နှုန်းလောက်ကတော့ စမတ်ဖုန်းတွေကနေ ကြည့်ရှုကြတာလို့ ဆိုပါတယ်။
 
နောက်ထပ်လားရာတစ်ခုကတော့ Artificial Intelligence (AI)  ဆိုတဲ့ အသိဉာဏ်တု နည်းပညာက မျက်နှာပြင်တွေရဲ့ခေတ်ကို အဆုံးသတ်နိုင်မလားဆိုတာပါ။ လူသားတွေအနေနဲ့ မျက်နှာပြင်ခေတ်ကို စတင်ခဲ့တာက ၁၉၅၀ ပြည့်နှစ်ဝန်းကျင်လောက်ကဖြစ်ပြီး TV (ရုပ်မြင် သံကြားစက်) တွေဟာ အဲဒီအချိန်တုန်းက အဓိကဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေဟာ ပီစီကွန်ပျူတာ ရောင်းချရမှုကို ကျော်လွန်ခဲ့ပါတယ်။
 
သုတေသနပြုလုပ်ချက်အရဆိုရင် စမတ်ဖုန်းအသုံးပြုသူတွေရဲ့ ၃၁ ရာခိုင်နှုန်းဟာ ခုနစ်လက်မ၊ ရှစ်လက်မအရွယ်အစားတွေကို လိုချင်နေကြပြီး ၃၀ ရာခိုင်နှုန်းလောက်ကတော့ ခြောက်လက်မ အရွယ်အစားကို လိုအပ်မှုရှိနေပါတယ်။ ဒီလိုမျိုး မျက်နှာပြင်အရွယ်အစား ကြီးကြီးတွေကို သုံးစွဲလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဘက်ထရီသုံးစွဲမှုနဲ့ ကုန်ဆုံးမှုဟာ ပိုမြန်လာပြီး စိန်ခေါ်မှုတွေ ရှိလာခဲ့ပါတယ်။ လေ့လာမှုတွေအရ စမတ်ဖုန်းသုံးစွဲသူ စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ဝတ်ဆင်လို့ရတဲ့ အီလက်ထရွန်နစ် အထောက်အကူပစ္စည်းတွေကို လာမယ့် ငါးနှစ်အတွင်း အစားထိုးသုံးစွဲလာကြမယ်လို့ ခန့်မှန်းထားပါတယ်။
 
နောက်တစ်ခုကတော့ Virtual တွေဟာ အစစ်အမှန်နီးပါး ဖြစ်လာခဲ့တယ်။ Virtual နည်းပညာတွေဟာ ဒီနေ့ခေတ်မှာ တော်တော်အရေးပါလာတယ်။ VR မျက်မှန်တွေလည်း တော်တော် ခေတ်စားလာတယ်။ လာမယ့် ငါးနှစ်အတွင်းမှာ သုံးစွဲသူ ရာခိုင်နှုန်း ၅၀ ကျော်အတွက် Holographic မျက်နှာပြင်တွေဟာ ပင်မရေစီးကြောင်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 
 
ဒါ့အပြင် နေအိမ်တွေဆိုရင်လည်း အာရုံခံအသိတွေနဲ့ ချိတ်ဆက်မှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း သုံးစွဲသူတွေရဲ့ ၅၅ ရာခိုင်နှုန်းလောက်က လာမယ့်ငါးနှစ်အတွင်းမှာ သူတို့ရဲ့နေအိမ်တွေကို ဆောက်လုပ်ရေးဆိုင်ရာ ချွတ်ယွင်းမှုတွေကို ရှာဖွေနိုင်ဖို့၊ ပုံကြမ်းတည်ဆောက်ဖို့၊ ရေယိုစိမ့်တာတွေနဲ့ လျှပ်စစ်မီးဆိုင်ရာ ပြဿနာတွေအတွက် အလွယ်တကူ ထိန်းချုပ်လာနိုင်မယ်လို့ ယုံကြည်နေကြတယ်။ စမတ်ဖုန်းကနေ တစ်ဆင့် နေအိမ်ကို ချိတ်ဆက်ထားပြီး ညွှန်ကြားမှုတွေ၊ ထိန်းချုပ်မှုတွေ လုပ်လာနိုင်မယ့်အနေအထားမျိုးကို မြင်တွေ့ရနိုင်တယ်။
 
ဒီနေ့ခေတ်မှာ လူအများစုဟာ ဖုန်းခေါ်ဆို ဆက်သွယ်တာထက် စာသားနဲ့ ဆက်သွယ်တာကို ပိုအသုံးပြုလာကြတယ်။ အများစုက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်တွေပေါ်မှာ အချိန်နဲ့တစ်ပြေးညီဆိုသလို လွှင့်တင်မျှဝေလာကြတယ်။ အရေးပေါ်အခြေအနေနဲ့ အခက်အခဲ အကျပ်အတည်းကြုံချိန်မှာ ၉၁၁ (ဒီမှာတော့ ၁၉၉ ပေါ့) ကို ခေါ်ဆိုတာထက် လူမှုကွန်ရက်ကိုသာ ပိုအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ ဥပမာ တစ်ခုက ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်းမှာ သူတို့ရဲ့ ရှင်သန်မှုအခြေအနေနဲ့ လုံခြုံစိတ်ချရမှု အနေအထားကို လူမှုကွန်ရက်အသုံးပြုပြီး ဖော်ပြကြတာမျိုးပါ။ Facebook အနေနဲ့လည်း သဘာဝဘေးအန္တရာယ် အခြေအနေအတွက် Safety Check လုပ်ဆောင်ချက်ကို ချက်ချင်း စီစဉ်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်ညက လှုပ်ခတ်ခဲ့တဲ့ မော်လိုက်အနီး ဗဟိုပြု ငလျင်လှုပ်ပြီးတဲ့နောက်မှာ Facebook ရဲ့ဒီဝန်ဆောင်မှုကို အသုံးပြုခဲ့ကြတယ်။
 
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကတော့ ဝတ်ဆင်လို့ရတဲ့ မိုဘိုင်းထုတ်ကုန်တွေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို နေ့စဉ် စောင့်ကြည့်လာနိုင်လိမ့်မယ်။ 
 
သတိပြုရမှာတစ်ခုက ကြီးမားတဲ့ ကွန်ရက်ချိတ်ဆက်မှု ဖြစ်လာပြီး လူတွေ အွန်လိုင်းပေါ်ရောက်လာတာနဲ့အမျှ ဘယ်အရာမဆို ဟက်ခံရနိုင်တဲ့ အခြေအနေမျိုးကို ကြုံတွေ့လာကြရတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ သုံးစွဲသူတွေမှာ အခက်အခဲရှိနေပါတယ်။ အများစုကတော့ လုံခြုံရေးဝန်ဆောင်မှုအသစ်တွေ ပေါ်ထွက်လာဖို့ မျှော်လင့်ကြတယ်။ ဒါ့အပြင် အကောင့်အတုတွေကြောင့် ဘယ်အကောင့်ကတော့ ဘယ်သူ ဖြစ်တယ်ဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်တွေရှိလာဖို့ လိုအပ်နေပြီလို့ ယူဆလာကြပါတယ်။ 
 
နောက်ဆုံးချပြထားတဲ့ အလားအလာကတော့ အွန်လိုင်းပေါ်က ဂျာနယ်လစ်တွေ တစ်နေ့တခြား တိုးပွားလာနေတယ်ဆိုတာပါပဲ။ စမတ်ဖုန်းအသုံးပြုတိုင်းဟာ ကြုံတွေ့ရတဲ့ အခြေအနေအဖြစ်အပျက်မျိုးစုံကို အွန်လိုင်းပေါ် အချိန်နဲ့တစ်ပြေးညီ လွှင့်တင်ခြင်းအားဖြင့် စာနယ်ဇင်းသမားသဖွယ် လုပ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဥပဒေမဲ့အပြုအမူတွေအတွက် အင်တာနက်ပေါ်မှာ အချက်ပေးခေါင်းလောင်းထိုးပြီး ဖော်ပြနိုင်မယ်လို့ ယုံကြည်ကြတယ်။ သူတို့ဟာ သတင်းပေး တိုင်ကြားသူတွေ ဖြစ်လာပါတယ်။ 
 
ဒီနေ့ခေတ်ကမ္ဘာကြီးဟာ နည်းပညာတော်လှန်ရေးတွေကြောင့် ဖြည်းဖြည်းချင်း ပြောင်းလဲနေတဲ့ အရာတွေရှိသလို ရုတ်ခြည်းပြောင်းလဲသွားတဲ့ အရာတွေလည်း ရှိပါတယ်။ နည်းပညာရေစီးကြောင်းနဲ့ အနာဂတ်အလားအလာကို အမြဲမပြတ် ခန့်မှန်းသုံးသပ်နိုင်မှသာ ခေတ်နဲ့ မျက်ခြည်မပြတ်ဘဲ ရှေ့ကို ချီတက်နိုင်မှာ ဖြစ်ပါတယ်။ 

Most Read