မိုးကြိုကာလ ကြိုတင်ပြင်ဆင်ခြင်း

မိုးကြိုကာလ ကြိုတင်ပြင်ဆင်ခြင်း
Published 2 June 2024
ဒေါက်တာလွင်သန့်

       အနောက်တောင်မုတ်သုန်လေနဲ့ မိုးရာသီဥတုက သူချည်းပဲလာတာ မဟုတ်ပါဘူး။ မိုးကြိုဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ တွဲပြီးလာတတ်ပါတယ်။ ရာသီဥတုက ဖောက်ပြန်နေပါတယ်။ မြန်မာနိုင်ငံမှာ နွေကာလလို့ သတ်မှတ်ထားတဲ့ မတ်လ၊ ဧပြီလ၊ မေလကုန်ဆုံးကာ ဇွန်လအစမှာပဲ အနောက်တောင်မုတ်သုံလေဝင်ရောက်လာပါတယ်။ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တတ်လာရာမှ အပူပျံတက်ကာ မိုးတိမ်တောင်များဖြစ်ထွန်းပြီး မွန်းလွဲ၊ ညနေပိုင်းတို့မှာ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်မှာ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနဲ့အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျားမိုးတစ်ချုန်းရွာခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များရှိနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက အသိပေးနိူးဆော်ထားပါတယ်။

       အယ်နီညို အခြေအနေမြင့်မားနေပါတယ်။ အယ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမဲ့ အဆိုပါဖြစ်စဉ်ကြောင့်မိုးရွာသွန်းမှုမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမှုမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

      အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ မိုးဇလဌာနက ၂၀၂၄ ခုနှစ် မေ ၂၇ ရက် မွန်းလွဲ ၅ နာရီခွဲအချိန်ထိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်တန်း (well marked Low pressure area) ဟာ ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ၂၄-၅-၂၄ ရက်နံနက်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်ပါတယ်။ သည်နောက်အရှေ့မြောက်ဘက်ဆက်လက်ရွေ့လျားနိုင်ပြီး ၂၅-၅-၂၄ ရက်နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း (Cyclone storm) အဖြစ်ရောက်ရှိနိုင်က မြောက်ဘက်ရွေ့လျားနိုင်ပြီး အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း (severe  Cyclone storm) အဖြစ်အားကောင်းလာနိုင်ပါတယ်။ အဆိုပါအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ၂၆-၅-၂၄ ရက်ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့သူနဲ့ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်။

       အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(မုန်တိုင်း)အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်း၊မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်လို့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုအန္တရာယ်နဲ့မြစ်ငယ်ချောင်းငယ်များအနီးနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုနိုင်ဖို့နဲ့ပြည်တွင်းလေကြောင်းပျံသန်းမှုများ၊မြန်မာ့ကမ်းရိုးတန်းတစ်လျောက်ရဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီးကမ်းဝေး၊ငါးဖမ်းရေယာဉ်များ၊သဘော်များအနေနဲ့လည်းကြိုတင်သတိပြုနေနိုင်ဖို့မိုးလေဝသနဲ့ဇလဗေဒညွှန့်ကြားရေမှူးဦးစီးဌာနမှအသိပေးနိူးဆော်ထားတာရှိပါတယ်။(၂၄-၅-၂၄)ပြီးခဲ့တဲ့(၂၄)နာရီအတွင်းအနောက်တောင်မုတ်သုံးလေဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ကပ္ပလီပင်လယ်ပြင်နဲ့ဘဂ်လားပင်လယ်အရှေ့တောင်ပိုင်းတို့ဝင်ရောက်ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

         မုန်တိုင်းကြောင့်ပျက်စီးဆုံးရူံးမှုဖြစ်တတ်ပါတယ်။ မိုးကြိုကာလမှာ မိုးတိမ်တောင်တို့ကြောင့်မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်းဆိုတဲ့ရာသီဥတု ၁၀ မျိုးဖြစ်ပေါ်တတ်ပါတယ်။ ရာသီဥတုဖြစ်စဉ်တွေကြောင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ လူနေအိမ်နဲ့စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်ထောက်ခြင်းတို့အပြင် လူနဲ့တိရစ္ဆာန်များလည်းသေကျေထိခိုက်ဒဏ်ရာရမှုများဖြစ်ပွားတတ်ပါတယ်။

        ဒါပြင်မိုးကြိုကာလမှာ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ နေရာကွက်မိုးကြီးခြင်းတို့ဖြစ်တတ်ပါတယ်။ သည်လိုဖြစ်ရင်ထိခိုက်ပျက်စီးသေကျေဒဏ်ရာရသူများတတ်ပါတယ်။ မိုးကြိုးပစ်ခြင်းကြောင့် လူနဲ့တိရစ္ဆာန်များ၊ သေကျေ၊ထိခိုက်ခြင်း၊ မိုးကြီးခြင်းကြောင့်ခရီးသည်တင်သင်္ဘောများနဲ့ ငါးဖမ်းလှေများတိမ်းမှောက်ခြင်း၊ လူများပျောက်ဆုံးခြင်း၊ မိုးရွာသွန်းမှုကြောင့် တောင်ပေါ်၊ တောင်ခြေဒေသတွေမှာ မြေပြိုခြင်း၊ ချောင်းရေများပြည့်လျှံပြီး လူနဲ့တိရစ္ဆာန်ပစ္စည်းများ မျောပါနိုင်ပါတယ်။

        ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ မိုးကြိုကာလတွင်း ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါတယ်။ ကျေးလက်နေတောင်သူဦးကြီးများ၊ ကောက်ပဲသီးနှံနဲ့ ကျွဲနွားများအတွက်မြက်ခြောက်များ၊ ကောက်ရိုးများကိုအမိုးအကာအောက်လုံခြုံစွာ ရွှေ့ပြောင်းထားသင့်ပါတယ်။

      စားနပ်ရိက္ခာ လုံလောက်အောင်စုဆောင်းထားသင့်တယ်။ လူ၊ တိရစ္ဆာန်တွေအတွက် သောက်သုံးရေအနည်းဆုံး ခုနစ်ရက်ရှိသင့်ပါတယ်။ ရေလုပ်သားတို့အနေနဲ့ကမ်းခြေနဲ့ဝေးကွာလွန်းတဲ့နေရာတွေကို ငါးဖမ်းမထွက်သင့်ပါဘူး။ ငါးဖမ်းလှေတွေကိုခိုင်ခံ့စွာချည်ထားခြင်း၊ကျောက်ချထားခြင်းတို့ဆောင်ရွက်သင့်ပါတယ်။မိုးသက်မုန်တိုင်းကျရောက်ရင်မီးပျက်တတ်ပါတယ်။ ဒါကြောင့်ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်၊ မီးသွေး၊ ထင်းစတဲ့အထောက်ကူပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ထိခိုက်ဒဏ်ရာရရင် အရေးပေါ်ပြုစုကုသနိုင်ဖို့ အိမ်တွင်းသုံးဆေးဝါးများ၊ ပတ်တီးများ၊ အရက်ပျံ၊ ဆက်သဒင် (Septidine) တို့အသင့်ဆောင်ထားသင့်ပါတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ မိုးရေမစိုအောင်ပလတ်စတစ်အိတ်တွေနဲ့ လုံခြုံစွာ အထပ်ထပ်ထုပ်ပိုးသိမ်းဆည်းထားကာ ကိုယ်နဲ့မကွာထားသင့်တယ်။ ဖုန်းနဲ့ဘက်ထရီ အပိုစုထားသင့်တယ်။

       မိုးကြိုကာလကြိုတင်ပြင်ဆင်သင့်ပါတယ်။ ကမ္ဘာကြီးပူနွေးလာလို့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေပါတယ်။ ကမ္ဘာတစ်ဝန်းသဘာဝဘေးအန္တရာယ်ကျရောက်မှုဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်များပြားလာခဲ့တယ်။ ယခုနှစ်ဘရာဇီးမှာ၊ အာဖရိကက ကင်ညာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံတွေမှာ မိုးကြီးရေလျှံတို့က အသေအပျောက်ရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးထိခိုက်ကာ အကူအညီပေးသူတွေ မရောက်နိုင်ရှာလို ့သေဆုံးခဲ့ရပါတယ်။

      ကမ္ဘာကြီးပူနွေးလာလို့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေတယ်။ ကမ္ဘာတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်ကျရောက်မှုဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်များပြားလာခဲ့တယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများနဲ့ အပူလှိုင်းဖြတ်မှုများဟာ အကြိမ်ရေပိုများပြားလာခဲ့တယ်။ အဆိုပါဘေးအန္တရာယ်တွေကြောင့် ထိခိုက်သေကျေပျက်စီးဆုံးရူံးမှုပိုများခဲ့တယ်။ အချို့ဒေသတွေမှာ မုန်တိုင်းဒဏ်ခံတဲ့အဆောက်အအုံ (Cyclone shelter) များကြိုတင်ဆောက်လုပ်ထားပေမဲ့ ဆုံးရှုံးမှုတွေရှိနေဆဲဖြစ်ပါတယ်။

        မိုးကြိုကာလမှာ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းပြီဆိုရင်နွေရာသီအပူဒဏ်ခံစားရတဲ့ကလေးတွေဟာ မိုးရေထွက်ချိုးတတ်ပါတယ်။ လူကြီးတို့ကထွက်မချိုးဖို့တားမြစ်သင့်တယ်။ လေပြင်းတိုက်ခတ်မှုကြောင့်ဓာတ်ကြိုးများပြတ်တောက်ပြီး လျှပ်စစ်မီးဝင်တဲ့ဓာတ်ကြိုးစနဲ့ထိမိရင်ဓာတ်လိုက်သေဆုံးနိုင်ပါတယ်။ ဓာတ်ကြိုးကိုဝါးလုံးခြောက်နဲ့ဖယ်ရှားပြီးမှ လူနာကိုခေါ်ယူပြုစုသင့်ပါတယ်။ မိုးကြိုးပစ်တတ်ပါတယ်။ လွင်တီးခေါင်မှာ လျှပ်စီးလက်ရင်မြေပြင်နဲ့တစ်ပြေးတည်းဝမ်းလျားမှောက်အိပ်ခြင်း၊ ဖုန်းမပြောခြင်းအပြင် စားကျက်မှနွားများ သစ်တောများဆီခေါ်ဆောင်သွားခြင်းတို့က မုန်တိုင်းဒဏ်၊ မိုးကြိုးပစ်ဒဏ်ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဓာတ်မီးများဆောင်ထားသင့်တယ်။

      ဆိုရရင်ယခုနှစ်မိုးကြိုကာလဟာ အယ်နီညိုဖြစ်စဉ်ကြောင့်မိုးရွာသွန်းမှုမမှန်ခြင်း၊ နေအပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစတဲ့အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆက်တွဲဘေးအန္တရာယ်တွေကိုလည်းကြုံတွေ့ရနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့လူနေအဆောက်အအုံပျက်စီးခြင်း၊ လူနဲ့တိရစ္ဆာန်သေကျေထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ မိုးလေဝသတင်းနားထောင်ဖို့ရေဒီယိုတစ်လုံးဆောင်ထားဖို့လိုအပ်ပြီး မိုးကြိုမုန်တိုင်းဝင်ရောက်ပါကမိုးကြိုမုန်တိုင်းအကာအကွယ်အဆောက်အအုံ (Cyclone shelter) တို့မှာ သွားရောက်ခိုလှုံသင့်ပါတယ်။ အိမ်ရှိမိသားစုဝင်များအားလုံးစုစည်းနိုင်မယ့်နေရာသတ်မှတ်ထားသင့်ပါတယ်။ ကျွဲနွားများအတွက်ကုန်မြင့်နေရာပိုပြီး အဆင်ပြေပါတယ်။ ရေကြီးလာရင် ရေစီးနဲ့အတူအဆိပ်ရှိတဲ့မြွေ၊ ကင်းတို့ပါလာနိုင်လို့ ရေကျပြီးအိမ်တွေစနစ်တကျဖယ်ရှားဆေးကြောပြီးမှ ဝင်သင့်တယ်။ မီးကြိုး‌တွေသေချာစစ်ဆေးပြီးမှ မီးဖွင့်သင့်ပါတယ်။

Most Read

Most Recent