သင်ပေးသူနဲ့ သင်ယူသူတို့ အကြားရှိ ဆက်နွှယ်မှု

သင်ပေးသူနဲ့ သင်ယူသူတို့ အကြားရှိ ဆက်နွှယ်မှု
Published 27 April 2016
တင့်ခိုင်

(၁)ပညာရေးတွင် သူငယ်တန်းပြ ဆရာသည် အလွန် အရေးကြီးသည်။ အစကောင်းပါမှ အုတ်မြစ်ခိုင်မာပါမှ ကျောင်းသား၏ ပညာရေး ဘ၀ တစ်ခုလုံး ကောင်းလာမည်ဖြစ်သည်။ ညံ့ဖျင်းသော ပညာရေး စနစ်ကြောင့် မိဘ အများစုသည် သားသမီးများကို တက္ကသိုလ်ဝင်တန်းတွင် အမှတ်များများဖြင့် အောင်စေချင်ကြသည်။ ဒါမှ အာမခံချက်ရှိသော ဆေးကျောင်း၊ စက်မှုကျောင်း၊ ရေကြောင်း အတတ်ပညာသင် ကျောင်းများကို ဝင်ခွင့်ရကြမည်။ ထိုအခါ သူ့ထက်ငါ အလုအယက် ကျူရှင်၊ Guide များ ထားလာကြသည်။ ပြဋ္ဌာန်းစာကို တစ်သဝေမတိမ်း ကျက်ပြီး ပြန်ဖြေသော စနစ်ကြီး ထွန်းကားလာတော့သည်။ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်သည်လည်း ဘယ်သို့ ရောက်သွားသည် မသိ။သူငယ်တန်း ကျောင်းသားကို စာရေး၊ စာဖတ် မည်သို့ သင်ကြားပါမည်နည်း၊ အဆိုပါ ကိစ္စသည် ယနေ့ မြန်မာနိုင်ငံ အတွင်းရှိ သူငယ်တန်းပြ ဆရာများကို ကြည့်ပြီး အလွန်လွယ်ကူသည်ဟု မမှတ်ယူသင့်ပေ။ ရောက်ရှိလာသော ကလေးကို ဝလုံးစသင်၊ ပြီးအသံ ထွက်ရွတ်ဆိုခိုင်း၊ သည်လိုနှင့်ပင် စာရေးစာ ဖတ်တတ်သွားကြသည်။ဟုတ်ပါ၏။ သို့ရာတွင် သင်ပေးသူနှင့် သင်ယူသူတို့ အကြားရှိ ဆက်နွှယ်မှုကို ဘယ်သူကများ အရေးတယူ ဆန်းစစ်ကြည့်ပါသနည်း။ မိဘကလွှတ်၍ ကလေးသည် ကျောင်းသို့ လာရသည်။ သူ့တွင် သင်ယူလိုစိတ် ရှိချင်မှ ရှိမည်။ သင်ယူလိုစိတ် မရှိလျှင် သင်ယူရန် အဆင်သင့် မဖြစ်သေးပေ။ သင်ယူရန် အဆင်သင့် မဖြစ်သေးသော ကလေးကို အလျင်စလို စာသင်မပေးသင့်ပါ။ ကလေး၌ လိုအပ်သော စွမ်းရည် မရှိသေးမီ၊ တစ်နည်းဆိုသော် လက်မခံနိုင်မီ စာသင်ပေးခြင်းသည် စာသင်ခြင်းကို ရွံ့မုန်းသွားစေနိုင်ပါ၏။စာစသင်မည့် ကလေးတစ်ဦးတွင် ဆက်ဆံရေးစွမ်းရည် ပြည့်မီရန် လိုသည်။ လူစိမ်းများနှင့် ထိတွေ့ရာတွင် သူ၏ ဆက်ဆံရေးစွမ်းရည် နိမ့်ကျနေပါလျှင် ထိုကလေးကို စာသင်ကြား၍ ရမည် မဟုတ်။ စိတ်ဒဏ်ရာ ရရှိခြင်းသာ အဖတ်တင်မည်။သူငယ်တန်း ကျောင်းသားကို စာစသင်သော ကိစ္စသည် ဘယ်အချိန်မဆို ပြုလုပ်၍ ရပါသည်။ ဆောလျင်စွာ ပြုလုပ်ရမည့် ကိစ္စ မဟုတ်ပါ။ စာဖတ်ခြင်းနှင့် စာရေးခြင်းသည် ရှုပ်ထွေးသော အလေ့အကျင့် သဘောထားများနှင့် ဆက်စပ်ပတ်သက်နေသဖြင့် ယင်းအလေ့အကျင့်၊ သဘောထား ကျွမ်းကျင်မှုများကို စာမဖတ်တတ်မီ ကလေး ရရှိထားရန် လိုသည်။စိတ်ပညာရှင်များက ကလေးကို နေ့စဉ် စာဖတ်ပြရမည်။ ထိုသို့ စာဖတ်ပြခြင်းကို လက်ခံ ခုံမင်သော ကလေးသည် စာဖတ်ပြခြင်း မခံရသော ကလေးများထက် စာဖတ်သင်ရာတွင် အလွန်လွယ်ကူသည်ဟု ဆိုကြသည်။ ပညာရေး စိတ်ပညာရှင်များကတော့ စာဖတ်တတ်ရန် ကလေး၌ အမျိုးမျိုးသော အတွေ့အကြုံများလိုသည်။ ထို့ကြောင့် စူးစမ်းတတ်သော ကလေးများ၊ အခြားသူများနှင့် ဆက်သွယ်ပြီး ကြံစည်လုပ်ကိုင်ရန် အခွင့်အရေးကောင်းများ ရရှိသော ကလေးများသည် စာဖတ်သင်ရာ၌ အလွန်လွယ်ကူသည်ဟု ဆိုကြသည်။စကားစသင်သော ကလေးကို ပြောရဆိုရ လွယ်ကူသော၊ အသံထွက် မခက်ခဲသော စကား (ဝါကျ) များကို သင်ပေးရသည်။ ခက်ခဲသော အသံထွက်များ၊ ဝါကျရှည်များကို သင်ပေးသောအခါ ကလေးသည် အသံ မထွက်တတ်၊ စကားအပြည့်အစုံ မပြောနိုင်သဖြင့် စိုးရိမ်စိတ်ဝင်ကာ စကားအ,ထစ် သွားတတ်ပါသည်။စာဖတ်သင်ရာတွင်လည်း ထိုကဲ့သို့ပင် စာထဲ၌ ပါလာသော စကားလုံးများသည် နေ့စဉ်ပြောဆို သုံးနှုန်းသော ဝေါဟာရဖြစ်ပြီး ကလေးနှင့် ရင်းနှီးနေပါက စာဖတ်သင်သော ကလေးအဖို့ ပို၍ လွယ်ကူပါလိမ့်မည်။ ကလေးသည် စာဖတ်သင်ခြင်းသည် လွယ်ကူသည်။ ပျော်စရာ ကောင်းသည်ဟု သတ်မှတ်သွားပါက စာသင်ခြင်းတွင် အခက်အခဲ မရှိတော့ပေ။ အကယ်၍ ခက်ခဲမှု ရှိပါလျှင်လည်း ကလေးသည် သူ့ဘာသာသူ ကြိုးစားလာပေလိမ့်မည်။ စာသင်ကြားရာတွင် ကလေးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေရန် လိုသည်။ ဗဟုသုတ များလာစေရန် လက်တွေ့ အလုပ်များကို လုပ်ခိုင်းမည်။ဆိုပါစို့။ ကစားခြင်း၊ ကျောင်းတွင် တခြား ကလေးများနှင့် အတူ ကစားခြင်းဖြင့် ကျန်းမာ သန်စွမ်းလာမည်။ ပေါင်းသင်း ဆက်ဆံ တတ်လာမည်။ ပစ္စည်းများကို နည်းလမ်းတကျ ကိုင်တွယ် သုံးစွဲတတ်လာမည်။ မိမိကိုယ်စွမ်း ကိုယ်စကို ထုတ်ဖော်ပြသခွင့် ရမည်။ပတ်ဝန်းကျင်ရှိ ဝတ္ထု ပစ္စည်းများကို များနိုင်သမျှ များများ ကိုင်တွယ် စမ်းသပ်ကြည့်ခြင်းမျိုးကိုလည်း ကလေးကို လုပ်ခိုင်းသင့်သည်။ ထိုသို့ လေ့ကျင့်ပေးခြင်းဖြင့် ကလေးသည် မှန်ကန်စွာ မြင်တတ်လာမည်။ အခြားသူများ ပြောသော စကားကို နားလည်လာမည်။ မိမိ အလိုရှိရာကိုလည်း သူတစ်ပါး နားလည်အောင် ပြောတတ်လာမည်။ သူတစ်ပါး ပြောသော စကားများကို စဉ်းစဉ်းစားစား နားထောင်တတ်လာမည်။ အဓိကမှာ ကလေးသည် စဉ်းစားခွင့် ရရှိသွားခြင်းပင်ဖြစ်သည်။ ထိုအခါ ပြဿနာများကို ဖြေရှင်းလာနိုင်လိမ့်မည်။ တခြားသူများပြောသော စကား အားလုံးကို နားမလည်သော ကလေးကို ကျောင်းထားခြင်းသည် ကလေး၏ အနာဂတ်အတွက် အန္တရာယ် ရှိလှပါသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသည် ကလေးစာဖတ်သင်ရန် လိုအပ်သော အရာများကို ဖြည့်ဆည်းပေးရမည့် နေရာဖြစ်သည်။ တစ်နည်းဆိုရသော် ကလေး၏ တစ်ဘဝစာ ပညာရေး ခရီး၏ ကနဦးအစ တာထွက်ရန်နေရာ တစ်နေရာ ဖြစ်ပါသည်။(၂)ဆရာသည် သူငယ်တန်း ကလေးကို သူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီး တီထွင်သော အလုပ်များကို ပြုလုပ်ပေးရမည်။ ဆိုပါစို့။ ပန်းချီဆွဲခြင်း၊ ပန်းပုထုခြင်း၊ သစ်တုံးများဖြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စောင်များ၊ ဖျာများ ရက်ခြင်း၊ အရုပ်များအတွက် အဝတ်အထည်များ ချုပ်လုပ်ခြင်း။ပိုစတာ တစ်ခုကို ဆေးရောင်ခြယ်ရန် စုတ်တံနှင့် ဆေးရောင်စုံ ပေးလိုက်လျှင် သူတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်ကူးစိတ်သန်း တူကြမည် မဟုတ်ပါ။ ထိုကဲ့သို့ပင် ရွှံ့နှင့် ရုပ်တု ထုခိုင်းလျှင်လည်း တစ်ဦးနှင့်တစ်ဦး တူကြမည် မဟုတ်ပါ။ဤနေရာတွင် သူငယ်တန်းပြ ဆရာများသည် အရည်အချင်း ပြည့်ဝရန် လိုလာပါသည်။ ဆရာသည် ကိုယ်စွမ်းကိုယ်စဖြင့် ကလေးကြိုးပမ်းထားသည့် အရာ။ ဆိုပါစို့။ ပန်းပုရုပ်တု တစ်ခုကို အမြတ်တနိုး သိမ်းဆည်းထားသင့်ပါ၏။ အဆိုပါ ရုပ်တုသည် လှချင်မှ လှမည်။ လိုအပ်ချက်များ ရှိနေမည်။ သို့အတွက် လက်ရာရှင် ကလေးအား ပြစ်တင်ဝေဖန်ခြင်း၊ အကြံဉာဏ်ပေးခြင်းမျိုးကို မပြုလုပ်သင့်ပေ။ဆရာသည် ကလေးငယ် တစ်ဦး၏ ပန်းပုရုပ်တု တစ်ခု၊ ပန်းချီလက်ရာ တစ်ခုကို အနုပညာရှင်ကြီးများ၏ လက်ရာဖြင့် နှိုင်းယှဉ်ကြည့်ရန် မလိုပေ။ သူ၏ ဖြစ်မြောက်အောင် ကြိုးပမ်းမှု တစ်ခုအဖြစ် အသိအမှတ်ပြု သိမ်းဆည်းထားရန်သာ လိုပါသည်။ ဆိုလိုသည်မှာ “အထမြောက်မှု” ကို အသိအမှတ်ပြုရန်သာ လိုပါသည်။ဆရာက ကလေး၏ ကြိုးပမ်းမှုကို ဝေဖန်လိုက်ပါက ကလေးသည် စိတ်ပျက်သွားပေလိမ့်မည်။ ထို့အပြင် သူ့ကိုယ်သူလည်း အသုံးမကျသူဟု ယုံကြည် ယူဆသွားနိုင်ပါ၏။ ထိုသို့ မှတ်ယူသွားပါက ကလေး၏ အနာဂတ် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုသည် နောက်ချန်ကျန်ခဲ့မည်ဖြစ်သည်။“အခုမှ ကျောင်းကို ရောက်လာတဲ့ ကလေးကို သူ့ဆွဲတဲ့ ပန်းချီကို ကြည့်ပြီး ဆရာက အကြံဉာဏ်တောင် မပေးရတော့ဘူးလားဗျာ” ဟု ပြောသူက ပြောမည်။ ကလေးကို ဦးစားပေးလွန်းရာ ကျသည်ဟုလည်း အပြစ်တင်ချင်သူက တင်ပါလိမ့်မည်။ သို့ရာတွင် ထိုသို့ကား မဟုတ်။ ကျွန်တော်တို့ တန်ဖိုးထားရသော အရာမှာ ကလေး၏ “စိတ်” ပင်ဖြစ်သည်။ ထို့ကြောင့် ဆရာအောင်သင်း ပြောခဲ့ခြင်းဖြစ်သည်။ “စာ” သင်တယ်ဆိုတာ “စိတ်” ကို သင်တာဟု။ကြက်တူရွေး တစ်ကောင်ကဲ့သို့ သင်ကြားထားသမျှ ရွတ်ဖတ်တတ်သော ပညာတတ်များဖြင့် နိုင်ငံသစ်ကို ထူထောင်နိုင်မည် မဟုတ်ပါ။ ကလေးကို အကြံဉာဏ်ပေးခြင်းသည် သူငယ်တန်း ကလေးများအဖို့ မိမိကိုယ် မိမိ ယုံကြည်မှု ပြိုကျသွားစေနိုင်သည်။ ထိုမျှမက ကိုယ်ပိုင်ဉာဏ်ဖြင့် ဖန်တီးလုပ်ကိုင်လိုစိတ် မရှိတော့ဘဲ သူတကာ နှစ်သက်သော အရာကိုသာ မစစ်ကြောဘဲ မျက်စိမှိတ် လုပ်ဆောင်တတ်သော သူတစ်ဦး တစ်နည်းဆိုသော အမှန်၊ အမှားကို မခွဲခြားဘဲ အမိန့်အတိုင်း လုပ်ဆောင်သော် လူပျော့၊ လူညံ့တစ်ဦး ဖြစ်သွားနိုင်ပေသည်။ ဤကိစ္စသည် သူငယ်တန်းပြ ဆရာအဖို့ အဓိက စဉ်းစားရမည့် အချက် ဖြစ်သည်။ကျွန်တော့်အထင် ပြောရပါလျှင် သူငယ်တန်းပြ ဆရာတစ်ဦး၏ တာဝန်မှာ ကလေး၏ အမြင်ကို သိရှိနားလည်ရန်နှင့် ကလေးအား အလုပ်၌ နှစ်သိမ့်ကျေနပ်နေစေရန် အားပေးခြင်းကိုသာ အဓိက လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ဆရာသည် ကလေးနှင့် ပူးပေါင်း လုပ်ဆောင်ရန်သာ အဓိက ကျသည်ဟု ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ စနစ်သစ် ပညာရေး၏ အစသည် သူငယ်တန်းကို စနစ်တကျ သင်ကြားရေးပင်ဖြစ်သည်။ လက်ရှိ သူငယ်တန်း ဆရာများဖြင့် စနစ်သစ် ပညာ သင်ကြားရေးကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။စာရေးစာဖတ် သင်ကြားရေးကိုသာ အဓိက မထားဘဲ ကလေးကို ပညာသင်ကြားရန် ကြိုးပမ်းရေးသည် ခေါက်ရိုးကျိုးနေသော ဆရာများဖြင့် ခရီးဆက်၍ ရနိုင်ရန် မလွယ်ကူလှပေ။ ထိုအခါ ပညာရေးဌာနအဖို့ တစ်စုံတစ်ရာ အပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်သည်။ထိုအရာမှာ ပညာရေးစနစ် တစ်ခုလုံးကို အခြေခံမှစ၍ ပြောင်းလဲပစ်ရမည်။ ထိုသို့ ပြောင်းလဲနိုင်ရန် ဆရာကောင်းများ လိုပါသည်။ ပညာသင်ကြားရာ၌ လွတ်လပ်မှု အပြည့်အ၀ ရရှိရန် လိုသည်။ သင်ပေးသူ (သူငယ်တန်းပြ ဆရာ) နှင့် သင်ယူသူ (သူငယ်တန်းကလေး)တို့ အကြားရှိ ဆက်နွှယ်မှုကို သိရှိနားလည် လက်ခံပြီးမှ စနစ်သစ် ပညာရေးကို အကောင်အထည်ဖော်ရမည်သာဖြစ်သည်။

Most Read