ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ သည် အင်္ဂလိပ်တည်ခဲ့သော မြို့တော်ဖြစ်သလို မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း တစ်ထောင့်တစ်နေရာမှ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သော မြို့တော် ဖြစ်သည့်အတွက် မေ့လျော့ချန်လှပ်ထား၍ မရစကောင်းပါချေ။
တောင်ကြီးမြို့၊ ၁၉၈၀ ဝန်းကျင်ခုနှစ်များ အတွင်း တောင်ခါးပန်းများတွင် အိမ်များတိုး ချဲ့လာသည့် အတွက် အိမ်ပူးအိမ်ညှပ်များကို ရှင်းလင်းရန်အတွက် ထုံးဖို စီမံကိန်းကို ၁၉၈၄ ခုနှစ်တွင် စီစဉ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အေး သာယာအစ ထုံးဖိုစီမံကိန်းကဟု ဆိုကြပါ သည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဦးလွင်မြေတိုင်းအဖွဲ့က ရေးဆွဲထားသော မြေပုံကို အကောင်အထည် မဖော်ဖြစ်တော့ဘဲ ၁၉၈၉ ခုနှစ်အရောက်တွင် အေးသာယာမြို့ သစ်စီမံကိန်းကို အသစ်ပြန်လည် ရေးဆွဲပြီးမှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တောင်ကြီးမြို့မှ တိုးချဲ့အိမ်ခြေများဖြင့် စတင် တည်ဆောက်ခဲ့သော အေးသာယာမြို့သည် ၂၀၂၄ ခုနှစ်တွင် မြို့တည်နှစ် (၃၅) နှစ် ပြည့် မြောက်လာခဲ့ပြီဖြစ်သည်။
ပျော်စရာကောင်းတဲ့ အေးသာယာ
ကျွန်တော်တို့ ငယ်စဉ်အခါ အေးသာယာကိုရောက်ရှိချိန်ကာလကို သတိရနေမိသေး သည်။ ထိုစဉ်က ၁၉၉၈ ခုနှစ်ခန့် ဘီအမ်ကား ကြီးများဖြင့် တောင်ကြီးမြို့ကို အတက်အဆင်း ပြုလုပ်ရခြင်းဖြစ်သည်။ ဘီအမ်ကားနှင့်အ ပြိုင် အေးမြို့တော်ကားများလည်း ရှိကြသည်။ ဘီအမ်ကားများသည် တောင်ကြီးမြို့တွင် မြို့ ပတ်ကားများရှိသလို အေးသာယာစက်မှုဇုန် ပြေးဆွဲသော ကားများလည်းရှိကြသည်။
အေးသာယာမြို့သည် ထိုစဉ်က ဗွက် တောထူထပ်ပြီး တစ်နေရာနှင့် တစ်နေရာ သွားလာတိုင်း ဖိနပ်တွင် ရွှံ့ဗွက်များ ကပ်နေပြီး မနည်းရုန်းကန်သွားလာရသည်။ မနက်ပိုင်း အေးသီရိစျေးအတွင်း စားသောက်စရာများ သွားရောက်ဝယ်ယူခဲ့ပြီး ချက်စားခဲ့ရသည်။ ညနေပိုင်းတွင် မီးခွက်စျေးလည်းရောင်းချပါ သေးသည်။ အေးသာယာတွင် လက်လုပ်လက် စားများသဖြင့် မိုးချုပ်သည်အထိ မီးခွက်စျေး ရောင်းချခဲ့ရသလို ဇနီးမယားတို့ကလည်း လင် ယောကျ်ားပြန်လာမည့် လမ်းကို ကားဂိတ်တွင် ထိုင်စောင့်၍ ညစာ စောင့်ချက်ကြရပါသည်။
တောင်ကြီးမြို့အတွက် လိုအပ်သော လုပ် အား၊ လုပ်သားလိုအပ်ချက်အတွက် အေးသာ ယာမြို့မှ လူတန်းစားအများစုသည် လိုင်းကား ဖြင့်သွားရောက်၍ အလုပ်လုပ်ကြရခြင်းဖြစ် သည်။ အေးသာယာမြို့ အစောပိုင်းတွင် ဘီ အမ်ကားခ ငါးကျပ်မှစ၍ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်အထိ စျေးနှုန်းပြောင်းလဲသွားသည် ကိုလည်း မှတ်မိနေသေးသည်။
မနက်ပိုင်းစျေးလည်ပြီး နေ့လယ်ပိုင်းတွင် အေးသာယာမြို့အနှံ့ လည်ပတ်ကြရသည်ကို လည်း သတိရသည်။ အေးသာယာဆည်၊ မုံတဝ ကျောင်းနှင့် မုံတဝလိုဏ်ဂူတို့ကို ခြေကျင်သွား ရောက်လည်ပတ်ကြလေ့ရှိသည်။ ညနေပိုင်း ပြန်ရောက်လျှင် နောင်အင်ကျောင်းအနီးရှိ ရေထွက်သို့ သွားရောက်၍ ရေမိုးချိုးလေ့ရှိ ကြသည်။
စျေးအနီးတွင်လည်း တစ်ခါတစ်ရံ ခြင်း ခတ် (၀ိုင်းခြင်း) အားကစား လုပ်ကြသေးသည်။ တချို့နေ့ရက်များတွင် မိတ်ဆွေများဖြင့် စုဖွဲ့၍ စစ်တုရင် အပျင်းပြေထိုင်ကစားခဲ့ကြသည်ကို လည်း အောက်မေ့မိသည်။ ထိုစဉ် က ဘီအမ် ကြားဂိတ်များ၊ ကွမ်းယာဆိုင်များမှာ စစ်တုရင် ကစားသောနေရာများ ဖြစ်ခဲ့ဖူးသည်။
နောင်အင်ကျေးရွာ အေးသာယာ
အေးသာယာမြို့အကြောင်းပြောလျှင် နောင်အင်ကျေးရွာကို ချန်လှပ်ထား၍ မရစကောင်းပါ။ နောင်အင်ကျေးရွာကို ဗဟိုပြု၍ အေးသာယာမြို့ ကို စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ တဖြည်းဖြည်း မြို့ကွက်ကျယ်ပြန့်လာ ခြင်းဖြစ်သည်။ (မြို့တည်စဉ်က နောင်အင် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၊ အေးသာယာမြို့သစ်ဟု သုံးစွဲခဲ့ရ သည်)။
အေးသာယာမြို့ဖြစ်လာမည့် နေရာတွင် ယခင်က နောင်အင်တောင်ရွာ၊ နောင်အင် မြောက်ရွာဟု ခေါ်ဆိုသော ထနော့တိုင်းရင်း သားများနေထိုင်သော ကျေးရွာနှစ်ရွာတည်ရှိ သည်။ အဆိုပါ ထနော့တိုင်းရင်းသားများ သည် ကလောမြို့နယ်၊ ငုံးသုံကျေးရွာအုပ်စု၊ သစ်အယ်တစ်၊ တောင်ပို့လှကျေးရွာများဘက် မှ ပြောင်းရွှေ့လာကြခြင်း ဖြစ်ကာ နောင်အင် တောင်ရွာ၊ နောင်အင်မြောက်ရွာဟူ၍ ထနော့ ကျေးရွာနှစ်ရွာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ထနော့ တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာ ကပင် နောင်အင်ကျေးရွာ၌နေထိုင်လာခြင်း ဖြစ်ကြောင်း၊ နောင်အင်ကျေးရွာရှိ ယခင် ရွာလူကြီးဟောင်း ဦးတပိုးက ဆိုသည်။
ဦးတပိုးသည် နောင်အင်မြောက်ရွာ၏ ကျေးရွာလူကြီးတစ်ဦးဖြစ်ကာ အေးသာယာ မြို့တည်စအချိန်ကာလကို ကောင်းကောင်း မှတ်မိသည်ဟုဆိုသည်။ ထိုစဉ်က ၁၉၈၉ ခုနှစ် အချိန်ကာလဖြစ်၍ တောင်ပေါ်မှ အိမ်ထောင်စု များကို ကားများဖြင့်ခေါ်လာပြီး နောင်အင် ကျောင်းဝင်းအတွင်း ခေတ္တနေရာချထား၍ အခမဲ့ပေးထားသောမြေကွက် တည်နေရာများ ကို လိုက်လံပြသရသည်ဟုဆိုသည်။ နောင် အင်ကျေးရွာသည် ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိလာခြင်းဖြစ်ကြောင်း၊ ဦးတပိုး၏ အဘိုး ဖြစ်သူသည် နောင်အင်ကျေးရွာမှာပင် အသက် ၉၀ အထိ နေခဲ့ဖူးသဖြင့် နှစ်ပေါင်းရာနှင့်ချီ၍ နောင်အင်တွင် ထနော့တိုင်းရင်းသားများနေ ထိုင်လာကြောင်း ဦးတပိုးက အခိုင်အမာဆို သည်။
နောင်အင်ကျေးရွာသည် ရှေးနှစ်ပေါင်း များစွာကပင် ထနော့တိုင်းရင်းသားများ နေ ထိုင်လာသောကျေးရွာတစ်ရွာဖြစ်ပြီး ထိုစဉ် က ထနော့တိုင်းရင်းသားများနေထိုင်သော နောင်အင်ရွာ၊ တောင်ရိုးတိုင်းရင်းသားများ နေထိုင်သော မုံတဝရွာတို့ ရှိခဲ့ကြောင်း သိရ သည်။
ထိုစဉ်က နောင်အင်တောင်ရွာ အိမ်ခြေ ၅၀၊ နောင်အင်မြောက်ရွာ အိမ်ခြေ ၆၀ တို့ဖြင့် တောင်ကြီးမြို့မတည်မီကပင် နောင်အင်ဘုန်း တော်ကြီးကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိ နောင်အင် ဘုန်းတော်ကြီးကျောင်းနေရာမှာပင် ကျောင်း ဟောင်းကို ဖြိုဖျက်၍ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရ သည်။ နောင်အင်ကျောင်းရှိ ရှေးဟောင်းစေတီ တော်သည် ရှေးယခင်ကပင် တည်ရှိလာခြင်း ဖြစ်ကာ ရှေးဟောင်းစေတီတော်ဖြစ်ကြောင်း သိရသည်။
နောင်အင်ကျေးရွာတွင် အေးသာယာမြို့ စတည်သောအခါ ရွှေညောင်လိုင်းကားနှင့် ဂျစ်ကားတို့ကို စီးခဲ့ရသည်ဟုဆိုသည်။ ထိုစဉ် က နောင်အင်ရွာမှ မုခ်ဦးအထိ မုန်ညင်းများကို ထမ်းသွား၍ လမ်းဆုံ၌ ကားတားစီးရကြောင်း၊ ဂျစ်ကားအသွား ပြား ၅၀၊ အပြန် ပြား ၅၀ ပေး စီးရကြောင်း ဦးတပိုးက ဆိုသည်။ ကုန်ပစ္စည်းခ များကိုလည်း လူစီးနှုန်းအတိုင်း ပေးဆောင်ရ ကြောင်းသိရသည်။ နောက်ပိုင်းတွင် အေးသာ ယာမြို့ စည်ကားလာမှ ရွှေညောင်ဒတ်ဆန်း ကားများ အေးသာယာမြို့ တိုင်းလုံဆိုင်အနီး တွင် လိုင်းကားဆွဲခဲ့ကြောင်း ၊ ထိုစဉ်က သုံးကျပ် ခန့် ပေးစီးရကြောင်း သိရသည်။
နောင်အင်ကျေးရွာတွင် ထနော့တိုင်းရင်း သားများ နေထိုင်ကြသလို ထုံးဖို၊ သစ်ပင် ထောင်ဘက်တွင်လည်း ထနော့တိုင်းရင်းသား များ နေထိုင်ကြကြောင်း သိရသည်။ နောင်အင် ရွာနှင့် သစ်ပင်ထောင်ရွာတို့တွင် နေထိုင်ကြပြီး အေးသာယာအနီးတစ်ဝိုက်တွင်ရှိသော မြေ ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်၍ အသက်မွေးဝမ်းကျောင်းပြုလုပ်ခြင်း ဖြစ်ကြောင်း ထနော့တိုင်းရင်းသားများက ဆို သည်။
နောင်အင်ကျောင်း မွေတော်စေတီသမိုင်းဦးကနဦး တွေ့ရှိချက်
အေးသာယာမြို့၊ မြို့လယ်ရှိ ရှေးဟောင်း မွေတော်စေတီတော်သည် လွန်ခဲ့သော နှစ် ပေါင်း ၉၃၀ ခုနှစ်၌ သာသနာ့ဒါယကာ နရ ပတိစည်သူမင်းတရားကြီး ပေါ်ပေါက်ခဲ့ဖူး၏။ ထိုမင်းတရားကြီးသည် ကောဇာသက္ကရာဇ် ၄၂၈ ခုနှစ် ၊ ၀ါဆိုလဆန်း ၈ ရက်နေ့ ကြာသပ တေးနေ့တွင် ဖွားမြင်ခဲ့ပြီး ၄၅၄ ခုနှစ်တွင် မင်း ဘိသိက်ခံယူခဲ့သည်။ ၄၅၇ ခုနှစ်ရောက်သော အခါ ဖောင်စကြာယာဉ်ဖြင့် တိုင်းခန်းလှည့် လည်စဉ် ယခုနောင်အင်ရွာသို့ ရောက်သောအ ခါ ကြက်သီးမွေးညင်း တဖြန်းဖြန်းထလာသဖြင့် အကျိုးအကြောင်းအဆိုးအကောင်းကို ကြည့် ရှုဟောကြားစွမ်းနိုင်သော ပုရောဟိတ်၊ ပုဏ္ဏား တို့ကို အဖတ်ခိုင်းပြီး ပုရောဟိတ် ပုဏ္ဏားတို့က လည်း စစ်ရှုံးçစစ်နိုင်ဟူသောအကြောင်း ကြောင့် ကြက်သီးမွေးညှင်း ထသည်မဟုတ်။ နောင်လာမည့် နှစ်ပေါင်း ၁၀၀၀ ကျော်တွင် ဤဒေသ၌ သစ်ပင်ç၀ါးပင် ပြည့်နေသော ဤ တောအုပ်ကြီးသည် သာယာလှပ ရှုမဝနိုင်သော မြို့တစ်မြို့ဖြစ်ရုံမျှမကဘဲ ဗုဒ္ဓသာသနာ ရောင် ၀ါ ထွန်းလင်းမည်ဖြစ်၍ စေတီတည်ထားထိုက် ကြောင်း သံတော်ဦးတင်ကြလေသည်။
ကောဇာသက္ကရာဇ် ၄၅၇ ခုနှစ်တွင် ပုရော ဟိတ်တို့၏ ဖတ်ကြားချက်အရ ဗုဒ္ဓမြတ်စွာ၏ သရီရဓာတ်တော် မွေတော်ဖြင့် တည်ထားကိုး ကွယ်သော စေတီခုနစ်ဆူ ပါဝင်ကြောင်း သိရ လေသည်။ ၎င်းင်းစေတီသည် မွေတော်စေတီဟု သမုတ်၍ ထင်ပေါ်ကျော်ကြားသော စေတီ တစ်ဆူလည်းဖြစ်သည်။ စေတီတော်၏ မြောက် ဘက်နှင့် တောင်ဘက်တွင် နောင်အင်မည် သောရွာရှိသဖြင့် ရွာနှစ်ရွာ၏အလယ်တွင် တည်ရှိနေသောကြောင့် နောင်အင်စေတီ၊ နောင်အင်ဘုရား ဟုလည်း ခေါ်ကြသည်။
နောင်အင်သမိုင်းအကျဉ်း
နောင်အင်ရွာသူရွာသားများသည် ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြသောကြောင့် လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀ ကျော်ကာလ၌ မွေတော် စေတီ၏ တောင်ဘက်တွင် ပထမ နောင်အင် ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ် အားထားခဲ့ကြသည်။ နှစ်ပေါင်း ၁၀၀ ကျော် လာသောအခါတွင် ကျောင်းတော်ကြီး ဟောင်း နွမ်းပျက်စီးလာသဖြင့် မွေတော်စေတီတော်၏ မြောက်ဘက်တွင် ထပ်မံပြီး ဒုတိယ နောင်အင် ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပြန်သည်။ ၁၉ ရာစုနှစ်ရောက်သောအခါ ရပ်ရွာ၏ တိုး တက်မှုအရှိန်အဟုန်ကြောင့် သစ်သားကျောင်း ကြီးကို အားရမှုမရှိဘဲ ၁၃၃၀ ပြည့်နှစ်တွင် တိုက်ကျောင်းကြီး ဖြစ်နိုင်ရန်အတွက် တတိယ မြောက်ကျောင်းကို ဆက်လက်လှူဒါန်းပြန် သည်။ တတိယမြောက်တိုက်ကျောင်းကြီး သည်လည်း ကောဇာသက္ကရာဇ် ၁၃၄၆ ခုနှစ် တွင် အစစအရာရာ အားလုံးပြီးဆုံးသော ကြောင့် ကျောင်းရေစက်ချပွဲကို စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။ ဤသမိုင်းကို ကြည့် သောအားဖြင့် နောင်အင်ရွာသူရွာသားတို့၏ သဒ္ဓါအား၊ စေတနာအား၊ ဝီရိယအားတို့ကို ခန့်မှန်းနိုင်ပေသည်။
ကောဇာသက္ကရာဇ် ၁၃၅၃ ခုနှစ် ၀ါဆိုလ ပြည့်နေ့မှစ၍ နောင်အင်ကျောင်း ဗုဒ္ဓသာသ နာ ပိုမိုထွန်းလင်းရန်အတွက် အဋ္ဌမမြောက် ဆရာတော် ဘဒ္ဒန္တ မဟောသဓ (ဓမ္မာစရိယ) ဦးစီးပဓာနဖြင့် တိုးတက်လာသောမြို့နှင့်အညီ တောကျောင်းအဖြစ်မှ ပရိယတ္တိ စာသင်တိုက် အဖြစ်သို့ ကူးပြောင်းဆောင်ရွက်ခဲ့သည်။
အေးသာယာနှင့် စက်မှုဇုန်
တောင်ကြီးမြို့မှ အဆင်းလမ်းအတိုင်း ဆင်းလာလျှင်မြင်ရသော မုခ်ဦးပေါက်မှ တောင် ဘက်လမ်းအတိုင်း ဝင်လာလျှင် အေးသာယာ ရွှေမြို့ကိုရောက်ရှိပါသည်။ တောင်ကြီးမြို့ ကဲ့သို့ပင် အေးသာယာမြို့သည် တောင်နှင့် မြောက်ရှည်လျားသောမြို့ဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၀ မိုင်ခန့်သာကျယ်ဝန်း သည်။ မြို့အဝင် မြို့သစ်လမ်းခွဲမှ စက်မှုဇုန် လမ်းမကြီးအထိ သုံးမိုင်သာရှည်လျားပြီး စက် မှုဇုန်နယ်နိမိတ်အစကို ရောက်ပါသည်။ ဇုန် သည် ၉၀၂ ဒသမ ၀၀၀ ဧက အကျယ်အဝန်း ရှိသည်။
အေးသာယာမြို့ ကို ၁၉၈၉ ခုနှစ် မတ်လ တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကာစက်မှုဇုန်ကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်၍ လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် သည်။ စက်မှုဇုန်ဆိုသည့်အတိုင်း မြို့ပြများ တွင်ရှိသော စက်မှုလုပ်ငန်းများကို သီးသန့် ခွဲထုတ်ကာ လူနေအိမ်ခြေများနှင့် ဝေးသော နေရာများတွင် စက်မှုလုပ်ငန်းစုတစ်ရပ်အနေ ဖြင့် တသီးတသန့် စုစည်းထားသည်နှင့် အညီ တောင်ကြီးမြို့တွင်ရှိသော စက်မှုလုပ်ငန်းများ ကို အေးသာယာစက်မှုဇုန်သို့ ရွှေ့ပြောင်းစေခဲ့ ခြင်းလည်း ဖြစ်သည်။
စက်မှုဇုန်တွင် ဂျစ်ကားကို ဦးစွာထုတ် လုပ်ခဲ့သူမှာ ဦးကိုလေး (ှ့ညေ ှအမေ) ဖြစ်ပြီး သူ့ကို ရှမ်းစတားဂျစ်ဖခင်ကြီးဟုပင် တင်စား ခေါ်ဝေါ်ကြသည်။ ရှမ်းစတားဂျစ်ကားကို ဘော်ဒီပိုင်းဆိုင်ရာကို ကိုယ်ပိုင်အိုင်ဒီယာဖြင့် ကိုယ်တိုင်တီထွင်ခဲ့သောကြောင့် နာမည်ကျော် ကြားခြင်းလည်းဖြစ်သည်။ နောက်ပိုင်းတွင်မှ ကားထုတ်လုပ်ရေးများ ကိုယ်စီကိုယ်စီလုပ် လာကြခြင်းဖြစ်သည်။ ရှမ်းစတားဂျစ်ကား ထုတ်လုပ်ရေးလုပ်ငန်းများသည် အစောပိုင်း ကာလတွင် တွင်ကျယ်စွာ ခေတ်စားခဲ့ကာ မြန် မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇုန်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။
ကားပြုပြင်ရေးလုပ်ငန်းများကို သူ့အမျိုး အစားအလိုက်ခွဲထားပြီး ဆိုင်ပေါင်းများစွာ ရှိသည်။ ကားကြီးပြုပြင်ရေး၊ ကားသေးပြုပြင် ရေး၊ ဘော်ဒီလုပ်ငန်း၊ ဆေးမှုတ်လုပ်ငန်း၊ အင် ဂျင်ပြုပြင်ရေးလုပ်ငန်း၊ တွင်ခုံလုပ်ငန်း၊ ဝရိန် လုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းများစွာ ရှိသည်။ ယခင်က သစ်လုပ်ငန်း တွင်ကျယ်ခဲ့ဖူး သော်လည်း ယခုအခါ နည်းပါးခဲ့ပြီဖြစ်သည်။
စက်မှုဇုန်ထုတ် သံပန်းသံတံခါးလုပ်ငန်း များသည်လည်း နာမည်ကျော်စာရင်းဝင်ခဲ့ပါ သေးသည်။ သံပန်းသံတံခါးများမှာ အနုစိတ် လှခြင်း၊ လက်ရာမြောက်ခြင်းတို့ကြောင့် လူ ကြိုက်များခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် စတီးအလှဆင်လုပ်ငန်းများက သံထည်များ နေရာတွင် အစားထိုးနေရာယူလာသည်ကို တွေ့မြင်လာရသည်။
သံရည်ကျိုစက်ရုံမှာ စက်မှုဇုန်၏ နာမည် ကြီးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ စက်မှုဇုန် ၁၈ ဇုန်တွင် ဦးစားပေးစနစ် အနေ ဖြင့် နိုင်ငံတော်က ချပေးထားခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ထိုကဲ့သို့ သံရည် ကျိုစက်ရုံကြီး သုံးရုံသာရှိပြီး မုံရွာ၊ မန္တလေး နှင့် တောင်ကြီးတို့တွင်သာရှိကြောင်း သိရ သည်။ စီမံကိန်းကာလ ၂၀၀၀ ပြည့်နှစ်ကျော် တွင် စက်မှုဇုန်နှင့်အတူ သံရည်ကျိုစက်ရုံကြီး ပေါ်ပေါက်လာခြင်းဖြစ်၏။
စက်မှုဇုန်အကြောင်းပြောလျှင် ရှမ်းရိုးမ မွေးမြူရေးဇုန်အကြောင်းပါမှသာ ပြည့်စုံနိုင် လိမ့်မည်ဟု ပြောရပေလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် စက်မှုဇုန်နှင့် မွေးမြူရေးဇုန် တို့မှာ ညီအစ်ကိုကဲ့သို့ ဖြစ်နေသောကြောင့် တစ်ကြောင်း၊ လမ်းကြောချင်း သိပ်မဝေးဘဲ ဆက်စပ်နေကြသောကြောင့် တစ်ကြောင်းတို့ ကြောင့်ပင် ဖြစ်သည်။
မွေးမြူရေးဇုန်ကို ၂၀၁၀ ပြည့်နှစ်၊ ဖေ ဖော်ဝါရီ ၁၁ ရက် (၁၁.၂.၂၀၁၀) တွင် နိုင်ငံ တော်အကြီးအကဲများ လမ်းညွှန်မှုဖြင့် မွေးမြူ ရေးဇုန်ကော်မတီဝင် အတွင်းရေးမှူး ဒေါက် တာဝင်းမြင့် (ဒု-ညွှန်ကြားရေးမှူး၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန) က တာဝန်ယူ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မွေးမြူဇုန်ကို အေးသာယာ- ညောင်ရွှေ သွားလမ်းအတိုင်း ဆက်သွားပြီး မွေးမြူရေးဇုန် ဆိုင်းဘုတ်နေရာကို ရောက်ရှိသည်။ မွေးမြူရေး ဇုန်မှာ ညောင်ရွှေမြို့နှင့် အေးသာယာမြို့ ဧရိ ယာအလယ်တည့်တည့်နေရာတွင် တည်ရှိနေ သည်။ အကျယ်အဝန်းမှာ စက်မှုဇုန်တစ်ဝက် ခန့်သာကျယ်ပြီး ၄၂၉ ဒသမ ၆၇ ဧက ကျယ် ဝန်းသည်။
မွေးမြူရေးဇုန်ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီ တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့ကြပြီး ၂၀၀၉ သြဂုတ်လတွင် တိရစ္ဆာန်များ စတင်မွေးမြူခဲ့ ကြသည်။
မွေးမြူရေး အကောင်အထည်ဖော်မှု ဂုဏ်ပြုဆုကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၆ ရက် ကမ္ဘာ့စားနပ် ရိက္ခာနေ့တွင် ချီးမြှင့်ခံခဲ့ရ သည်။
အေးသာယာ ရေလှောင်တမံ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ အေးသာယာအနောက်ဘက်တွင် တည်ရှိပြီး ချောင်းအမည်မှာ မုံတဝချောင်း ဖြစ်သည်။ ရေဆင်းဧရိယာ ငါးစတုရန်းမိုင်ရှိပြီး တူးမြောင်းမကြီး အလျားမှာ ၄ ဒသမ ၁၅ မိုင် ဖြစ်၏။ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၅၆ လက်မ ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၂၅၀၀ ဧကပေ ရှိသည်။ မြေသားတမံအမျိုးအစားဖြစ်ပြီး၊ တမံအမြင့် ၃၈ ပေ၊ အလျား ၉၀၀ ပေရှိ၏။ ကန်ရေပြည့်ဝရေလှောင်ပမာဏ ၇၅၇ ဧကပေ ဖြစ်ပြီး ကန်ရေသေ ရေလှောင်ပမာဏ ၁၄၅ ဧကပေရှိ၏။ ကန်ရေပြည့်ရေပြင်ကျယ် ဧရိ ယာ ၇၁ ဒသမ ၅ ဧကရှိ၏။ ရေထုတ်တံခါး အမျိုးအစားမှာ ကျောက်ပန်းရံဖြစ်ပြီး ရေပိုလွှဲ အမျိုးအစားမှာ သံကူကွန်ကရစ် (Side Chan-nel Spillway)
ဖြစ်သည်။ ရေပိုလွှဲအကျယ် ၆၀ ပေဖြစ်ပြီး ရေပိုလွှဲဒီဇိုင်း၊ ရေထုစီးနှုန်းမှာ ၁၁၅၀ ကုဗပေ/စက္ကန့်ဖြစ်သည်။ ဆည်ရေပေး ဝေနိုင်မည့် ဧရိယာ (မိုး) ၆၀၀ ဧက နှင့် (နွေ) ၃၃၀ ဧက ဖြစ်သည်။ စီမံကိန်းစတင်ကာလမှာ ၁၉၉၆-၁၉၉၇ ဖြစ်ပြီး စီမံကိန်းခန့်မှန်း ကုန်ကျ ငွေ စုစုပေါင်း ၁၁၃ ဒသမ ၅ သိန်း ဖြစ်သည်။
မဟာပါသာဏ မုံတဝလိုဏ်ဂူတော်
တောင်ကြီးမြို့ အနောက်ဘက်တောင် စောင်းတွင်တည်ရှိပြီး အေးသာယာမြို့၊ မုံတဝ ရွာလမ်းအတိုင်း တောင်ပေါ်တက်လျှင်လည်း မဟာပါသာဏ မုံတဝလိုဏ်ဂူတော် တည်ရှိရာ နေရာကို ရောက်ရှိသည်။
အေးသာယာမြို့၊ စက်မှုဇုန်သွားလမ်း၊ စက်မှုဇုန်ဆိုင်းဘုတ် တည်ရှိရာနေရာတွင် မုံတဝကျေးရွာတည်ရှိသည်။ မုံတဝရွာသည် အေးသာယာမြို့ မတည်ခင်ကပင် နောင်အင် ကျေးရွာနှင့် မုံတဝကျေးရွာတို့မှာ နှစ်ပေါင်း များစွာကပင် တည်ရှိလာသောကျေးရွာများ ဖြစ်သည်။ မုံတဝရွာတွင် မုံတဝဘုန်းတော်ကြီး ကျောင်း (အောက်ကျောင်း) တည်ရှိပြီး တောင်ပေါ်ရှိ မုံတဝလိုဏ်ဂူတော်တွင်လည်း အပေါ်ကျောင်း (ဂူကျောင်း) တွင် ဘုန်းတော် ကြီးကျောင်းတစ်ကျောင်းရှိသည်။ တောင်ပေါ် မုံတဝလိုဏ်ဂူတော်ကျောင်းတိုက်၌ သီတင်း သုံးသော ဆရာတော်မှာ တောင်ကြီး-မုံတဝ သွားလမ်းကို တတ်စွမ်းသမျှလမ်းခင်းရန် ကြိုး ပမ်းနေခြင်းဖြစ်ကာ သုံးပုံနှစ်ပုံခန့် ပြီးစီးနေပြီ ဖြစ်သည်။ တောင်ကြီးမြို့မှ သင်္ခါရသုသာန် သွားလမ်းအတိုင်း ဆက်သွားလျှင် မုံတဝလိုဏ် ဂူတော်သွားလမ်းကို ဆိုင်းဘုတ်ပြထားပြီး မော်တော်ယာဉ်များ သွားလာနိုင်ပြီ ဖြစ်သည်။
အမည်ပေါ်ပေါက်ခြင်း
ဤသို့ဆိုလျှင် မုံတဝဂူဘုရားကိုလည်း မင်းကြီးတည်သွားသည်ဟု ဆိုနိုင်သည်။ မုံတဝ ဆိုသောအမည်မှာ သဘာဝအားလျော်စွာ ရရှိ ထားသောအမည်ဟုလည်း ဆိုကြ၏။ မုံဆို သည်မှာ ပအိုးဝ်ဘာသာဖြင့် တောင်ထွတ် တောင်ကုန်းဟုဆိုလို၍ တဝမှာ မြန်မာဘာသာ ဂူဟု အဓိပ္ပာယ်ရလေသည်။ အဝဟုဆိုလိုဟန် တူသည်။ ပအိုဝ်းဘာသာတောင်ထွတ်တောင် ကုန်းဟုအဓိပ္ပာယ်ရသော မုံနှင့် မြန်မာဘာသာ ဂူဟု အဓိပ္ပာယ်ရသော တဝတို့ကို ဆက်စပ်၍ မုံတဝဂူ (တောင်ထွတ်ဂူ) ဟု အမည်တွင်လေ သည်။
ထန်ဘုရားဟူသောရွာမှာ ပအိုဝ်းစကား (ထန်=ဂူ) နှင့် မြန်မာ (ဘုရား) ဟုလည်းကောင်း၊ ရှမ်းမြောက်ပိုင်း ဘော်ကြိုဘုရားသည်လည်း ရှမ်းစကား (ပေါ့=အဖေ)၊ မြန်မာစကား (ကြို= ကြိုဆိုခြင်း) စသဖြင့်မှည့်တတ်၏။ မူကွဲများရှိ သေး၏။
မောင်နှမနှစ်ယောက်နေသည့် ဂူဖြစ်သော ကြောင့် မောင်နှမဂူဟုပြောဆိုရာမှ ခေတ်ကာ လကြာမြင့် စကားရွေ့၍ မုံတဝဂူဖြစ်လာသည် ဟုလည်းဆိုကြပြန်သည်။ အစ်ကိုက အထက် တွင်နေပြီး နှမက အောက်၌နေသောကြောင့် ဂူတွင်းတွင် အစ်ကိုနေထိုင်သွားသောခြေရာလက်ရာများကိုတွေ့နိုင်သည်ဟုလည်းဆိုကြသည်။
နောက်ထပ်မူကွဲတစ်ခုမှာ မဏိစည်သူ မင်းကြီး တိုင်းခန်းလှည့်လှည်စဉ်က ရှမ်းပြည် သို့ရောက်လာခဲ့ရာ ဤနေရာ၌ ဘုရားတည်ရန် ဓာတ်တော်မွေတော်များကို ဆင်ဖြင့်တင်၍ ယူဆောင်လာခဲ့ကြောင်း၊ ဤနေရာအနီးတွင် ဆင်များ မုန်ယိုသွားသဖြင့် ဤဂူဝရေတံခွန် တွင် မုန်ယိုသောဆင်များကို ရေဆေးကြော သန့်စင်ပြီး ထားခဲ့ရကြောင်း၊ ဆင်များကိုမယူ တော့ဘဲ ပြန်သွားရကြောင်း၊ “မုန်ထားသွား”မှ ကာလရွေ့လျောသဖြင့် မုံတဝ ဖြစ်လာသည် ဟုလည်း ဆိုကြသည်။
မင်းကြီးတည်စဉ်က စည်ကားခဲ့သော် လည်း နောက်ပိုင်း၌ လူသူအရောက်အပေါက် နည်းသဖြင့် မှေးမှိန်သွားပြန်သည်။ နောက် ပိုင်း ရှမ်းစော်ဘွားများ ဝင်ရောက်ခိုအောင်း သည်ဟုလည်း ဆိုကြသည်။ သက္ကရာဇ် ၇၂၁ ခုနှစ်မှစ၍ စိုးစံသော ညောင်ရွှေစော်ဘွားကြီး ဆီဆိုင်ဖမှ အစပြုပြီး ၁၂၈၉ ခုနှစ် စိုးစံသော စော်ဘွားကြီး စောရွှေသိုက်အထိ စော်ဘွား ဆက်ပေါင်း ၃၃ ဆက်တို့ထဲမှ ပြည်တွင်းရေး အခြေအနေကြောင့် တိုင်းပြည်မှခွာပြီး ထိုဂူ ပျောက်ကြီးတွင် လာနေခြင်းလည်း ဖြစ်နိုင်၏။
၁၂၄၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂ လိပ် လက်အောက်သို့ ရောက်ရှိချိန်တွင်လည်း စော်ဘွားများ ပုန်းအောင်းနိုင်သည်ဟု ယူဆ နိုင်သည်။ ဂူတွင်း၌ရှိသော ရှေးဟောင်း ဘုရား နှစ်ဆူမှာ (ဉာဏ်တော် ၁၁ လက်မ၊ ၉ လက်မ) လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ခန့်က ညောင် ရွှေအမတ်ကြီးတစ်ဦးဖြစ်သူ ဇရပ်တကာ ဦး မှတ်တည်ခဲ့ကြောင်း စစ်တမ်းများအရ သိရ သည်။
ထို့ပြင် ဂူအတွင်းပိုင်း လူမဝင်နိုင်လောက် သောနေရာများတွင်လည်း ဆောက်လုပ်ထား သော ခုနှစ်မခန့်မှန်းနိုင်သည့် ရှေးဟောင်း လက်ရာများကိုလည်း မြင်တွေ့ရသည်။
ဂူပုံစံ
မုံတဝဂူကြီးမည်မျှနက်ရှိုင်းပြီး မည်သည့် နေရာတွင် လမ်းဆုံးကြောင်း မည်သည့်ပညာ ရှင်မျှ မတွက်ချက်နိုင်ပေ။ ပါးစပ်ပြောရာဇဝင် များအရပြောရမည်ဆိုလျှင် မုံတဝဂူသည် ပင်းတယဂူနှင့်ဆက်နေပြီး ပုဂံအထိလမ်း ပေါက်ကြောင်း ပြောဆိုနေကြပေသည်။ ဟုတ် မဟုတ်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ မစူးစမ်း မသွားလာဖူးသဖြင့် အတည်ပြုပြော ကြားရန် မဖြစ်နိုင်။
ဂူကို ကြီးမှူးပြုပြင်နေသော ဦးသိန်းလွင် နှင့်အဖော် ၁၈ ဦးပါသောအဖွဲ့သည် ငါးရက် တိုင် ရက်ရှည်စားသောက်ဖွယ် ရိက္ခာ၊ လက် နှိပ်ဓာတ်မီးများနှင့် လိုအပ်သောကိရိယာ အသုံးအဆောင်များ ယူဆောင်၍ ဂူအတွင်း ပိုင်းသို့ ဝင်ရောက်စူးစမ်းရာ အသွားသုံးရက်၊ အပြန်နှစ်ရက်ခရီးတွင် အရှေ့တောင်အရပ် သို့ ဂူတွင်းလမ်းဦးတည်၍ အဆင်းအတက် ကွေ့ကောက်၍ သွားနေရကြောင်း၊ ခန့်မှန်း ခရီး မိုင် ၂၀ ခန့် ပေါက်ခဲ့ကြောင်း သိရခဲ့ပေ သည်။
လိုဏ်ဂူပုံစံမှာ ဝင်ဝင်ချင်း ၁၀ ကိုက်ခန့် အကွာတွင် ကျဉ်းမြောင်းသွားပြီး တစ်ဖန် ကျယ်သွားပြန်သည်။ ကိုက် ၃၀ ခန့် အကွာတွင် လမ်းလျှောက်၍မရတော့ဘဲ လေးဘက်မ ထောက်ရုံတစ်မည် ကုန်း၍ဝင်ရပြန်ပြီး ထို တစ်ကွေ့လွန်သွားလျှင် ခန်းမကျယ်ကြီးထဲသို့ ရောက်သွားပြန်သည်။ ထို့သို့ လမ်းကျဉ်းပေါင်း များစွာရှိပြီး လမ်းသွယ်အမျိုးမျိုး၊ ဂူဝပေါင်း များစွာတို့ မရေမတွက်နိုင်အောင် ရှိကြသည်။ ထို့ပြင် ရေကျသံကြားရသော သံတံတား ချောက်တွင်း သို့သွားသော လမ်းသွယ်လည်း ရှိသေးသည်။ လူအများသွားလာရန်အတွက် ဝင်ရောက်သူများ လမ်းအဆုံးသတ်မှတ်ထား သည့်နေရာမှာ သံလှေကား ပြုလုပ်ထားသည့် နေရာအထိသာ ဖြစ်ပြီး ထိုနေရာရောက်လျှင် ပြန်လှည့်လာကြရသည်။ ထိုနေရာမှ အောက် ပြုတ်ကျသွားလျှင် အန္တရာယ်ရှိနိုင်သော ကြောင့် တားမြစ်ထားခြင်းလည်းဖြစ်၏။
ထိုနေရာမှ ကျော်လွန်၍ အောက်သို့ ပေ ၁၀၀ ကျော် ဆင်းပြီးသွားလျှင် နဂါးဖို၊ နဂါးမကန် စသောထူးဆန်းသောရေကန်များ ရွှေငါး၊ ငွေငါးများ၏ မြူးပျော်ရာရေကြောင်း ရေလမ်းများဖြင့် စိတ်လှုပ်ရှားဖွယ်ရာများရှိ ကြောင်းသိရသည်။ ထို့ပြင် ထိုဂူကြီး၏အောက် တွင် ရင်စို့ခန့်ရှိသောရေများကို နာရီဝက်ခန့် ကူးသွားလျှင် ရွှေလှေများ၊ ရွှေသင်္ဘောများနှင့် ရွှေစေတီများလည်းရှိကြောင်း၊ ဘောလုံးတစ် ကွင်းစာလောက်ကျယ်သော ဟောကြီးအ တွင်း ရောက်သွားကြောင်း၊ နောင်တစ်ချိန်တွင် သီလ၊ သမာဓိရှိသော ပုဂ္ဂိုလ်ပေါ်ပေါက်မှသာ နောင်တစ်ဖန် ပြန်လည်ပွင့်ထွန်းမည်ဖြစ် ကြောင်း သိရသည်။
တိုင်းရင်းဆေးရုံ
တောင်ကြီးမြို့နယ် (အေးသာယာမြို့ သစ်လမ်းခွဲမှ နှစ်မိုင်အကွာ) အေးသာယာ-စက်မှုဇုန်-ညောင်ရွှေကားလမ်းဘေးတွင် တိုင်းရင်းဆေးရုံ တည်ရှိသည်။ ယခင်က အလှူ ရှင်ဖြစ်သူ ကွယ်လွန်သူမိခင်ကြီး ဒေါ် ဦးကို ရည်စူးလျက် သားသမီးများဖြစ်ကြသော ဦးဝင်းမြင့်+ဒေါ်ခင်သန်းလှ မိသားတို့က (၅.၅. ၁၉၉၂) ခုနှစ်တွင် အုတ်မြစ်ချလျက် ကျပ် ၅၁ သိန်း အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ပြီး (၃၁.၃.၁၉၉၃) ခုနှစ်တွင် ဖွင့် လှစ်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာန အထူး ကုဆရာဝန်ကြီးများက အပတ်စဉ်ကွင်းဆင်း ကုသမှု ပြုလုပ်ပေးခဲ့သဖြင့် ဒေါ်ဦးဆေးရုံဟု လူသိများသည်။ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
အေးသာယာအနီးတစ်ဝိုက် လည်ပတ်စရာနေရာများ
တောင်ကြီးမြို့ တောင်ခြေရင်းတွင် အေး သာယာမြို့တည်ရှိသည်။ ယခင်က အေးသာ ယာကို မြို့သစ်ဟုပင် ခေါ်ဆိုကြသည်။ တစ် နည်းပြောရလျှင် အေးသာယာမြို့ကို တောင် ကြီးမြို့မှ မွေးဖွားသန့်စင်ပေးလိုက်ခြင်းဖြစ် သည်။
အေးသာယာမြို့ရောက်လျှင် ဦးစွာမြင်ရ သည်မှာ နာရီစင် ၊ မြို့အဝင် ကျောင်းထိုင်ဘုန်း ကြီးကျောင်း၊ ကျောင်းဝင်းရှိ ဘုရား၊ မြို့လယ် သာသနာ့ဗိမာန်တော်ကြီး၊ နောင်အင်စေတီ နှင့် နောင်အင်ဘုန်းတော်ကြီးကျောင်း၊ အေး သာယာရေလှောင်တမံ၊ မုံတဝအောက်ကျောင်း၊ မုံတဝတောင်ပေါ်လိုဏ်ဂူ၊ မုံတဝအကျော်ရှိ ဖောင်တော်ပေါက်ကျောင်းတို့ လည်ပတ်စရာ ရှိသည်။ စက်မှုဇုန်တွင် ချမ်းမြေ့တရားရိပ်သာ စခန်းရှိသည်။ စက်မှုဇုန်မှ ရွှေညောင်မြို့ရှောင် လမ်းအတိုင်းဆက်သွားလျှင် ကမ္ဘာလုံးစေတီ တော်ဘုရားသို့လည်း သွားရောက်လည်ပတ် နိုင်သေးသည်။ အေးသာယာမြို့တွင် ရန်တိုင်း အောင်ပရဟိတကျောင်း၊ ရွှေတောင်တန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပရ ဟိတကျောင်းနှင့် သာသနာ့တံခွန် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းတို့လည်း တည်ရှိ သည်။ အေးသာယာတွင် နည်းပညာတက္က သိုလ် (တောင်ကြီး) တည်ရှိပြီး အေးသာယာ မြို့၏ အလှအဖြစ် ခန့်ညားစွာ တည်ရှိသည်။
တောင်ကြီးအတက်လမ်းတွင် အေးသာ ယာ ၀ိုင်ခြံကိုလည်း လည်ပတ်နိုင်သလို အခ ကြေးငွေဖြင့် လည်ပတ်နိုင်သော အေးသာယာ ဂေါက်ကွင်းနှင့် ရွှေညောင်မြို့အနီးရှိ ငွေကမ္ဘာ သဘာဝအပန်းဖြေဥယျာဉ်လည်းရှိသည်။
အေးသာယာမြို့၌ အဝေးပြေးခရီးသည် တင်ယာဉ်ရပ်နားစခန်း ကားကြီးကွင်းတစ်ခု၊ အေးသာယာကားလေး အဝေးပြေးယာဉ်ရပ် နားစခန်းတစ်ခုတို့လည်း ယခုနောက်ပိုင်းနှစ် များတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ ထို ကားကြီးကွင်းမှ ဆက်သွားလျှင် အေးသာယာ ဘူတာရောက်နိုင်ပြီး အဝေးက ကျီးဖြူကန်ကို လည်း မြင်တွေ့နိုင်သည်။ ကျီးဖြူကန်ကို ရွှေ ညောင်တိုးဂိတ်အနီးလမ်းခွဲအတိုင်း ဝင်သွားရ ပြီး သွားရောက်လည်ပတ်နိုင်သည်။တောင်ကြီး တောင်ပေါ်ဗျူးပွိုင့်မှ ကျီးဖြူကန်ကို လှမ်းမြင် နိုင်ပြီး ကျီးဖြူကန်အနီးရှိ တောင်ပေါ်ဘုရား ကိုလည်း လှမ်းမြင် နိုင်သည်။ ကျီးဖြူကန်သည် ရွှေညောင်မြို့အနီးတွင် တည်ရှိသည်။
အေးသာယာအနီးတစ်ဝိုက်တွင် လည် ပတ်စရာများအဖြစ် အောင်သပြေရှိ ကူကြိုး မွေတော်ဘုရား၊ စွယ်တော်ကျောင်းတိုက်ဘု ရားနှင့် ရွှေညောင်မြို့ရှိ အရိပ်မပေါ် မွေတော် ဘုရားတို့တည်ရှိသည်။ ကူကြိုးမွေတော် ဆု တောင်းပြည့်ဘုရားကို ပြည်ထောင်စုလမ်းမ ကြီးအတိုင်း လမ်းညွှန်ဆိုင်းဘုတ်ရှိရာ တောင် ပေါ်သို့ တက်ခဲ့ရသည်။ လှေကားစောင်းတန်း ကိုပတ်၍ တောင်ပေါ်သို့တက်ရာ လမ်းတစ် လျှောက် ရှုခင်းသာယာ၍ တောင်ပေါ်တွင် ကူကြိုးမွေတော်ဆုတောင်းပြည့်ဘုရားကို ဖူးမြင်နိုင်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကို အလည်အပတ် ရောက်ရှိချိန် အေးသာယာ မြို့ကို တစ်ခါတစ်ခေါက် လည်ပတ်နိုင်ရန် အေးသာယာ (၃၅) နှစ်ပြည့် အမှတ်တရ ဆောင်းပါးဖြင့် မှတ်တမ်းတင်ရင်း ဖိတ်ခေါ် လိုက်ရပါသည်။