ကျောက်မီးသွေးသုံးစက်ရုံများနှင့် ဦးနှောက်မုန်တိုင်းဆင်ခြင်း

ကျောက်မီးသွေးသုံးစက်ရုံများနှင့် ဦးနှောက်မုန်တိုင်းဆင်ခြင်း
Published 14 July 2015
သစ်ထွဋ်

လက်ရှိမြန်မာနိုင်ငံမှာ ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံတွေကို တည်ဆောက်မှာကို ပညာရှင်များ၊ ဒေသခံများနဲ့ မီဒီယာများက ဝေဖန်ထောက်ပြမှုများ ရှိနေသော်လည်း ကျောက်မီးသွေးသုံးစက်ရုံ တည်ဆောက်လိုသူများကတော့ ရှေ့ဆက်တိုးနေကြဆဲ ဖြစ်ပါတယ်။
 
ဝေဖန်ထောက်ပြမှုများတွင် ကျောက်မီးသွေးသုံးစက်ရုံ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးရွားတဲ့အကျိုးဆက်များကို ထောက်ပြဝေဖန်မှုများ ရှိနေသော်လည်း ကျောက်မီးသွေးစက်ရုံစီမံကိန်း လုပ်ကိုင်လိုသူများကတော့ ရှေ့တိုးနေကြတာ ဖြစ်ပါတယ်။ 
ဒီလိုရှေ့တိုးမှုတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်နံဘေးမှာ ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံကို အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ခြောက်လအတွင်း စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဒေသခံတွေကို ပြောကြားခဲ့ပါတယ်။ ယင်းကုမ္ပဏီက တာဝန်ရှိသူတွေက စီမံကိန်းစတင်ဖို့  MOA ကို မကြာခင် ထိုးတော့မှာဖြစ်ပြီး EIA ၊ SIA လုပ်သွားမှာဖြစ်ကာ အစောဆုံး ခြောက်လအတွင်း နောက်အကျဆုံး တစ်နှစ်အတွင်းမှာ ဒီစီမံကိန်းကို စနိုင်ဖို့ရည်မှန်းထားတယ်လို့ဆိုကြောင်း သတင်းတွေမှာ ပါရှိခဲ့ပါတယ်။  စီမံကိန်းဟာ နှစ်နှစ်ခွဲကနေ နှစ်နှစ်နီးပါးအထိ ကြာမှာဖြစ်တယ်လို့ဆိုပြီး စီမံကိန်းအတွက် မြေအချို့ ဝယ်ထားပြီးဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လယ်မြေတွေကို ဝယ်ယူခွင့်သုံးစွဲခွင့်တွေကို သဘောတူခွင့်ပြုထားပြီးဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူ က ဆိုခဲ့ပါတယ်။ 
 
စီမံကိန်းပထမအဆင့် အနေဖြင့် ကျောက်မီးသွေးစက်ရုံအား မဂ္ဂါဝပ် ၁၅၀ ဓာတ်အားပေးစက်ရုံ လေးရုံဖြင့် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှ နည်းပညာအသုံးပြုမှာဖြစ်ပြီး မြေဧက ၃၀၀ ပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း သတင်းတွေမှာ ပါရှိခဲ့ပါတယ်။ ယင်းတွေ့ဆုံပွဲ မှာ ကုမ္ပဏီတာဝန်ရှိသူတွေက MOA ကို အ မြန်ဆုံးထိုးဖို့လုပ်နေပြီး ဝန်ကြီးဌာနကို တင်ပြပြီးဖြစ်သလို ပဏာမအဆင့် EIA ပြီးပြီ SIA လုပ်ဖို့ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေပြီလို့လည်း ပြောကြားခဲ့ပေမယ့် ဒေသခံများက ယင်းစီမံကိန်းကို မသိရှိကြကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း  သတင်းများတွင် ပါရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသမှာ လျာထားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းတွေမှာ ပါရှိလာခဲ့ပါ တယ်။ အဆိုပါစီမံကိန်းမှာလည်း ဒေသခံအများအပြားက ကန့်ကွက်မှုများရှိခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းလုပ်ဆောင်မယ့်သူများက ရှေ့တိုးဆောင်ရွက်မှုများရှိနေကြောင်း ဝေဖန်မှုများလည်း ရှိနေပါတယ်။
 
တကယ်တော့ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းများကို ဝေဖန်ထောက်ပြမှုတွေဟာ မှန်းဆချက်များနဲ့ ထောက်ပြနေကြတာ မဟုတ်ပါဘူး။ကျောက်မီးသွေးသုံးစက်ရုံများ တည်ထောင်လုပ်ကိုင်နေကြတဲ့  ကမ္ဘာ့နိုင်ငံအများအပြားမှာ ကြုံတွေ့ခဲ့ရတဲ့၊ ကြုံတွေ့နေရဆဲ ပြဿနာများစွာကို ထောက်ပြပြီးတော့ ကျောက်မီးသွေးစက်ရုံတွေ မဆောက်လုပ်သင့်ကြောင်း ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ပညာရှင်တွေက တရုတ်၊ အိန္ဒိယကဲ့ သို့ ယနေ့ စီးပွားရေးအင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံများစွာမှာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခြင်းရဲ့အကျိုးဆက်ကြောင့် လူ့အသက်များ၊ ပတ်ဝန်းကျင်နဲ့ လူမှုဘဝများ ဆုံးရှုံးထိခိုက်ခဲ့ရတာတွေကို ပမာပြပြီး မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်လုပ်ပါကပေးဆပ်ရမယ့် ဆုံးရှုံးမှုများကို ထောက်ပြနေကြတာဖြစ်ပါတယ်။ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဆောင်ကြရတဲ့ အမေရိကန်မှာပင် ကျောက်မီးသွေးစက်ရုံများကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာလည်း လူသေဆုံးမှု အများအပြားရှိခဲ့တာကြောင့် ယနေ့ကမ္ဘာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တဖြည်းဖြည်းနဲ့ လျှော့ချနေကြတာဖြစ်ပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံများကြောင့် စက်ရုံအနီးရှိ လူများနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားထိခိုက်စေနိုင်ပြီး စက်ရုံက စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းများကြောင့် စက်ရုံအနီးက ကလေးတွေမှာ ဉာဏ်ရည်ချို့ယွင်းမှု ဖြစ်ပွားတဲ့အထိ အကျိုးသက်ရောက်နိုင်ကြောင်း ထောက်ပြချက်တွေလည်း ရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်နိုင်ငံက ကျောက်မီးသွေးသုံးစက်ရုံကြီးတစ်ခုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပြီး နိုင်ငံတော်သမ္မတကြီးက ဂျပန်နိုင်ငံက ကျောက်မီးသွေးစက်ရုံတွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့  ဖိတ်ခေါ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေဖော်ပြချက်မှာ အဲဒီကျောက်မီးသွေးသုံး စက်ရုံထဲပတ်ဝန်းကျင်မှာ ကျောက်မီးသွေးမှုန်တစ်ခုတလေမှ မတွေ့ခဲ့ရကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုကောင်းကြောင်း၊ စက်ရုံအတွက် လိုအပ်တဲ့ကျောက်မီးသွေးကို ပြည်ပက ဝယ်ယူကြောင်း၊ စက်ရုံပတ်ဝန်းကျင်မှာ လူခုနစ်သောင်းကျော်နေပြီး စိုက်ခင်းတွေလည်း တွေ့ခဲ့ရကြောင်း ထည့်သွင်းရေးသားထားခဲ့ပါတယ်။ သို့ပေမဲ့ အဲဒီစက်ရုံက ထွက်တဲ့ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ကို ဘယ်လောက်ကျသင့်လဲဆိုတာတော့ အဲဒီဖော်ပြချက်မှာ မပါပါဘူး။ ဒီလိုစနစ်ကျတဲ့ ကျောက်မီးသွေးသုံးစက်ရုံကြီးဆောက်ဖို့ အရင်းအနှီး ဘယ်လောက်ကုန်ကျသလဲ၊ စီမံကိန်းအစကနေ စတင်လည်ပတ်တဲ့အထိ အချိန်ဘယ်လောက်ယူရသလဲဆိုတာလည်း မပါပါဘူး။ စက်ရုံကို ဘယ်လိုတင်းကျပ်တဲ့ စောင့်ကြည့်မှုတွေ၊ ဘယ်လိုစည်းမျဉ်းဥပဒေတွေနဲ့ ထိန်းကျောင်းထားလဲဆိုတာ မပါပါဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံများ လျှော့ချဖို့ လုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် Sierra Club မှ တာဝန်ရှိသူတစ်ဦးကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို ခြောက်နှစ်ထက်စောပြီး ပြီးစီးအောင် ဆောက်နိုင်တာ ကမ္ဘာမှာ မတွေ့သေးဘူးလို့ ဆိုခဲ့ပါတယ်။ ဒါဟာ ကျောက်တန်းမှာ နှစ်နှစ်နီးပါးအတွင်း ဂျပန်နည်းပညာနဲ့ အပြီးတည်ဆောက်မယ်ဆိုတဲ့ စက်ရုံကို ဘယ်လိုနည်းပညာဆောက်မယ်ဆိုတာ မေးခွန်းထုတ်စရာပါ။
 
နောက်တစ်ခုက အရင်းအနှီးဖြစ်ပါတယ်။ ကျောက်မီးသွေးစက်ရုံများအတွက် လိုအပ်တဲ့ စက်ပစ္စည်း၊ နည်းပညာအပြင် အဓိကသုံးရမယ့် ကျောက်မီးသွေးက မြန်မာနိုင်ငံမှာ မထွက်တော့ ပြည်ပက ဝယ်ရမှာဖြစ်တာကြောင့် ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကလည်း ဈေးချိုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဈေးမချိုတဲ့အတွက် ဝင်ငွေနည်းဒေသခံတွေ ဝယ်သုံးဖို့ မလွယ်ပေမယ့်  စက်ရုံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကတော့ ဒေသခံတွေ မဖြစ်မနေကြုံတွေ့ရမှာ ဖြစ်ပါတယ်။ 
ဒါကြောင့်လည်း ငွေကြေးကုန်ကျများစွာ ရင်းနှီးရပြီး လူနဲ့ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံတွေ မဆောက်လုပ်ဖို့ ပညာရှင်တွေ အပါအဝင် အများအပြား ထောက်ပြဝေဖန်နေကြတာ ဖြစ်ပါတယ်။ သေချာတာက ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့စေဖို့ နည်းပညာတွေ၊ အတားအဆီးတွေဟာ အလကားမရပါဘူး။ အားလုံးဟာ ငွေနဲ့ဆက်ပြီး တစ်နည်းအားဖြင့် နိုင်ငံခြားငွေ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံပြီးမှ ရမှာဖြစ်ပါတယ်။ ဒီလိုငွေကြေး အကုန်အကျခံ၊ အချိန်ကုန်ခံ ဆောင်ရွက်ပေမယ့် လူနဲ့ ပတ်ဝန်းကျင်ကို လုံးဝမထိခိုက်မှု မရှိဘူးလို့အာမ မခံနိုင်ဘူးလို့ ပညာရှင်တွေက ဆိုကြတာကို သတိပြုဖို့လိုပါတယ်။ စက်ရုံမဆောက်ခင်ကတည်းက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုစွန့်ပစ်သလဲဆိုတာ စက်ရုံလည်ပတ်နေတဲ့ ကာလပတ်လုံး ၂၄ နာရီ စောင့်ကြည့်တဲ့ စနစ်တွေ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေတွေ စက်ရုံတွေ မဆောက်မီကတည်းက ရေးဆွဲပြဋ္ဌာန်းထားဖို့ လိုပါတယ်။ Sierra Club မှ တာဝန်ရှိသူတစ်ဦး ကတော့ အမေရိကန်က ကျောက်မီးသွေးသုံး စက်ရုံတွေကို တင်းကျပ်ပြီး စနစ်ကျတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ ထိန်းကျောင်းထားပြီး အစိုးရအပါအဝင် ပြည်သူလူထုက အမြဲစောင့်ကြည့်ခွင့်ရပြီး မလိုက်နာပါက ချက်ချင်းရပ်ဆိုင်းပေးရတယ်လို့ ဆိုပါတယ်။စက်ရုံတွေက သူတို့ရဲ့သတင်းအချက်အလက်တွေကို အများပြည်သူတွေက အချိန်မရွေး ကြည့်နိုင်အောင် ဆောင်ရွက်ပေးဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အန္တရာယ်ကြီးတဲ့ ကျောက်မီးသွေးသုံးစက်ရုံဆောက်ဖို့ မပြောနဲ့ လက်ရှိ ရှိနေတဲ့စက်ရုံတွေကိုတောင် ကောင်းမွန်စွာ မထိန်းချူပ်နိုင်သေးဘူးဆိုတာကို တလောက တောင်သမန်အင်းမှာ စက်ရုံများက စွန့်ပစ်ရေဆိုးများကြောင့် သေဆုံးခဲ့ရတဲ့ ငါးတွေက သက်သေခံနေပါတယ်။
 
သေချာတာကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်တဲ့ စီမံကိန်းတွေဟာ အလောသုံးဆယ်ထပြီး လုပ်ရမယ့် လုပ်ငန်းမျိုး မဟုတ်ပါဘူး။ ဒီနားမှာလိုလို့ တစ်ရုံဆောက်လိုက် ဟိုနားတစ်ရုံဆောက်လိုက် လုပ်ရမယ့် အလုပ်မျိုးမဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့အမျိုးသားစွမ်းအင်မှုဝါဒနဲ့ သက်ဆိုင်တာကြောင့်  ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ပညာရှင်တွေ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေ စုပေါင်းကာ ဦးနှောက်မုန်တိုင်းဆင်ကြပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ရေရှည်အကျိုးစီးပွားကို  ရှေးရှုတဲ့အဖြေကို ရှာကြဖို့လိုပါတယ်။ ဒါကြောင့် အလောသုံးဆယ်လုပ်ဖို့ မလိုတဲ့အရာတွေ ၊ သေချာပြင်ဆင်ပြီးမှ လုပ်သင့်တဲ့အရာတွေကို အားလုံးဝိုင်းဝန်း စဉ်းစားဆောင်ရွက်ကြခြင်းဖြင့် အနာဂတ် နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့အရာများကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါကြောင်း ကျောက်မီးသွေးသုံးစက်ရုံများကို စိုးရွံ့နေသူ အများပြည်သူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent