ညောင်ပင်ကြီးတွေရှိတဲ့ စခန်းမြို့လေး ရွှေညောင်

ညောင်ပင်ကြီးတွေရှိတဲ့ စခန်းမြို့လေး ရွှေညောင်
ရွှေညောင်မြို့၏ အထင်ကရ အရိပ်မပေါ် မွေတော်ဘုရား၊ လွယ်မိုင်းစဉ် တောင်တော် (ဓာတ်ပုံ-စည်သာ (တောင်ကြီး))
ရွှေညောင်မြို့၏ အထင်ကရ အရိပ်မပေါ် မွေတော်ဘုရား၊ လွယ်မိုင်းစဉ် တောင်တော် (ဓာတ်ပုံ-စည်သာ (တောင်ကြီး))
Published 17 June 2024
စည်သာ (တောင်ကြီး)

         စာရေးသူ အမြဲလို ဖြတ်သန်းသွားလာ နေပေမဲ့ မေ့ထားသလိုဖြစ်နေသော မြို့လေး တစ်မြို့ရှိသည်။ ထိုမြို့လေးသမိုင်းကို ပြန်လည် လေ့လာကြည့်ရာ စိတ်ဝင်စားစရာအချက် များကို တွေ့ရှိသဖြင့် ရေးသားတော့မည်ဟု ဆုံးဖြတ်၍ အချိန်ယူလည်ပတ်ရင်း မှတ်တမ်း ပြုစုခဲသည်။ ထိုမြို့လေးကား ရွှေညောင်မြို့။

          ရွှေညောင်မြို့သည် တောင်ကြီးမြို့နယ် တွင် ပါဝင်သော စိုက်ပျိုးရေး မြို့လေးတစ်မြို့ ဖြစ်သည်။ ရွှေညောင်တွင် အဓိက စပါးစိုက် ပျိုးကြသလို အဆင့်မြင့်ဆန်စက်ကြီးများဖြင့် ကြိတ်ခွဲရာ တောင်ကြီးမြို့နယ်၏ စပါးကျီလည်း ဖြစ်သည်။ ရွှေညောင်မြို့တွင် ရပ်ကွက် ၁၁ ခု ရှိကာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြသည်။

          ခရီးသွားမြို့တော် ညောင်ရွှေမြို့၊ အင်း လေးကန်၏ လမ်းခွဲမြို့အဖြစ် လူသိများသည်။ မိတ္ထီလာ-သာစည်-ကလော-အောင်ပန်း- ဟဲဟိုး-တောင်လေးလုံး-ရွှေညောင်- တောင် ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ပေါ် တည်ရှိသောမြို့ဖြစ်၍ လမ်းဆုံမြို့လည်း ဖြစ်သည်။

          ရွှေညောင်မြို့လမ်းခွဲအတိုင်း တောင်ဘက် တွင် ညောင်ရွှေ မြို့ကို သွားရောက်နိုင်သလို မြောက်ဘက် ရပ်စောက်လမ်းခွဲအတိုင်း ရပ် စောက်မြို့အပါအဝင် ရပ်စောက်၊ အင်တော၊ နောင်ချိုစသော ရှမ်းပြည်နယ်မြောက်ပိုင်းသို့ လည်း သွားရောက်နိုင်ပါသည်။ ၁၃-၃-၂၀၀၇ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရွှေညောင် မြို့အဖြစ် ရပ်ကွက် ၁၁ ရပ်ကွက်ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့ကြောင်း တောင်ကြီးမြို့နယ် ဒေသအ ချက်အလက်များအရ သိရသည်။                 ရွှေညောင်မြို့သည် ၁၁ ဒသမ ၆၈ စတု ရန်းမိုင် ကျယ်ဝန်း၍ အေးသာယာမြို့သည် ၁၁ ဒသမ ၄၉ စတုရန်းမိုင် ကျယ်ဝန်းခြင်းဖြစ် သည်။

          ပြည်မမှ ရှမ်းပြည်နယ်သို့ တက်လာလျှင် ကလော၊ အောင်ပန်းရောက်သည့်အခါ ပျော် ရွှင်ရသလို ရွှေညောင်ရောက်သည့်အခါ တစ် ခါ ထပ်မံပျော်ရွှင်ရပြန်သည်။ ရွှေညောင် ရောက်လျှင် ညောင်ရွှေနှင့် တောင်ကြီး ရောက် ခါနီးပြီမို့ ရင်ခုန်စိတ်လှုပ်ရှားရသည်။ ရွှေ ညောင်မြို့သည် ပျော်စရာကောင်းသောမြို့ လေးတစ်မြို့ ဖြစ်ပြီး ညောင်ရွှေနှင့်  ခုနစ်မိုင် ခန့်သာ ကွာဝေးသည်။ ခရီးထွက်သည့်အခါ တိုင်းလည်း ရွှေညောင်ရောက်တိုင်း အမြဲလိုလို ပျော်ရွှင်နေမိသည်။ ရှမ်းပြည်အလည်လာသူ တိုင်းလည်း ရွှေညောင်ကို ဖြတ်သန်းသွားလာ ချိန်တိုင်း ပျော်ရွှင်မိမည်ဟုထင်မိသည်။

 

ရွှေညောင်ပင်စခန်းမှ ရွှေညောင်မြို့ ဖြစ်လာခြင်း

 

          ညောင်ရွှေစော်ဘွားတို့၏ စခန်းထောက် အဖြစ် ရွှေညောင်ကို တည်ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးတင့်ဆွေက ပြောသည်။ မြောက်ပိုင်းတို့မှ ခရီးရောက်လာလျှင် စခန်းထောက်၍ ပြည် တော်ဝင်ရခြင်းဖြစ်စေ၊ တစ်ထောက်နားခိုရာ နေရာဖြစ်ကြောင်း၊ စော်ဘွားများတောလည် ရာ စခန်းထောက်နေရာလည်းဖြစ်ကြောင်း ဆိုသည်။  ညောင်ပင်ကြီးများရှိသဖြင့် ရွှေညောင် ပင်စခန်း ဖြစ်လာကြောင်းဆိုသည်။

          ၁၈ ရာစု အစောပိုင်းကာလတွင် ဖြစ်နိုင် ကြောင်း ၊ ညောင်ရွှေစော်ဘွားကြီး စဝ်မောင် အုန်း မတိုင်ခင် ကပင် ရွှေညောင်စခန်းထောက် တည်ရှိလာနိုင်ကြောင်း ၎င်းင်းက ခန့်မှန်းသည်။ ရွှေညောင်ပင်စခန်းဟု ခေါ်ဝေါ်ကြောင်း၊ ခေတ္တ နားနေသော နေရာဖြစ်ကြောင်းဆိုသည်။ ရွှေ ညောင်ပင်စခန်းက ၁၈၉၂ ခုနှစ် ဟေးဒီဘရန်း က တောင်ကြီးမြို့တည်ရန် စခန်းထောက်ပြီး တောင်ပေါ်တက်ရာမှ မြို့အဖြစ် ကြီးကျယ်လာ ကြောင်း ၊ အင်္ဂလိပ်ခေတ် ကလောမှ အောင် ပန်း၊ ရွှေညောင်မြို့အဖြစ် မီးရထားလမ်းဖောက် လုပ်ရာမှ ပိုမိုစည်ကားလာခြင်းဖြစ်ကြောင်း ဆိုသည်။

          တောင်ကြီးမြို့တက်ရန် ရွှေညောင်စခန်း သည် တောင်တက်ရန် တစ်ထောက်နားသော၊ လှည်းများကိုအနားယူ၍အားဖြည့်သော စခန်း ထောက် နားခိုရာနေရာဖြစ်ကြောင်း ၎င်းင်းကဆို သည်။ ရွှေရန်ပြေသည်လည်း စခန်းထောက် နေရာဖြစ်ကြောင်း သိရသည်။ ညောင်ရွှေကို အင်္ဂလိပ်တို့ ချီတက်တိုက်ခိုက်ရန် ရွှေညောင် ပင်စခန်းတွင် ကက်ကင်းယူ၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ဦးတင့်ဆွေ က ဆိုသည်။

          ညောင်ရွှေကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ညောင်ရွှေစော်ဘွားကြီးက မြို့တွင်း အမြောက် နှင့် ပစ်ခတ်ခြင်းမပြုရန် ၊ မြို့ကို ဖျက်ဆီးခြင်း မပြုရန် ၊ မြို့တွင်း စစ်တပ်မစွဲကြရန် စသော သဘောတူညီချက်များပါသော စာချုပ်ကို ချုပ်ဆိုခဲ့သဖြင့် မိုင်းသောက်အရပ်တွင် စစ်စ ခန်း အခြေချသည်ဟု ၎င်းင်းကဆိုသည်။

          အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းသော အထိမ်း အမှတ် ညောင်ရွှေမြို့အဝင်တွင် ရွှေရန်ပြေ ဘုရားတည်ထားခြင်းဖြစ်ကြောင်း ညောင်ရွှေ မှတ်တမ်းအရ သိရသည်။ ဗြိတိသျှတို့ ရှမ်းပြည် နယ် ချီတက်သိမ်းပိုက်သောအခါ ညောင်ရွှေ စော်ဘွားကြီး စဝ်အုံးသည် မိမိနှင့် ဗြိတိသျှတို့ ပထမတွေ့ဆုံရာ အရပ်ကို အထိမ်းအမှတ်ပြု သောကြောင့် ထိုစေတီကို တည်ထားခြင်းဖြစ် ကြောင်း သိရသည်။

 

အင်္ဂလိပ်နယ်ချဲ့တို့ ရှမ်းပြည်နယ်သို့

ချီတက်သိမ်းပိုက်ခြင်း

 

          ဆရာဦးမြင့်သန်းရေးသော အောင်ပန်း စာအုပ်တွင် ထိုအကြောင်းကိုဖော်ပြထား သည်။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် ၊ ၁၂၄၇ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့သည် သီပေါမင်းပါတော်မူသောနေ့ဖြစ်ကာ တော် လှန်ရေးအင်အားစုအသီးသီတို့ သူ့ကျွန်မခံ ရရာလက်နက်နှင့် ခုခံခဲ့ကြသည်။

          မြင်စိုင်းမင်းသားသည် ဇီးပင်ကြီးထုံးဖို တစ်ဝိုက်တွင် လှုပ်ရှားတော်လှန်ရာ အင်အား မမျှသည့်အတွက် ချေမှုန်းခံရပြီး ကျောက်ဆည်  နယ်တွင် ဆုတ်ခွာလာရသည်။ နောက်ပိုင်း ရှမ်းမြေလပ် ရွာငံနယ်တွင်း ရောက်လာသော် လည်း မအောင်မြင်ဘဲ ၁၈၈၆ ခုနှစ်တွင် ငှက် ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

          ညောင်ရွှေစော်ဘွား စောအုံထံ ပူးပေါင်း ရန် စာပို့သော်လည်း လက်မခံပါ။ စောအုံက ၁၈၈၆ ခုနှစ် မေလတွင် ကျောက်ဆည်၌ လက် ထောက်အရေးပိုင် လုပ်နေသော မစ္စတာပီလ် ချားထံစာရေး၍ ဗြိတိသျှတို့ကို ဖိတ်ခေါ်ခဲ့ သည်။ ညောင်ရွှေစော်ဘွားအနေနှင့် ဗြိတိသျှ တို့ကို ကြိုဆိုကြောင်း ၊ ငြိမ်ဝပ်ပိပြားရေးအ တွက် ဗြိတိသျှတို့ အကာအကွယ်ရရှိရန် ဖိတ် ခေါ်ကာ ပဒေသရာဇ်ရိုးရာ အစဉ်အဆက် မပျက်စေဘဲ ဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုခြင်းဖြစ်သည်။

          နယ်ချဲ့ဗြိတိသျှတို့ ၁၈၈၆ တွင် ရှမ်းပြည် မြောက်ပိုင်းကို သိမ်းပြီးမှ ၁၈၈၇ ၊ ဇန်နဝါရီ ၃ ရက်တွင် ရှမ်းပြည်တောင်ပိုင်းကို ချီတက် သိမ်းပိုက်ရန် လှိုင်းတက်မှ တောင်ပိုင်းရှမ်းရိုးမ ကို စတင်ချီတက်သိမ်းပိုက်သည်။ အင်္ဂလိပ်စစ် ကြောင်းကို ဦးစီးသူမှာ ကာနယ်စတက်မင်း ဖြစ်ကာ နိုင်ငံရေးအရာရှိ ဟီလ်ဒါဘရန် ဖြစ် သည်။ ၁၈၈၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လှိုင်း တက်မှ စတင်ထွက်ကာ ပျဉ်ညောင်ကိုသိမ်း၍ ဆင်ကူးကို ဦးတည်ချီတက်သည်။

          ဒေသခံများကိုဆင့်ဆို၍ လှည်း ၁၀ စီး ဖြင့် ပစ္စည်းလက်နက်များကို သယ်ဆောင်သွား ကြသည်။ လှည်းလမ်းများဖောက်လုပ်၍ ခက် ခဲကြမ်းတမ်းစွာ ခရီးနှင်ကြရသည်။

          ၁၈၈၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ငွေ ခွန်မှူး အုပ်ချုပ်သော ရှမ်းမြေလပ်နယ် နန်းခုန် ရောက်ရှိစဉ် ပြင်းထန်သော ခုခံတိုက်ခိုက်မှု ကြုံတွေ့ရသည်။ လူစုလူဝေး ညာသံပေး၍ ချီတက်လာကြရာ အမြောက်ပစ်၍ နှိမ်နင်းသ ဖြင့် လူစုကွဲသွားကြသည်။ လင်းပင်သမဂ္ဂဘက် သားများ အပြင်းထန်ဆုံး ခုခံကာကွယ်မှုဖြစ် သည်။ ဇန်နဝါရီ ၂၉ ရက် ပွေးလှစျေးနေ့တွင် အင်္ဂလိပ်တို့ ပွေးလှရောက်ပြီး ရှမ်းမြေလပ်တစ် ကြောမှ ငွေခွန်မှူးနယ် ရှစ်နယ် အင်္ဂလိပ်တို့နှင့် လာရောက်ဆက်သွယ်ကြသည်။

          ပွေးလှမှတစ်ဆင့် ဟဲဟိုးကို ဗြိတိသျှ တပ်များ ချီတက်လာရာ ဘော်နင်းငွေခွန်မှူး ဆင်ဖြင့် လာရောက်ကြိုဆိုသည်။ ဟဲဟိုးမှ တစ်ဆင့် ပေါရိသတ်၊ နောက်တစ်ရက် လင်း ပင်အုပ်စုဝင် ရပ်စောက်သိမ်းပိုက်ထားသော ကူကြိုးခံတပ်ကို အင်္ဂလိပ် တို့ ချေမှုန်းလိုက်ကြ သည်။ (ကူကြိုးအကြောင်း ဆက်လက်ဖော်ပြ မည်)။ လင်းပင်သမဂ္ဂဝင် ရပ်စောက်စော်ဘွား တပ်များ ဆုတ်ခွာခဲ့ကြရာ ဗြိတိသျှတပ်များ ညောင်ရွှေကို ဝင်ရောက်ခဲ့ကြသည်။ ညောင် ရွှေ၏ တောင်ဘက် အင်းလေးကမ်းခြေတစ် နေရာ မိုင်းသောက်အရပ်တွင် စစ်စခန်းချ လိုက်သည်။

          ဗြိတိသျှတပ်များသည် ဟော်ဘွားမြို့စား ငွေခွန်မှူးခန့်စာ ဆနဒ် ှညေေိ များ ပါလာ ခဲ့သည်။ ညောင်ရွှေစော်ဘွားအကူအညီဖြင့် လက်အောက်ခိုဝင်လာသော စော်ဘွား၊ မြို့ စား ၊ ငွေခွန်မှူးများထံ ဆနဒ်များ ပို့လိုက်ကြ သည်။ ဗြိတိသျှတပ်များသည် စတက်မင်းခံ တပ်ကို အခြေပြု၍ အရှေ့ဘက် ရှမ်းပြည်နယ် တစ်ကြောနှင့် တောင်ဘက် ကယားပြည်နယ် ဆီ ဆက်လက်ချီတက်ပြီး လက်အောက်ခံအ ဖြစ် စုစည်းခဲ့ကြသည်။

          ထိုမှတ်တမ်းအရ ပေါရိသတ် ၊ ရွှေရန်ပြေ ဘုရားနှင့် ရွှေညောင်တို့သည် စခန်းထောက် ခေတ္တနားခိုရာနေရာအဖြစ် ထင်ရှားစွာ သိမြင် နိုင်ပါသည်။ နောက်ပိုင်းတွင် တောင်ကြီးမြို့ လောင်းရိပ်နှင့်အတူ ရွှေညောင်မြို့လည်း တဖြည်းဖြည်း စည်ကားလာခဲ့သည်။

          ၁၉၁၀ တွင် မီးရထားလမ်းဖောက်ရန် လမ်းအူကြောင်းတိုင်းနေပြီဟူသောသတင်း ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင်လုံး ပျံ့နှံ့သွား သည်။ အင်္ဂလိပ်တို့သည် ရထားလမ်းဖောက် လုပ်သော ပေါ်လစီနှင့် နည်းပရိယာယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို မုန်းတီးစိတ်မှ ကျေနပ်ဝမ်း သာစိတ်၊ ကျေးဇူးတင်စိတ်ဖြစ်အောင် ပြောင်း လဲခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးခိုင်မြဲအောင် ဆောင်ရွက်သော နည်းဗျူဟာဖြစ်ကြောင်း ဆိုသည်။

          ၁၉၁၄ ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့ရာ တူရ ကီ စစ်မျက်နှာမှ စစ်သုံ့ပန်းများကို မြန်မာပြည် ပို့ဆောင်၍ ရထားလမ်း ဖောက်လုပ်ခြင်းလုပ် ငန်းတွင် အသုံးချခဲ့ကြသည်။ ၁၉၁၅ တွင် အောင်ပန်းဘူတာရုံ  စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ ရွှေညောင်မြို့ကို မီးရထားလမ်းများ ဆက်သွယ်လာနိုင်သဖြင့် ပိုမိုစည်ကားလာ ခြင်းလည်းဖြစ်သည်။

 

ရွှေညောင်တွင် လည်ပတ်စရာနေရာများ

 

          ရွှေညောင်မြို့ လည်ပတ်စရာနေရာများ ကို ကွင်းဆင်းလေ့လာရာ မိမိမရောက်ဖူးသေး သော နေရာအတော်များများ ကျန်ရှိနေသေး ကြောင်း သိရသည်။ စာရေးသူ လေ့လာမိသ လောက် အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို မှတ်တမ်း ပြုစုနိုင်ခဲ့ပါသည်။

          ရွှေညောင်တွင် ထင်ရှားသောနေရာများ မှာ အရိပ်မပေါ် မွေတော်ဘုရားတည်ရှိရာ လွယ်မိုင်းစဉ်တောင်၊ ကူကြိုး ရှေးဟောင်းမွေ တော် ဆုတောင်းပြည့်ဘုရား၊ စွယ်တော် ကျောင်းတိုက်၊ ကျီးဖြူကန်လွယ်ကာတောင် ဘုရား၊ ကုန်းလှိုင်ကံကြီးကျောင်းဘုရား၊ ကုန်း လှိုင်ရေကန်၊ လေးကျွန်းစကြာလောကချမ်း သာ ဆုတောင်းပြည့်ဘုရား (ကမ္ဘာလုံးဘုရား)၊ အမွေလှူဘုရား ၊ နမ့်ကွတ်ကျောင်းရှိ စေတီ၊ ဗောဓိမဏ္ဍိုင်၊ အောင်သပြေရပ်ကွက်ရှိ ဘု ရားဖြူကျောင်း ရှေးဟောင်းစေတီတော်တို့ ဖြစ်ကြသည်။ ရွှေညောင်တွင် ဝင်ကြေးဖြင့် လည်ပတ်နိုင်သော ဥယျာဉ်အဖြစ် ငွေကမ္ဘာ သဘာဝအပန်းဖြေဥယျာဉ် ၊ ရေနွေးရွာတွင် ရေချိုးခန်း၊ တောင်လေးလုံးကျေးရွာတွင် လည်း ရေပူရေချိုးခန်းများရှိကြောင်း သိရ သည်။

          ထို့ပြင် သီးခြားလည်ပတ်ရန် ကျန်ရှိသော နေရာများမှာ တောင်လေးလုံးကျေးရွာအနီး တစ်ဝိုက်နှင့် တောင်နီကျေးရွာတို့ပင်ဖြစ်သည်။ ထိုကျေးရွာများသည်လည်း ရွှေညောင်နယ် ထဲတွင်ပါဝင်ကြခြင်း ဖြစ်သည်။ တောင်နီအ ကျော် လူရိုးတောင်ရွာရှိ နောင်ဘိုကြာကန် နှင့် တောင်နီမြို့လေးအနီး ပန်းတောရွာတွင် ရှိသော ရေပူစမ်းတို့လည်း လည်ပတ်စရာရှိပါ သည်။  ရွှေညောင်မြို့၊ တောင်ကြီးမြို့ရှောင် လမ်းတွင်တည်ရှိသော ငွေကမ္ဘာသဘာဝ အပန်းဖြေဥယျာဉ်အတွင်း သဘာဝရေတံခွန် အလှအပနှင့် သစ်ပင်တောတောင်ရှုခင်းများ ကိုလည်း ခံစားရင်း အနားယူအပန်းဖြေနိုင် သေးသည်။

          တောင်လေးလုံးတွင်လည်း ပေါရိသတ် ဘုရားသမိုင်းကြောင်းနှင့် ဆက်စပ်နေသော ဘုရားနီစေတီတော်တည်ရှိကြောင်း သိရ သည်။ ထိုဘုရားနီသမိုင်းကြောင်းမှာ ရှေးအခါ ကောသမ္ဘီပြည်တွင် မောင်နှစ်မနှစ်ယောက် အုပ်ချုပ်ခဲ့ကြသည်။ တစ်ယောက်နှင့် တစ် ယောက် အပြိုင်ဘုရားတည်ရာ အရင်ဆုံးပြီး သူက မောင်းထု၍ အသိပေးရမည်ဟုဆိုသည်။ ညီမဖြစ်သူက မောင်းတီး၍ သွားရောက်ကြည့် ရှုရာ သဲပုံစေတီဖြစ်နေ၍ အစ်ကိုဖြစ်သူ ဘုရင် က သတ်ရန် သန်လျက်ဆွဲထုတ်စဉ် ညီမဖြစ်သူ ရေအောက်ငုပ်လျှိုး၍ ထွက်ပြေးခဲ့ကြောင်း၊ ပေါ်လာလျှင် သတ်ရန်အမိန့်ပေးရာ ပေါ်လျှင် သတ်မှ ပေါရိသတ်ဘုရားဖြစ်လာကြောင်း ဆိုသည်။ ဘုရားနီနှင့် ပေါရိသတ်တို့၏ ပါးစပ် ရာဇဝင် သမိုင်းကြောင်းကို ပြောစမှတ်ပြုကြ ပါသည်။

 

ကုန်းလှိုင်ကန်ကြီး ပရိယတ္တိစာသင်တိုက် ဘုရားနှင့် ကုန်းလှိုင်ရေကန်

          ရွှေညောင်မြို့ ထူးခြားချက်တစ်ခုမှာ မြို့ တွင်း ဘုရားစေတီတော်မရှိပါ။ ရပ်စောက်သွား လမ်းပေါ်တွင် ကုန်းလှိုင်ကန်ကြီးပရိယတ္တိ စာသင်တိုက်အတွင်းမှာသာ ရှေးဟောင်း ဘုရားစေတီတော် တည်ရှိသည်။

          ကုန်းလှိုင်ကန်နှင့် ကုန်းလှိုင်ကန်ကြီး ပရိ ယတ္တိစာသင်တိုက်သွားရောက်ရန် ရွှေညောင် ပြည်ထောင်စုလမ်းမကြီးပေါ်မှ ရပ်စောက် လမ်းခွဲအတိုင်း ဝင်သွားလျှင် ရောက်နိုင်ပါ သည်။ ကုန်းလှိုင်ကန်ကြီး ပရိယတ္တိ စာသင် တိုက်တွင် မဟာပုညရံသီ ရွှေချမ်းသာစေတီ တော်ကို ဝင်ရောက်ဖူးမြော်နိုင်ပါသည်။ ထို ကျောင်းတိုက်တွင် ဓမ္မစကူး ကလေးငယ်များ ကို တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာ အသိ အလိမ္မာစာများ သင်ကြားပေးနေခြင်းဖြစ်ပါ သည်။

          ကုန်းလှိုင်ရေကန်သည် သာယာသဖြင့် လူကြီးလူငယ်များ လာရောက်အပန်းဖြေအ နားယူသောနေရာဖြစ်သည်။ ကန်နံဘေးတွင် လေညင်းခံထိုင် အနားယူခြင်း၊ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မိသားစု အပန်းဖြေ သူများတို့ဖြင့် စည်ကားနေလေ့ရှိသည်။ ကုန်း လှိုင်ကန် သစ်ပင်တန်းမှာလည်း လှပ၍ ရှုစ ဖွယ်ဖြစ်သည်။

 

အရိပ်မထွက် လွယ်မိုင်းစဉ် မွေတော်ဘုရားကြီး

 

          ရွှေညောင်မြို့မှ တောင်လမ်းလုံး ရောက် ခါနီးတွင် နရပတိစည်သူမင်းတရား တည်ထား ကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် လွယ် မိုင်းစဉ် အရိပ်မထွက်မွေတော်ဘုရားဆိုင်း ဘုတ်ကို ပြထားသည်။ ထိုကျေးရွာသည် ရေ နွေးရွာဖြစ်၍ ရွာတွင်းဖြတ်သွားလျှင် လွယ်မိုင်း စဉ်တောင်ပေါ်ဘုရားကို ဖူးမြင်နိုင်သည်။ လွယ် မိုင်းစဉ် တောင်မြို့လယ်ကောင်ဟူသော အ တိတ်တဘောင် စာချိုးလည်း ရှိခဲ့ဖူးသည်။ ထို တောင်ပေါ်ဘုရားသို့ တက်ရောက်ရန် ကား လမ်းဖောက်လုပ်ထားသဖြင့် အချိန်တိုအတွင်း တောင်ပေါ်တက်ရောက်နိုင်သည်။

          လွယ်မိုင်းစဉ်တောင်ပေါ်ဘုရား၌ စေတီ တော်များမှာ အရန်စေတီတော်များစွာဝန်းရံ ထား၍ အလယ်တွင် စေတီတော်ကြီးတည်ရှိ သည်။ ပစ္စယာသုံးဆင့်ရှိကာ အထက်ပစ္စယာ နှစ်ဆင့် အမျိုးသမီးတက်ရောက်ခွင့် တားမြစ် ထားသည်။ အထက်ပစ္စယာမှ ဖူးမြော်လျှင် ထုံးဖြူအရန်စေတီများ ဝန်းရံထားသော ပင်မ စေတီတော်ကို ဖူးမြင်နိုင်သလို  အရပ်ရှစ်ခွင်မှ ရှုခင်းမြင်ကွင်းကိုလည်း ခံစားနိုင်သည်။

          လွယ်မိုင်းစဉ်သည် ရှမ်းစကားဖြစ်ပြီး ရှုခင်းသာဟုအဓိပ္ပာယ်ရကြောင်း၊ တောင်ပေါ် မှကြည့်လျှင် တောင်ခြေရှုခင်းကို လှပစွာမြင် ရသဖြင့် ထိုသို့ခေါ်ကြောင်းသိရသည်။ ယခင် က ရှမ်းတိုင်းရင်းသားများ နေထိုင်ကြပြီး ယခု အခါ ရှမ်းရွာ၊ ရေပူရွာ၊ တောင်ခြေရွာ၊ တောင် ဦးရွာတို့တွင် ရှမ်း၊ ပအိုဝ်း၊ အင်းသားများ ရော နှောနေထိုင်ကြောင်း၊ အဓိက စိုက်ပျိုးရေး အသက်မွေးလုပ်ငန်းလုပ်ကြောင်း သိရသည်။

          လွယ်မိုင်းစဉ်တောင်သည် မီးတောင်ငယ် ဟောင်းတစ်လုံးဖြစ်သည်။ တောင်ခြေတွင် ရေပူနှင့် ရေအေးထွက်သောကန်လည်း ရှိသ လို မီးတောင်ပေါက်ဝဂူလည်းရှိကြောင်း သိရ သည်။ ဘုရားပွဲတော်ရက်သည် ရှေးဘိုးဘွား များ သတ်မှတ်ခဲ့သော သင်္ကြန်အတက်နေ့ဖြစ် သည်။

          လွယ်မိုင်းစဉ်တောင်ပေါ်ဘုရားသည် အရိပ်မထွက်ဘုရားဟု ထင်ရှား၍ ထိုဘုရား၏ အရိပ်တော်သည် အင်းလေးကန်တွင် သွားပေါ် သည်ဟုလည်း ဒေသခံများ ယုံကြည်ကြသည်။ ရွှေညောင်မြို့၏ ဂဇက်ဝင် ရှေးဟောင်းမွေ တော်စေတီတော်တစ်ဆူ ဖြစ်ပြီး  ထိုရေနွေးရွာ ကလေးမှာလည်း ထူးခြားချက်များရှိပါသည်။

          ရေနွေးရွာတွင် ရေပူ၊ ရေနွေးနှင့် ရေအေး စသော ရေသုံးမျိုးစလုံး ထွက်ရှိကြောင်း ရွာလူ ကြီး၏ ဇနီးဖြစ်သူက ရှင်းပြသည်။ လွယ်မိုင်း စဉ်တောင်၏ အနောက်ဘက်တစ်ကြောတွင် ရေပူကြောအရ ရေပူများထွက်ရှိကြောင်း သိရ သည်။ အဝီစိတွင်းတူးရာ ရေပူထွက်ရှိသော တွင်းမှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ကြောင်း သိရ သည်။ ထို့ပြင် ရိုးရိုးတူးလျှင် ရေနွေးထွက်သော နေရာများလည်း ကျေးရွာတွင်းရှိကြောင်း သိရသည်။ အခြားနေရာများတွင် အဝီစိတွင်း တူးရာ ရေအေးထွက်သောနေရာများလည်းရှိ ကြောင်း ဆိုသည်။ ထို့ကြောင့် ရေနွေးရွာသည် ရေပူ ၊ ရေနွေး၊ ရေအေး သုံးမျိုးစလုံးထွက် သော ကျေးရွာဖြစ်ကြောင်း သိရသည်။ ကျေး ရွာတွင် သဘာဝရေပူစမ်းစခန်းသာ (ရေနွေး ရွာ) ဟူသော ရေချိုးကန်တွင် တစ်ယောက် တစ် ထောင်ကျပ်ဖြင့် ရေကူးနိုင်ကြောင်း သိရသည်။

          ဦးတင့်ဆွေ၏ ပြောပြချက်တစ်ခုမှာ အင်းလေးကန်အနောက်ဘက် မီးငြိမ်းတောင်၊ လွယ်မိုင်းစဉ်တောင်တို့သည် မီးတောင်ဟောင်း များဖြစ်ကာ ချော်ရည်ပူများသည် စက်မှုဇုန် တွင် မြင်တွေ့နိုင်ကြောင်းဆိုသည်။ မီးတောင် ဟောင်းဖြစ်သောကြောင့် တောင်ခြေမှ ရေပူ များ ထွက်ခြင်းဟု ၎င်းင်းကဆိုသည်။              အင်းလေးကန်အနောက်ဘက်ရှိ ရေပူ ကန်၊ မီးငြိမ်းတောင်၊ လွယ်မိုင်းစဉ်တောင်ခြေ ရှိ ရေနွေးရွာ၊ တောင်လေးလုံးနှင့် တောင်နီတို့ တွင်လည်း ရေပူကျေးရွာများရှိပါသေးသည်။ ရွှေညောင်မှ ရပ်စောက်လမ်းအတိုင်း ဟဲကယ်၊ ပန်းစုံမှ အနောက်ဘက်ဆည်ကြီးအနီးတွင် လည်း ရေပူရွာရှိသည်။ ရပ်စောက်လမ်းအ တိုင်း တောင်နီ၊ ဆင်တဲကျော်လျှင် လူရိုး တောင်အနီး ရေပူရွာတည်ရှိသလို အရှေ့ဘက် အနီးတွင် ရေအေးရွာလည်းရှိသည်။

 

စွယ်တော်ကျောင်းတိုက်

         

          တောင်ကြီးမြို့မှ ဆင်းလာလျှင် ပထမဆုံး ရောက်မည့် ကျောင်းမှာ စွယ်တော်ကျောင်း တိုက်ဖြစ်သည်။  စွယ်တော်ကျောင်းတိုက်တွင် ရပ်တော်မူဘုရားကြီး၊ ဖွားတော်မူခန်း၊ စွယ် တော်ဆရာတော်ကြီး၏ ဗိမာန်တို့ ရှိကြသည်။ ကျောင်းတိုက်နေ ဆရာတော်က စွယ်တော် ကျောင်းသမိုင်းကို  မိန့်ကြားရှင်းပြပေးသည်။

          စွယ်တော်ကျောင်းတိုက်ကို မူလစွယ်တော် ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ ပဏ္ဍိစ္စ သာရက ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ စွယ်တော်ဆရာတော်သည် သက်သတ်လွတ်ဘုဉ်းပေးခြင်းဖြစ်ကာ ဒေးဒရဲ ရွာ၊ တော်ကမဲရွာတို့တွင် သုသာန်ဓူတင် ဆောက်တည်ခဲ့ခြင်းဖြစ်သည်။ မှန်အိမ်ဖြင့် နေထိုင်ခြင်းဖြစ်ကာ လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်ရာ ကျည်ထွက်ခြင်းမရှိသည်ကို နှစ် ကြိမ်ကြုံဖူးကြောင်း ဆိုသည်။ ဖဆပလခေတ် တွင် သီရိလင်္ကာရောက်ရှိစဉ် စွယ်တော်တိုက် ပိတ်ချိန် ဖူးခွင့်မရဘဲ ပြန်<ကလာခဲ့ရာ လမ်း ရိက္ခာအဖြစ် ထန်းလျက်နှင့် ရေနွေးသာပါခဲ့ ကြောင်းဆိုသည်။ဒေးဒရဲ၌ ၄၅ ရက် အဓိဋ္ဌာန် ဝင်ပြီး သံပရာသီးတစ်လုံးဖြင့် အိမ်ပေါ် မတက် ခဲ့ရန်မှာကြား၍ အဓိဋ္ဌာန်ပြု၍ စွယ်တော် ပင့် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မိန့်သည်။ ကဿပ မြတ်စွာဘုရား၏ စွယ်တော်ဖြစ်ကြောင်း မိန့် သည်။ စွယ်တော်ကျောင်းတိုက်တွင် စွယ်တော် နှစ်ဆူကျန်ရှိပြီး တစ်ဆူမှာ မန္တလေး ပြည်ကြီး တံခွန်ရှိ မဟာဝိဇိတာရာမတိုက်၊ မှန်ကျောင်း သို့ ပင့်ဆောင်သွားကြောင်းသိရသည်။

          စွယ်တော်ကျောင်းတိုက်၌ အရွယ်ရောက်  ကလေးငယ်များအပါအဝင် ကိုရင်ငယ်လေး များကိုလည်း ပရဟိတကျောင်း၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းအဖြစ် ဖွင့်လှစ်သင် ကြားပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျောင်းနေကလေးသူငယ်ပေါင်း ၁၁၀ ဦး ရှိကာ  ကိုရင်များ အပါအဝင် စုစုပေါင်း ၁၇၀ တို့ မှီတင်းနေထိုင်ကြောင်း သိရသည်။ ကလေး ငယ်များနှင့် ကိုရင်ငယ်တို့၏ နေ့စဉ် စားဝတ် နေရေးကိစ္စနှင့် ပညာရေးကိစ္စများကို ကျောင်း တိုက်က တာဝန်ယူဖြေရှင်းပေးနေရကြောင်း သိရသည်။

          စွယ်တော်ကျောင်းတိုက်တွင် စုစုပေါင်း ၁၇၀ ဦးစာအတွက် တစ်ရက်လျှင် ဆန်တစ် အိတ် ကုန်ကျစရိတ်ရှိကာ စားဝတ်နေရေး အတွက် လိုအပ်ချက်များစွာရှိနေကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။ ကလေးငယ်များ၏ ပညာရေးကဏ္ဍကိုလည်း ဆရာ ၊ ဆရာမ များဖြင့် သင်ကြားပေးကြောင်း သိရသည်။

          စွယ်တော်ကျောင်းတိုက်ရှိ စွယ်တော်ဆ ရာတော်ကြီး၏ ဗိမာန်ကို သွားရောက်ကြည့်ရှု ရာ မှန်ခေါင်းအတွင်း ထည့်ထားသော ရုပ်ခန္ဓာ ကို ဖူးမြင်ခဲ့ရသည်။ ဆရာတော်ကြီး၏ ရုပ်ခန္ဓာ ကို မှန်အခေါင်းတွင် ထည့်ထား၍ ရွှေချထား သည်ကို မြင်တွေ့ခဲ့ရသည်။

          စွယ်တော်ကျောင်းတိုက်တွင် တည်ထား သော လေးကျွန်းဒီပါ မဟာအောင်သိဒ္ဓိ စေတီ တော်၏ သုံးထပ်အဆောင်အပေါ်ဆုံးအထိ တက်ရောက် ကြည့်ရှုလေ့လာခွင့် ရခဲ့သည်။ ထိုမြင်ကွင်းကို တစ်ကြိမ်မျှမမြင်ဖူးသဖြင့် ရင် သပ်ရှုမောဖြစ်မိသေးသည်။ အေးသာယာမြို့၊ အောင်သပြေ၊ စဥ့်ဟယ်ပတ်ပတ်လည် မြင် ကွင်းကို လှမ်းမြင်နိုင်သည်။ ထိုအပေါ်ဆုံးထပ် သို့တက်ရန် ဓာတ်လှေကား တည်ဆောက်ထား သော်လည်း လက်ရှိအချိန်တွင် တပ်ဆင်ထား ခြင်းမရှိပါ။ အဆောင် ပထမထပ်တွင် ဘုရား လေးဆူ ရပ်တော်မူဟန်ရုပ်ပွားတော်၊ ဒုတိယ ထပ်တွင် ဘုရားခန်းနှင့် အပေါ်ဆုံးထပ် တွင်  စေတီတော်ကို ဖူးမြင်နိုင်သည်။ ထိုလေးထောင့် ပုံစံ စေတီတော်သို့တက်ရောက်ရန် အတွင်း လိုဏ်ခန်းအတိုင်း သံလှေကားဖြင့် စေတီတော် အပေါ်ဆုံးသို့ တက်ရောက်နိုင်သေးသည်။ တတိယထပ် အပေါ်ဆုံးထပ်မှ အရပ်ရှစ်ခွင် လှည့်လည်ကြည့်ရှုနိုင်သည်။

 

ကူကြိုးမွေတော် ဆုတောင်းပြည့်ဘုရား

 

          ရွှေညောင်မြို့ ၊ ပြည်ထောင်စုလမ်းမကြီး မှ သွားနိုင်သလို ကမ္ဘာလုံးဘုရားမှ ကျေးရွာ လမ်းအတိုင်းလည်း သွားနိုင်သည်။ ကူကြိုး ဘုရားသည် ရှေးဟောင်းမွေတော်ဘုရားတစ် ဆူဖြစ် ကာ သီရိဓမ္မသောကမင်းတရားကြီး၏ ကုသိုလ်တော်ဟု ယူဆချက်လည်း ရှိထား သည်။

          အလောင်းစည်သူမင်းကြီးသည် ဘိုး ဘေးများ၏ ကုသိုလ်တော်စေတီတော်များကို ပြုပြင် ရန် ရှမ်းပြည်နယ်ကို လာရောက်ခဲ့သည်။ ဒုတိယအကြိမ် တက်လာစဉ်မှာ ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်းရှိ ရွှေ လင်ပန်းဘုရား၊ ဂူကြိုးဘုရားပြီးလျှင် လွယ် မိုင်းစဉ်တောင် သမိုင်းဝင် ဘုရားသုံးဆူကို ပြုပြင်ရန် လာရောက်ခြင်းဖြစ်သည်။          ထိုစေတီသုံးဆူသည် သီရိဓမ္မသောက မင်းတရားကြီး တည်ထားသော ရှေးဟောင်း ဘုရားများဖြစ်ပြီး ဘုရားကို စောင့်ရှောက်ရန် အစောင့်အရှောက်များကိုလည်း ထားရှိခဲ့ သည်ဟုဆိုသည်။ အလောင်းစည်သူမင်းကြီး သည် ရွှေလင်ပန်းနှင့် ဂူကြိုးများကို ပြုပြင်ပြီး နောက် လှမ်းမြင်နေရသော မှိုင်းညို့ညို့ တောင်တန်းကို ဘာတောင်လဲ ပရိသတ်ကို မေးမြန်းသည်။ မင်းစဉ်တောင် ခေါ်သည်။    “အဲဒါဆို ငါ့ဖောင်တော် အဲဒီတောင်ကို မောင်းခိုင်းတယ်။ အဲဒီတောင်မှာ ဘုရားတည် တယ်။ တောင်ပေါ်ကနေ ဦးပေါင်းတော်ကို ချွတ်ကာ ရှေးကဘိုးလောင်းတော်တို့ တည် ထားသော စေတီရှိရာသွားစေ” ဟု အဓိဋ္ဌာန် ဖြင့်ပစ်လိုက်ရာ ပေါင်းပိုင်းဘက်တွင် ကျ ရောက်ကြောင်း ဆိုပါတယ်။ ထိုနေရာအ ရောက်တွင်ရှာကြည့်ရာ ဘုရားစေတီမတွေ့ ရသဖြင့် အစောင့်အရှောက်ဘိုးဘိုးကြီးများကို ခေါ်ယူမေးမြန်းကြည့်ရာ စေတီတော်ဟောင်းနေရာတွင် ဌာပနာကို ပြန်တွေ့သဖြင့် အောက်ခြေတွင် အတောင် ၂၀ တူးကာ ငါးတောင်မြင့်သော ပေါင်းပိုင်းစေတီတော်ကို တည်ထားခြင်းဖြစ်ကြောင်း သမိုင်းကြောင်းထဲမှ လေ့လာရသည်။

ကူကြိုးဘုရားသည် လွယ်မိုင်းစဉ်ဘုရား၊ ညောင်ရွှေရှိ အင်းဦးဘုရား၊ အင်းတိန်ဘုရား၊ ကက္ကူဘုရားတို့ကဲ့သို့ပင် ပင်မစေတီတော်ကို အရန်စေတီတော်ဖြင့် ဝန်းရံထားခြင်းဖြစ်သည်။ ကူကြိုးဘုရား အရန်စေတီတော်များမှာ လွယ်မိုင်းစဉ်တောင်ပေါ်ဘုရားကဲ့သို့ သိပ်မများလှချေ။

ဟဲဟိုးမှတစ်ဆင့် ပေါရိသတ်၊ နောက်တစ်ရက် လင်းပင်အုပ်စုဝင် ရပ်စောက်သိမ်းပိုက်ထားသော ကူကြိုးခံတပ်ကို အင်္ဂလိပ်တို့ ချေမှုန်းလိုက်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့တို့ လာရောက်တိုက်ခိုက်စဉ် ကူကြိုးစခန်းတွင် တပ်စွဲ၍ အင်္ဂလိပ်တို့ကို ပြန်လည်ခုခံကြောင်း အောင်ပန်းစာအုပ်တွင် ဖော်ပြထားသည်။

ကုန်းဘောင်ခေတ်ဦး ရှမ်းပြည်နယ်ရှိ ကင်းတပ်စခန်းများမှာ မိုင်းသော်-တောင်နီ ကင်း (ယခု ရွှေညောင်မြောက်ဘက် ခုနစ်မိုင်ကွာ) ခြောက်တိုင်ဟု ဖော်ပြထားသည်။ ရွှေမြို့တော်မှ မိုးနဲမြို့အကြားတွင် ကင်းစခန်းပေါင်း ၂၁ ခုထားသည်ဟု ရဿဝတီ၊ ရပ်စောက်မြို့ နယ်မဂ္ဂဇင်းတွင်လည်း ဖော်ပြထားသည်။

■ ကျီးဖြူကန် လွယ်ကာတောင်

ရွှေညောင်တိုးဂိတ်အနီး လမ်းခွဲအတိုင်း ဝင်သွားလျှင် ရောက်သလို ရွှေညောင်- ရပ်စောက်သွားလမ်း  ကုန်းလှိုင်မှတစ်ဆင့် ဆည်လဲကျေးရွာလမ်းအတိုင်းသွားလျှင်လည်း ကျီးဖြူကန်ကို ရောက်နိုင်ပါသည်။ ကျီးဖြူကန်တွင် လမ်းလျှောက် ကျန်းမာရေးလုပ်ကြသလို အနားယူအပန်းဖြေသူများ၊ ငါးမျှားနေကြသူများကိုလည်း မြင်တွေ့ခဲ့ရပါသေးသည်။

ရွှေညောင်မြို့မြေပုံကို ဖြန့်ကြည့်လျှင် အေးသာယာကျော်သည်နှင့် အောင်သပြေရပ်ကွက်၊ မြောက်ဘက်တွင်  စဉ့်ဟယ်ရပ်ကွက်နှင့်  ဆည်လဲရပ်ကွက်တို့ အစဉ်လိုက်တန်းစီ တည်ရှိကြသည်။ ဆည်လဲ၊ စဉ့်ဟယ်၊ အောင်သပြေတို့၏ အနောက်ဘက်တွင် ရွှေညောင်မြို့တည်ရှိခြင်းဖြစ်သည်ကို မြေပုံတွင် မြင်တွေ့နိုင်ပါသည်။ ကလောမှတက်လာသော မီးရထားလမ်းသည် ရွှေညောင်မြို့၊ အေးသာယာမြို့ကို ဖြတ်သန်း၍  သစ်ပင်ထောင်၊ ပလီလင်း၊ ပေါမူ၊ ရေတံခွန်တို့ကို ကွေ့တက်၍ တောင်ကြီးမြို့ကို ဖြတ်သန်းသွားသည်။

ကျီးဖြူကန်သည် တောင်ကြီးမြို့မှ တောင်ကျချောင်းရေများစီးဝင်ရာ ရေကန်ဖြစ်ပြီး တောင်ပေါ်မှ လှမ်းမြင်ရသော အောက်ဘက်ရှိ ရေကန်ဖြစ်သည်။ ကျီးဖြူကန်ဆည် ဘောင်လမ်းပေါ်မှ လှမ်းကြည့်လျှင် တောင်ပေါ်ရှိ လွယ်ကာတောင်ဘုရားကို လှမ်းမြင်နိုင်ပြီး ကားလမ်းအတိုင်း မမောမပန်း တက်ရောက်နိုင်ပါသည်။ ကျီးဖြူလာရောက် နားသောနေရာဖြစ်သောကြောင့် ကျီးဖြူကန်ဟု ခေါ်တွင်ကြောင်း၊ ရှေးနှစ်ပေါင်းများစွာကပင် လွယ်ကာတောင် ရှေးဟောင်းဘုရားတည်ရှိလာကြောင်း ကျောင်းတိုက်ရှိ ဆရာတော်က မိန့်သည်။

လွယ်ကာတောင်ဆိုသည်မှာ ရှမ်းဘာသာစကား လွိုင်-တောင်၊ ကာ-ကျီးကန်းဖြစ်သဖြင့် ကျီးဖြူကန်ဟု အဓိပ္ပာယ်ရကြောင်း မိန့်သည်။ ကျီးဖြူကန် လွယ်ကာတောင်ဘုရားစေတီသည် စော်ဘွားတည်သော ဘုရားစေတီတော်ဖြစ်ကာ ခုနှစ်သက္ကရာဇ်ကို မခန့်မှန်းနိုင်ကြောင်း၊ နှစ်ပေါင်း ၃၀ ကျော် သီတင်းသုံးနေထိုင်သော ကျောင်းထိုင်ဆရာတော်က မိန့်ပါသည်။ ကျီးဖြူကန်လွယ်ကာတောင်ပေါ်မှ ကျီးဖြူကန်နှင့် ဆည်လဲရပ်ကွက်ရှုခင်းကို မြင်နိုင်ပါသည်။ ကျီးဖြူကန်လွယ်ကာတောင်ပေါ် တက်ရန် လူတက်လမ်းစောင်းတန်း မပြီးစီးသေးသဖြင့် ကားလမ်းအတိုင်း တက်ရောက်နိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကူကြိုးဘုရား၊ လွယ်ကာတောင်ဘုရားနှင့် လွယ်မိုင်းစဉ်တောင်ပေါ်ဘုရားဟူ၍ ရွှေညောင်တွင် တောင်တက်လမ်းအတိုင်း တက်ရောက်ရသော တောင်ပေါ်ဘုရား သုံးနေရာတည်ရှိပါသည်။

■ ကမ္ဘာလုံးဘုရား (ခေါ်) လေးကျွန်းစကြာ လောကချမ်းသာ ဆုတောင်းပြည့်ဘုရား

ရွှေညောင်ပြည်ထောင်စုလမ်းမကြီးအတိုင်း ဝင်ရောက်နိုင်သလို စက်မှုဇုန်မှလည်းကောင်း၊ ရွှေညောင်ရှိ တောင်ကြီးမြို့ရှောင်လမ်းအတိုင်း အဝေးပြေးကုန်စည်ယာဉ်ရပ် နားစခန်းမရောက်ခင် လမ်းခွဲမှလည်းကောင်း  သွားရောက်နိုင်သောလမ်းရှိပါသည်။

သုခါဝါသ မဂ္ဂသစ္စာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် အဖွဲ့ခွဲအမှတ် (၇၃၀) ဟူသော ဆိုင်းဘုတ်ကို မြင်တွေ့နိုင်ပြီး လေးကျွန်းစကြာ လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးကိုဖူးမြင်နိုင်သည်။  ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာရပ်ကွက်တွင် တည်ရှိကာ  ကမ္ဘာလုံးဘုရားနံဘေးတွင် လေးကျွန်းစကြာ လောကချမ်းသာ ဆုတောင်းပြည့်နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်မြတ်ဘုရားကိုလည်း ဖူးမြင်နိုင်သည်။ မင်္ဂလာရေကန်ကြီးအတွင်း ဆုတောင်းပြည့် နဂါးရုံရုပ်ပွားတော်မြတ်ကို တည်ထားခြင်းဖြစ်သည်။ မလှမ်းမကမ်းတွင် လှမ်းမျှော်ကြည့်ရာ ဗောဓိမဏ္ဍိုင်သစ္စာဉာဏ်ရောင် မိုးကုတ်ရိပ်သာကျောင်းတိုက် စေတီတော်ကို မြင်တွေ့ရသည်။

ထိုဗောဓိမဏ္ဍိုင်ကျောင်းတိုက်သို့ သွားရောက်ရန် ကမ္ဘာလုံးဘုရား ကျေးရွာလမ်းအတိုင်း ဆက်ထွက်သွားလျှင် လမ်းဖြောင့်လမ်းဆုံတစ်ခုကိုရောက်သည်။ ထိုလမ်းမှ ဘယ်ဘက်သွားလျှင် ရွှေညောင်၊ ညာဘက်ဆက်သွားလျှင် ကူကြိုးဘုရားရောက်သောလမ်းဖြစ်သည်။ ကျေးရွာလမ်းသည် ကူကြိုးဘုရား ကျောင်းဝင်းအတွင်း ဖြတ်သန်းသွားခြင်းဖြစ်ကာ တောင်ပေါ်မှတစ်ဆင့် တောင်အောက်ကိုပတ်၍ ပြန်ဆင်းရခြင်းဖြစ်သည်။

ထိုလမ်းအတိုင်းသွားလျှင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်အပြင် စူပါဝမ်းကုမ္ပဏီလမ်းအတိုင်း သွားရောက်ရာ စက်မှုဇုန်အစပ် အောင်သပြေရပ်ကွက်ရှိ ဘုရားဖြူကျောင်းရှိ ဘုရားဖြူစေတီတော်ကိုလည်း သွားရောက်နိုင်ပါသည်။ ဘုရားဖြူကျောင်းတိုက်ရောက်ရှိချိန် မိုးချုပ်နေပြီဖြစ်သဖြင့် စေတီတော်ကို အပြေးအလွှား ဓာတ်ပုံရိုက်ရပါသည်။ ယခင်က ထိုစေတီတော်ကို မိုးကောင်းဘုရား၊ ဘုရားလေးဆူ ဘုရားဖြူကျောင်းဟု ခေါ်ဝေါ်ကြောင်း ကျောင်းတိုက်ရှိဆရာတော်က မိန့်ကြားသည်။ ဘုရားတည်ခုနှစ်ကိုတော့ မသိခဲ့ရပါ။

■ ပေါရိသတ်မြို့ဟောင်း

ပေါရိသတ်မြို့ဟောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၏ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာတွင် တည်ရှိသည်။ မှန်ကူကွက်ပုံမြို့ဟောင်းဖြစ်သည်။ အကျယ်အဝန်းမှာ ဧရိယာစတုရန်း မိုင် ၁ ဒသမ ၇ ခန့် ကျယ်ဝန်းပြီး အုတ်မြို့ရိုးကာရံထားသည့် မြို့ဟောင်းတစ်မြို့ဖြစ်ကြောင်း သိရသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖော်ပြချက်အရ မြေပုံထဲတွင် မြို့ဟောင်းကို လေ့လာနိုင်သည်။

စာရေးသူ၏ စဉ်းစားချက်မှာ ပေါရိသတ်မြို့ဟောင်းအတွင်း ရွှေညောင်မြို့ ပါဝင်ခြင်းရှိ မရှိကို မြေပုံကို လေ့လာရင်းတွေးတောနေမိသည်။ သမိုင်းကြောင်း လေ့လာသူတစ်ဦး၏  တွေ့ရှိချက်ကို ဖော်ပြပါမည်။

“ပေါရိသတ်မြို့ဟောင်း၏ အရှေ့ဘက်တွင် ရေကန်ကြီးတစ်ကန်ရှိသည်။ မြို့ရိုး၏ အရှေ့တောင်ထောင့်မှ ၄၂၅ မီတာ (၄၆၅ ကိုက်) ခန့် နေရာမှစ၍ အရှေ့ဘက်မြို့ရိုးတစ်လျှောက်တွင် တည်ရှိသည့် ရေကန်ကြီးတစ်ကန်ရှိပြီး မြို့ထောင့်များတွင် မြို့ထောင့်စေတီများကို မတွေ့ရပေ။ ရွှေညောင်မြို့မှ တောင်ကြီးမြို့ရှောင်လမ်း ကားလမ်းသည် မြို့ ဟောင်းကို ဖြတ်သန်းသွားခြင်းဖြစ်သည်”။

“မြို့ဟောင်းဝန်းကျင်၌တွေ့ရသည့် ရွာများမှာ မြောက်ဘက်တွင် ရဲနွယ်နှင့်တာယော၊ အရှေ့ဘက်တွင် စခမ်းကြီး၊ ကန်ထောင့်နှင့် ဥယျာဉ်ရွာ၊ တောင်ဘက်၌ လင်းဇင်းကုန်း၊ အုတ်ဖိုနှင့် လမ်းဆုံကျေးရွာများနှင့် အနောက်ဘက်တွင် ဘုရားနီကျေးရွာတို့ရှိကြသည်။ အရှေ့မြောက်ဘက်တွင် ရွှေညောင်မြို့ရှိပြီး အနောက်မြောက်ဘက်တွင် တောင်လေးလုံးရွာ၊ အရှေ့တောင်၌ ကန်ထောင့်ကျေးရွာတို့ တည်ရှိကြသည်။ မြို့ဟောင်း၏ တောင်ဘက် ကားလမ်းမပေါ်တွင် ရွှေရန်ပြေ ရှေးဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် ဘုရားနှစ်ဆူရှိသည်။ ပြတင်းပေါက်များမှာ ဘဲဥပုံသဏ္ဌာန်မျိုးဖြစ်ပြီး ရှေးဟောင်းလက်ရာ အဆောက်အအုံတစ်ခုဖြစ်သည်” ဟု ဖော်ပြထားသည်။

ပေါရိသတ်မြို့ဟောင်း အကျယ်အဝန်းသည် ရွှေညောင်မြို့အထိပါဝင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ကိုတော့ မြေပြင်ကွင်းဆင်းသုတေသနများ ဆက်လက်လေ့လာရန် လိုအပ်ဦးမည်ဖြစ်သည်။

■ ရွှေညောင်ဘူတာနှင့် ရွှေညောင်ဈေး

နောက်ထပ်လည်ပတ်နိုင်သော နေရာများမှာ ရွှေညောင်ဈေးနှင့် ရထားဘူတာဖြစ်သည်။ ရွှေညောင်ဈေးနေ့မှာ တောင်ကြီးဈေး နေ့၏ ဈေးလွန် နှစ်ရက်မြောက်နေ့ဖြစ်သည်။ ထို့ပြင် တောင်လေးလုံးလမ်းဆုံ၊ ခေါင်တိုင် လမ်းခွဲဈေးနေ့ကိုလည်း တနင်္ဂနွေနေ့တိုင်း မြင်တွေ့နိုင်ပါသေးသည်။

ရွှေညောင်ဘူတာတွင် မေးမြန်းကြည့်ရာ သောကြာနေ့မှ ကလောဘက်မှ ရထားတက်လာပြီး တနင်္လာနေ့မှသာ တောင်ကြီးဘက်မှ ရထားဆင်းလာတတ်ကြောင်း တစ်ယောက်က ရှင်းပြသည်။  လွန်ခဲ့သောနှစ်များစွာက စာရေးသူ မန္တလေးဘက်ခရီးသွားရာ ရွှေ ညောင်ဘူတာမှ ရထားစီး၍ သွားခဲ့ရဖူးသည်ကိုလည်း ပြန်ပြောင်းသတိရမိပြန်သည်။ ရထားစီးခရီးသွားရသည်မှာ အေးအေးငြိမ့်ငြိမ့်ဖြင့် ပျင်းစရာကောင်းသော်လည်း ပတ်ဝန်းကျင်ရှုခင်းခံစားလိုသူများ၊ စိတ်ပြေလက်ပျောက် အနားယူလိုသူများအတွက် သင့်တော်ပါသည်။

နောက်ထပ် တောင်နီနှင့် တောင်လေးလုံးတို့ကို လေ့လာကွင်းဆင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဆက်လက်ဖော်ပြပေးသွားပါဦးမည်။ ညောင်ရွှေမြို့နှင့် တောင်ကြီးမြို့ကို ရောက်ရှိလျှင် ရွှေညောင်မြို့လေးကိုလည်း လည်ပတ်နိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။ တောင်ကြီးမြို့နယ်တွင် ပါဝင်သော ရွှေညောင်မြို့မှတ်တမ်းကို ယခုခရီးသွား ဆောင်းပါးဖြင့် မှတ်တမ်းတင်ရေးသား ဖော်ပြလိုက်ရသည်။