၂၁ ရာစုမှာ ဝန်ဆောင်မှုခေါင်းဆောင်ဖြစ်လာနိုင်စေဖို့

၂၁ ရာစုမှာ ဝန်ဆောင်မှုခေါင်းဆောင်ဖြစ်လာနိုင်စေဖို့
Published 14 July 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

၂၁ ရာစုမှာ ကမ္ဘာကြီးက ရွာငယ်လေးတစ်ရွာ ဖြစ်လာတယ်လို့ဆိုတယ်။ အခုလို ကမ္ဘာကြီး ရွာကြီးတစ်ရွာလိုဖြစ်လာစေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေကို ရာစုနှစ်အလိုက် လေ့လာကြည့်ရာမှာ ၂၀ ရာစုနဲ့ ရှေးကျတဲ့ ရာစုနှစ်တွေမှာ ကမ္ဘာကြီးရဲ့တိုးတက်ပြောင်းလဲမှုက နှေးကွေးနေပေမယ့် ၂၀ ရာစု ကုန်ခါနီးနဲ့ ၂၁ ရာစုအစပိုင်းမှာ ပြောင်းလဲမှုက  Abrupt Change လို့ခေါ်တဲ့ ရုတ်ခြည်း ပြောင်းလဲမှုဖြစ်လာတယ်။ 
 
အဲဒီပြောင်းလဲမှုကို ဖြစ်စေတဲ့ တွန်းအားကြီးသုံးခုက 
 
(၁) လူဦးရေပေါက်ကွဲထွက်လာမှု  (Population Explosion)
 
(၂) နည်းပညာတွေတိုးတက်လာမှု  (Technological Advances) နဲ့
 
(၃) တစ်နေရာကနေတစ်ရာကို အလွယ်တကူ ဆက်သွယ်နိုင်မှု  (Easy Access) တွေဖြစ်တယ်။ အဲဒီပြောင်းလဲမှုကြီး သုံးခုကနေ စာရေးသူတို့ကမ္ဘာကြီးလို့ခေါ်တဲ့ ကမ္ဘာ့ရွာ (Globalized Village) ကိုဖြစ်ပေါ် လာစေခဲ့တယ်။ 
 
(၁) လူဦးရေပေါက်ကွဲထွက်လာမှုနဲ့ ဝန်ဆောင်မှု လိုအပ်ချက်
 
ဒီကနေ့မှာ ကမ္ဘာကြီးရဲ့ လူဦးရေက သန်းပေါင်း ၇၀၀၀ ရှိလာနေပြီဖြစ်တယ်။ စာရေးသူတို့နိုင်ငံက ယခင်က သန်းပေါင်း ၆၀ လို့  သိထားခဲ့ပေမယ့် ဒီကနေ့မှာတော့ ၅၁ သန်းကျော်သာ ရှိတယ်လို့ ဆိုတယ်။ ဒါကတော့ ယခင် အုပ်ချုပ်မှုစနစ်ရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုကြောင့် နည်းလမ်းပေါင်းစုံနဲ့ အခြားနိုင်ငံတွေကို ရောက်သွားခဲ့ကြတယ်။ ဒီကနေ့ဒီမိုကရေစီခေတ်မှာတော့ အခြားနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ရောက်နေကြတဲ့ မိမိနိုင်ငံသားတွေကို အသုတ်လိုက် ပြန်လည်ခေါ်ယူနေတာ တွေ့နေ ကြားနေရတယ်။
 
ဒီကနေ့ခေတ်မှာ ထုတ်ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေသာမကဘဲ လူတွေကို ထုတ်ကုန်အဖြစ် စဉ်းစားလာကြပြီး လူကုန်ကူးတဲ့လုပ်ငန်းလည်း လုပ်ငန်းတစ်ခုအနေနဲ့ ပေါ်ထွက်လာတယ်။ စာရေးသူကို ငယ်စဉ်က လူကြီးသူမတွေ ပြောဆိုခဲ့တဲ့စကားတစ်ခွန်းကို ပြန်လည်အမှတ်ရမိတယ်။
 
“မင်းတို့ခေတ်ရောက်ရင် မစားဖူးတာ စားရမယ်၊ မကြားဖူးတာ ကြားရမယ်၊ မမြင်ဖူးတာ မြင်ရမယ်”
 
ဆိုတာဖြစ်တယ်။ အစားအသောက်တွေဆိုရင်လည်း ဟိုခေတ် ဟိုအခါက မရှိမမြင်ဖူးတဲ့ အစားအစာတွေပေါ်လာတယ်။ မကြားဖူးတာ ကြားရမယ်ဆိုတဲ့အတိုင်း အသက်အရွယ်ငယ်ရွယ်သေးတဲ့ ကလေးအရွယ်ကို မုဒိမ်းကျင့်တယ်တဲ့ဗျာ။ ကြားလို့မှ ကောင်းသေးရဲ့လား။ လူတွေရဲ့စိတ်တွေ ဘယ်လိုဖြစ်သွားကြပြီလဲ။ စိတ်ကြွရူးသွပ်ဆေးတဲ့လေ။ တစ်နေ့တစ်နေ့ ဖမ်းမိတဲ့ စိတ်ကြွရူးသွပ်ဆေးဆိုတာတွေလည်း မနည်းပါလား။ ဒါတွေကို အမြစ်တိုင်ဖျက်ဆီးပစ်ဖို့လိုတယ်။ 
 
လူဦးရေပေါက်ကွဲထွက်လာရာမှာ စာရေးသူတို့နိုင်ငံလို ဆင်းရဲချမ်းသာကွာဟမှုများတဲ့ နိုင်ငံမှာက စားရေး၊ ဝတ်ရေးနဲ့ နေရေးဆိုတဲ့ အရေးသုံးပါးက ဆင်းရဲသူတွေအတွက် နေ့စဉ်နဲ့အမျှ အလိုအပ်ဆုံးဖြစ်နေတယ်။ နိုင်ငံအုပ်ချုပ်သူတွေက မိမိနိုင်ငံရဲ့ ဒီအရေးသုံးပါးကို အဦးဆုံးဖြေရှင်း လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်။ ပညာလည်း မသင်ယူခဲ့ရ၊ ဆင်းရဲတွင်းလည်း နက်လာတဲ့အခါ လူတွေက သေမထူး နေမထူးဆိုတဲ့ စိတ်ဓာတ်နဲ့မကောင်းတဲ့ ဒုစရိုက်အလုပ်ကို လုပ်ဖို့ ရဲတင်းလာကြတယ်။ ငွေပေးခိုင်းရင် လုပ်လာတတ်ကြတယ်။ 
ပညာမတတ်ပေမယ့် အသိရှိဖို့ လိုအပ်တယ်။ 
 
(၂) နည်းပညာတိုးတက်လာမှုန ဝန်ဆောင်မှုလိုအပ်ချက်
 
နည်းပညာတိုးတက်လာမှုကနေ တစ်ခုပြီးတစ်ခု ဆန်းသစ်တီထွင်မှုတွေ တိုးပွားဖြစ်ထွန်းလာတာက သက်သေပြနေတယ်။ အဲဒီတီထွင်မှုတွေကို လူတွေပဲ လုပ်ဆောင်ပေးနေတာဖြစ်တယ်။ နည်းပညာတိုးတက်လာမှုကနေ ဝန်ဆောင်မှုတွေကောင်းဖို့ လိုအပ်လာတယ်။ 
အဓိကကတော့ နည်းပညာတိုးတက်လာမှုကနေ တစ်ဖက်မှာ ကောင်းတာတွေဖြစ်လာသလို အခြားတစ်ဖက်မှာ မကောင်းတာတွေလည်း ဖြစ်လာစေတယ်။ စာရေးသူတို့ ငယ်ရွယ်စဉ်က လျှပ်စစ်မီးမရှိလို့ ဖယောင်းတိုင်မီးနဲ့ စာကျက်မှတ်ခဲ့ရတယ်။ အခုခေတ် မှာ နေရာအတော်များများ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းလာနေတာ တွေ့ကြရမှာဖြစ်တယ်။ ကျေးရွာတွေအထိသော်မှ လျှပ်စစ်မီးတွေ ရောက်နေပြီလို့သိရတယ်။
 
လျှပ်စစ်မီးအလင်းရောင်မှာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ကနေရတဲ့ လျှပ်စစ်၊ လေကနေရတဲ့ လျှပ်စစ်၊ နေကနေရတဲ့ လျှပ်စစ်ဆိုပြီး လျှပ်စစ်ဓာတ်ကို နေရာပေါင်းစုံကနေ ရရှိအောင် လုပ်လာနိုင်ပြီဖြစ်တယ်။ ဟိုယခင်က ဟိုက်ဒရိုဂျင်ကို လူတွေအသက်ကို သေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေ ထုတ်လာရာမှာ အသုံးပြုခဲ့ရာကနေ အခုဆိုရင် မကြာမီအချိန်မှာ ကုန်ဆုံးသွားတော့မယ့် ဓာတ်ဆီဒီဇယ်ဆီတွေ သဘာဝဓာတ်ငွေ့တွေ နေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ Hydrogen Fuel Cell လို့ခေါ်တဲ့ လောင်စာတစ်မျိုးကိုသော်မှ တီထွင်ထားပြီးပြီလို့ သိရတယ်။
 
မိုဘိုင်းဖုန်းတွေကလည်း ဒီကနေ့ခေတ်မှာ အမျိုးမျိုး ဆန်းသစ်တီထွင်လာနေကြတယ်။ မိုဘိုင်းဖုန်းတွေကနေ ဒီကနေ့ လက်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအခြေအနေတွေကို စက္ကန့်မိနစ်မခြား ဖတ်ရှုနိုင်တယ်။ BBC ၊ VOA ၊ DVB ရေ ဒီယိုအသံလွှင့်ချက်တွေကိုလည်း မိုဘိုင်းဖုန်းတွေကနေ နားထောင်နိုင်တယ်။ မိုဘိုင်းဖုန်းတစ်လုံးကနေ လုပ်ဆောင်ချက်အတော်များများ လုပ်ဆောင်နိုင်တယ်။ ဓာတ်ပုံရိုက်မလား၊ အသံသွင်းမလား၊ အင်တာနက်ကြည့်မလား၊ တစ်ဦးနဲ့တစ်ဦး စကားအချေအတင် ပြောကြမလား။ အတော်များများထို ဖုန်းတစ်လုံးနဲ့ အလုပ်ဖြစ်တယ်။ သို့ပေမဲ့ မိုဘိုင်းတယ်လီဖုန်းက လူငယ်တွေကို အချိန်ကုန်စေတာက ဂိမ်းတွေကစားကြတာ ဖြစ်တယ်။ နည်းပညာတိုးတက်လာမှုက လူတစ်ဦးချင်းကို ဝန်ဆောင်မှုကောင်းတွေပေးနိုင်သလို မကောင်းတဲ့ဝန်ဆောင်မှုတွေကိုလည်း ပေးနိုင်တယ်။
 
(၃) တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ဆက်သွယ်လာနိုင်စေတဲ့ ဝန်ဆောင်မှု
 
ကမ္ဘာကြီးက (Globalized Village) လို့ ခေါ်တဲ့ ရွာလေးတစ်ရွာပုံစံ ဖြစ်လာနေတယ်လို့ဆိုရာမှာ ကွန်ပျူတာကနေတစ်ဆင့် ချိတ်ဆက်ပြီး အင်တာနက်ကနေတစ်ဆင့် မိုင်ပေါင်း ဘယ်လောက်ပဲဝေးကွာပါစေ မျက်နှာချင်းဆိုင် စကားပြောလို့ရနေသလို မိုဘိုင်းဖုန်းတွေသုံးပြီး Viber ကနေဆက်သွယ်ပြီး စကားပြောနိုင်တယ်။ ဒါကြောင့် ဆက်သွယ်မှုဝန်ဆောင်မှုတွေ ကောင်းလာရာက ကမ္ဘာ့လူသားတွေကို အကျိုးပြုလာတယ်။
 
ကမ္ဘာကြီးကို ပြောင်းလဲလာအောင် လူတွေက လုပ်လိုက်တယ်။ လူတွေလုပ်လိုက်တဲ့ ကမ္ဘာကြီးကိုပြောင်းစေရာမှာ အနာဂတ်အမြင်ကောင်းတွေ ထားရှိပြောင်းလဲနိုင်စေဖို့ လိုအပ်တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရှိလာသလို တစ်ဖက်မှာ စိတ်ပိုင်းဆိုင်ရာတွေ လျော့ကျလာတာကို သတိရှိရှိနဲ့ ထိန်းကျောင်းပေးဖို့ လိုအပ်လာတယ်။ မလုပ်သင့်တာတွေ မလုပ်ဖို့ ရှောင်ကြဉ်ဖို့လိုအပ်တယ်။ အတ္တကို ရှေ့တန်းမတင်ဖို့ လိုအပ်လာတယ်။ 
 
ရွာတစ်ရွာမှာ အိမ်တစ်အိမ်က ဒုက္ခရောက်ရရင် တစ်ရွာလုံးက ဝိုင်းဝန်းကူညီစောင့်ရှောက်တာတွေ လုပ်ပေးသလို ဒီကနေ့ ကမ္ဘာကြီးကလည်း ရွာလေးတစ်ရွာဖြစ်လာရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်ချက်တွေ ကို အခြားနိုင်ငံတွေကနေ ဝိုင်းဝန်းကူညီပံ့ပိုး ပေးလာနေကြရတာဖြစ်တယ်။ ငါတစ်ယောက်တည်း၊ ငါ့မိသားစု တစ်စုတည်း၊ ငါ့ အဖွဲ့အစည်းတစ်ခုတည်း၊ ငါ့နိုင်ငံတစ်နိုင်ငံတည်း သီးခြားခွဲထွက်နေထိုင်လို့ မဖြစ်တော့ဘဲ နိုင်ငံတွေအချင်းချင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ပုံစံတွေနဲ့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်လာနေကြရတယ်။ အဲဒီမှာ နှစ်ဖက်အမြင်ထားရှိ လုပ်ဆောင်တတ်ကြရမယ်။ အနာဂတ်အမြင်ကောင်းတွေ ထားရှိလုပ်ဆောင်ကြရမယ်။ အချုပ်ဆိုရရင် နိုင်ငံခေါင်းဆောင်နေရာကနေ မိမိနိုင်ငံနဲ့နိုင်ငံသားတွေအကျိုး သယ်ပိုးဆောင်ရွက်သူတွေက မိမိနိုင်ငံသားတွေနဲ့ မိမိနိုင်ငံရဲ့အနာဂတ်ကို ပုံဖော်ပေးဖို့ လိုအပ်တယ်။ ဒါမှ ဝန်ဆောင်မှုကောင်းတဲ့ Servant Leader Ship  အဖြစ်နဲ့ ဦးဆောင်နိုင်စေဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။

Most Read

Most Recent