ဂျိုင်းမြစ်ဝှမ်းက မွန်တိုင်းရင်းသား စစ်ဘေးရှောင်များ

ဂျိုင်းမြစ်ဝှမ်းက မွန်တိုင်းရင်းသား စစ်ဘေးရှောင်များ
မီးလောင်ပျက်စီးသွားသည့် ဓမ္မသကျေးရွာတစ်နေရာကို တွေ့ရစဉ် (Photo: CJ)
မီးလောင်ပျက်စီးသွားသည့် ဓမ္မသကျေးရွာတစ်နေရာကို တွေ့ရစဉ် (Photo: CJ)
Published 16 June 2024

ဂျိုင်းမြစ်က ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ဟောင်သရောမြစ်နဲ့ လှိုင်းဘွဲမြစ်တို့ ကျုံဒိုးမြို့အနီးမှာ ပေါင်းဆုံရာမှဖြစ်ပေါ်လာ တဲ့မြစ်တစ်စင်းဖြစ်ပြီး ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် မြို့ရွာများကို ဖြတ်သန်းစီးဆင်းကာ မွန်ပြည်နယ် မော်လမြိုင်မြို့အနီးမှာ သံလွင် မြစ်အတွင်းသို့ စီးဝင်သွားတဲ့ မြစ်တစ်စင်းဖြစ် ပါတယ်။

          မွန်တိုင်းရင်းသားတွေ အများဆုံးနေ ထိုင်နေကြတဲ့ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်းက ကော့ဘိန်း၊ မင်းရွာ၊ မွန် ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဓမ္မသ၊ တရနာ၊ ကော့သပ်၊ ကော့စွယ် အစရှိသည် ဖြင့် ရွာကြီးတွေရှိပါတယ်။ အဲဒီကျေးရွာတွေ ကို မော်လမြိုင်-ဘားအံကားလမ်း ခရုံဂူ ကျေးရွာအဝင်ဝကနေစလို့ ရမ္မာဝတီကား လမ်းနဲ့ ချိတ်ဆက်ထားပါတယ်။

          ဒေသခံ မွန်တိုင်းရင်းသားတွေဟာ မိရိုး ဖလာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥ ယျာဉ်ခြံလုပ်ငန်း၊ တံငါလုပ်ငန်းအပြင်တခြား သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး အေးချမ်းစွာနေထိုင်ကြသလို ဘာသာတရား ကိုင်းရှိုင်းကြသူများပီပီ ဘုရားပွဲတော်များ၊ အလှူအတန်းများ အမြဲလိုလိုပြုလုပ်ကြပါ တယ်။

          ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး ခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံတစ်ဝန်း လက်နက် ကိုင်ပဋိပက္ခတွေက တစ်နေ့တခြားကြီးထွား လာခဲ့သလို မွန်ပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကြုံတွေ့ခဲ့၊ ကြုံ တွေ့နေရဆဲအခြေအနေမျိုး ရှိနေပါတယ်။

          ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက် နယ်၊ ကော့ဘိန်းကျေးရွာမှာတည်ရှိတဲ့ ကော့ ဘိန်းနယ်မြေရဲစခန်းကို KNU/KNLA /NMSP (AD)/PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

          အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ အေးချမ်းတည်ငြိမ်နေတဲ့ ဂျိုင်းမြစ်ဝှမ်း က မွန်တိုင်းရင်းသားတွေနေထိုင်နေကြတဲ့ ကျေးရွာတွေမှ ဒေသခံပြည်သူတွေဟာနေ ရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရ တဲ့ဘဝကို ရောက်ရှိခဲ့ကြပါတယ်။

          နယ်မြေစိုးမိုးရေးနိုင်ရေးအတွက် နှစ် ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် တည်ငြိမ်အေးချမ်းနေ တဲ့ဒေသဟာ စစ်သလင်းပြင်အဖြစ်ပြောင်း လဲခံခဲ့ရသလို မတ်လ ၂၇ ရက်မှာလည်း ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဟာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမီးလောင် ပျက်စီးခဲ့ရတဲ့အပြင် ကုန်းကျွန်းဆိုတဲ့ကျေး ရွာမှာလည်း နေအိမ် ၅၀ ခန့်မီးလောင်ပျက်စီး ခဲ့ရပါတယ်။

          ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသ ခံပြည်သူတွေဟာ နီးစပ်ရာတောတောင် လိုဏ်ဂူတွေမှာ ဝင်ရောက်ပုန်းခိုနေခဲ့ကြရ သလို ကျိုက်မရော၊ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံအစရှိတဲ့မြို့တွေကို အလုံးအရင်းနဲ့ စစ် ဘေးရှောင်နေခဲ့ကြရပါတယ်။

          လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဂျိုင်းမြစ်ဝှမ်းဒေသအတွင်းမှာ ကျောင်းထိုင် ဆရာတော်တစ်ပါး အပါအဝင် အရပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရလို ဒေ သခံပြည်သူ ၅၀၀၀၀ ကျော်မှာလည်း နေရပ် စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရပါ တယ်။

          ကော့ဘိန်းကျေးရွာမှ အစတည်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ဂျိုင်းမြစ်ဝှမ်းအနောက်ဘက်ကမ်းတစ်လျှောက်မှာရှိတဲ့ ကော့ဘိန်းကျေးရွာနဲ့ ဆက်စပ်နေတဲ့ ကော့ ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်၊ ဓမ္မသ၊ သံက လောင်၊ ကျွန်းရွာ၊ တရနာ၊ ကော့သိပ်၊ ကော့ စွယ်အစရှိတဲ့ ကျေးရွာတွေအထိပါ ကူးစက် ခဲ့ရပါတယ်။

          စစ်နယ်ကျယ်လာသလို စစ်ဘေးရှောင် တဲ့ပြည်သူဦးရေကလည်း တိုးပြီးရင်းတိုးလာ ခဲ့တာ တစ်သိန်းဝန်းကျင်လောက်အထိဖြစ် ရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင် ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။

          နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေ ခဲ့ကြရတဲ့ဒေသခံပြည်သူတွေဟာ အဓိက အားဖြင့် ဆွေမျိုးများရှိတဲ့အခြားမြို့နယ်တွေ ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို ဘုန်းတော် ကြီးကျောင်းတွေနဲ့ စစ်ဘေးရှောင်များအ တွက်ယာယီဖွင့်လှစ်ပေးထားတဲ့ စစ်ဘေး ရှောင်စခန်းတွေမှာ အခက်အခဲများစွာနဲ့အတူယှဉ်တွဲနေထိုင်ခဲ့ကြရပါတယ်။

          “မတ်လ ၂၄ ရက်နေ့မှာ ကော့ဘိန်းရဲစ ခန်းတိုက်ပွဲစဖြစ်တာပါ။ မတ်လ ၂၅ ရက်နေ့ မှာတော့ လက်နက်ကိုင်အဖွဲ့တွေက ရဲစခန်း ကို သိမ်းပိုက်လိုက်တယ်။ တပ်ဘက်ကနေ အဲဒီရဲစခန်းကို ပြန်သိမ်းဖို့ကြိုးစားတော့မယ် ဆိုတာကိုသိကြတော့ ရသမျှပစ္စည်းတွေ ကောက်သိမ်းပြီး ကိုယ့်ရပ်ရွာကနေထွက် လာခဲ့ကြတာပါ။ ရွာမှာတော့ တစ်ရပ်ကွက် ကို လေးငါးဆယ်ဦးလောက် အစောင့်ကျန် ရစ်ခဲ့ကြတယ်”ဟု ကော့ဘိန်းကျေးရွာမှ စစ် ဘေးတိမ်းရှောင် ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

          ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာတော့ စစ်တပ်က “အောင်ဇေယျစစ်ကြောင်း” အ နေနဲ့ထိုးစစ်ဆင်ပြီး ကော့ဘိန်းနယ်မြေရဲစ ခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါ တယ်။

          နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့တဲ့နောက် ပိုင်းမှာတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသခံတွေကို မိမိရဲ့ရပ်ရွာတွေမှာ ပြန်လည် နေထိုင်နိုင်ကြပြီးဖြစ်ကြောင်းလည်း ကြေ ညာခဲ့ပါတယ်။

          ဒါပေမဲ့ စစ်ဘေးတိမ်းရှောင်ဒေသခံ ပြည်သူများအနေနဲ့ သူတို့ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့ အခက်အခဲတွေကြောင့် ကိုယ့် နေရပ်ဒေသကို ပြန်လာကြဖို့အတွက် မဝံ့မရဲ ဖြစ်နေခဲ့ကြတယ်လို့ ဒေသခံတွေကဆိုကြပါ တယ်။

          “ကျွန်မတို့က ကိုယ့်ရပ်ရွာမှာပြန်နေဖို့ အတွက်က အခက်အခဲအများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အိမ် မီး လောင်တဲ့အထဲပါသွားတယ်။ နေစရာမရှိ တော့ဘူး။ လုပ်ကိုင်စားသောက်လို့မရတော့ ဘူး။ ကိုယ့်အိမ်ကိုယ်ပြန်ဆောက်ဖို့အတွက် ဆိုတာ အဝေးကြီးဖြစ်သွားပြီ။ အိမ်လေးတစ် လုံးရဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ရတာ။ အခုတော့ နေစရာအိမ် မရှိတော့ဘူး”လို့ ဓမ္မသကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

          နေရပ်ပြန်သွားခဲ့ကြတဲ့ ဒေသခံတစ်ဦး ကလည်း “ရပ်ရွာတွေထဲမှာ လုံခြုံရေးတပ် တွေရှိနေတော့ တစ်ဖက်ကဒရုန်းနဲ့ ဗုံးလာချ လိုက်၊ ဒီဘက်ကလည်း လက်နက်ကြီးနဲ့ပစ် လိုက်နဲ့၊ သေနတ်ပစ်ခတ်သံတွေကလည်း မ ကြာမကြာ ကြားနေရတော့ တချို့လည်းပြန် ဝင်လာပြီးမှ ကြောက်လန့်ပြီးပြန်ထွက်သွား ကြတဲ့သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။

          ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က မော်လမြိုင် မြို့၊ သာသနာ ၂၅၀၀ မွန်ပရိယတ္တိဘုန်းကြီး ကျောင်းမှာ ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေး ရွာ ၁၁ ရွာမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင် နေကြရတဲ့ ဒေသခံပြည်သူများကို အကူအ ညီ ပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

          အဲဒီတွေ့ဆုံဆွေးနွေးပွဲအပြီးမှာတော့  နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ မွန်တိုင်းရင်းသားစစ်ဘေးရှောင် ပြည်သူများကနေ ကြေညာချက်ထုတ်ပြန် ကာ တောင်းဆိုထားတာရှိပါတယ်လို့သိရပါ တယ်။

          အဲဒီကြေညာချက်ထဲမှာ အရပ်သား ပြည်သူများ ထူထပ်စွာအခြေချနေထိုင်ရာ ဒေသ၊ ကျေးရွာများ၊ အရပ်သားပြည်သူများ ပိုင်ဆိုင်သည့်အိမ်များ၊ ဘာသာရေးအဆောက် အအုံများကိုအသုံးပြုကာ စစ်ပွဲဆင်နွှဲခြင်း များကို ရှောင်ရှားပေးရန် ဂျိုင်းမြစ်ဝှမ်းဒေ သမှ မွန်စစ်ဘေးရှောင်ပြည်သူများက တောင်းဆိုထားပါတယ်။

          ထို့အပြင် တရားမဲ့ အကြမ်းဖက်သတ် ဖြတ်ခြင်းများကို ရှောင်ရှားရန်၊ စစ်ဒဏ်သင့် ကျေးရွာများအတွင်းဖြစ်ပေါ်နေသည့် ခိုး ဆိုးလုနှိုက် ဒုစရိုက်မှုများ ကျူးလွန်နေခြင်း ကို အရေးယူကိုင်တွယ်ပေးရန်နဲ့ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကူညီ ဆောင်ရွက်နေသူများအား ခြိမ်းခြောက်နေ မှုများကို မပြုလုပ်ရန်ကိုလည်း မွန်တိုင်းရင်းသားစစ်ဘေးရှောင်တွေက တောင်းဆိုထား ပါတယ်။

          ၎င်းင်းအပြင်ကို ယခုကျောင်းဖွင့်ရာသီ၌ လူအခွင့်အရေး စံချိန်စံညွှန်းများကိုလေး စားကာ လွတ်လပ်စွာပညာသင်ကြားခွင့်အ တွက် မိမိတို့၏ဒေသများရှိ စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုး ပမ်းလုပ်ဆောင်သွားရန်လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

          “ကျောင်းဖွင့်တဲ့ကာလကိုရောက်နေတဲ့အတွက် ရွာမှာပြန်နေနေကြတဲ့ဒေသခံ ကလေးငယ်တွေအတွက်ကို စာသင်ကျောင်း တွေက ပြန်မဖွင့်နိုင်သေးတဲ့ အခြေအနေမျိုး တွေဖြစ်နေကြတော့ ကျောင်းနေအရွယ် က လေးတွေအတွက်ကိုပါ အခက်အခဲတွေကရှိ နေတယ်”လို့လည်း ကော့သပ်ကျေးရွာ              ဒေသခံတစ်ဦးက ပြောပါတယ်။

          ထို့ပြင် စျေးရောင်းစျေးဝယ်မှအစ၊ လယ်ယာလုပ်ငန်းခွင်အထိ လုပ်ငန်းကိုင် ငန်းတွေနဲ့ပတ်သက်ပြီးလည်း အဆင်မပြေ တော့ကြောင်းနဲ့ စိတ်ချရသည့်အနေအထား မျိုးမရှိတော့တဲ့အတွက်ကြောင့် စားဝယ်နေ ရေးအတွက် အခက်အခဲတွေ အများကြီးကြုံ တွေ့လာနိုင်ကြောင်းလည်း ၎င်းင်းက ဆိုပါ တယ်။

          ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၁၁ ရွာမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေ ကြရတဲ့ ဒေသခံပြည်သူများကို မွန်ရဟန်းသံ ဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီ ညွတ်ရေးပါတီနှင့် မွန်အရပ်ဘက်အဖွဲ့အ စည်းများနဲ့ စုစည်းဖွဲ့စည်းထားတဲ့ “စစ်ဘေး ရှောင်ကူညီရေးအဖွဲ့” အနေနဲ့ ကဏ္ဍရှစ်ခုနဲ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင် ရန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါ တယ်။

          “ကဏ္ဍရှစ်ခုမှာဆိုရင် ဘဏ္ဍာငွေရှာဖွေ ရေးကဏ္ဍ၊ စစ်ဘေးရှောင်ပြည်သူတွေအ တွက် စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးမယ့် ကဏ္ဍ၊ စစ်ကျန်စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသိပညာပေးမယ့်ကဏ္ဍ၊ ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ် ဆောင်လို့ရှိ ကူညီဆောင်ရွက်ပေးမယ့်                  ကဏ္ဍ၊ သတင်းအချက်အလက်တွေ စုဆောင်း ဖြန့်ဝေသွားမယ့် စတဲ့ကဏ္ဍတွေ ပါဝင်ပါ တယ်” လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

          “စစ်ဘေးရှောင်ကူညီရေးအဖွဲ့” အနေ နဲ့ အခြားသောအဖွဲ့အစည်းများနဲ့ ထိတွေ့ ဆက်စပ်နိုင်ရေးအတွက်ကိုလည်း ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းထားကြောင်း၊ ၎င်းင်း အပြင် တည်ဆဲဥပဒေများနဲ့အညီ ဒေသခံ များကို အကာအကွယ်ပေးနိုင်ရေးအတွက် ကိုလည်း ဥပဒေဆိုင်ရာ ကဏ္ဍတစ်ခုထည့် သွင်းထားကြောင်းနဲ့ ရှေ့ဆက် ပဋိပက္ခများထပ်မံဖြစ်ပွားလာပါကလည်း မည်သို့ကြို တင်ဆောင်ရွက်ရမည်ကိုလည်း ကဏ္ဍတစ်ခု အနေဖြင့်ပါဝင်ကြောင်း ၎င်းင်းကဆိုပါတယ်။

          “ဖြစ်ပေါ်လာတဲ့အခြေအနေတွေအ ပေါ်မူတည်ပြီးတော့ လုပ်ငန်းကဏ္ဍအလိုက် ရှေ့ဆက်လုပ်ဆောင်သွားကြမှာပါ။ ဒါပေမဲ့ ဘယ်အချိန်အထိကို ဆက်သွားရမလဲ။ဘယ် လိုဆက်လုပ်သွားမလဲ။ အခြေအနေတွေက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို မသိကြရ တော့ လောလောဆယ်မှာတော့လုပ်ဆောင် လို့ရတဲ့ ကဏ္ဍတွေအတိုင်းလုပ်ငန်းအကောင် အထည်ဖော်သွားဖို့ရှိပါတယ်” လို့လည်း ၎င်းင်း က ဆက်လက်ပြောကြားပါတယ်။

          ဂျိုင်းမြစ်ဝှမ်းက စစ်ဘေးသင့်ဒေသခံ ပြည်သူတွေအရေးကို အားလုံးကဝိုင်းဝန်း ကူညီဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေးကအ စ အလုပ်အကိုင်များ ပြန်လည်ဖန်တီးပေးနိုင် သည်အထိကို လုပ်ဆောင်ပေးသင့်တယ်လို့ မြင်ပါတယ်။

          “မုန်တိုင်းပြီးရင်တော့ လေပြည်လာ မယ်” ဆိုပေမဲ့လည်း အဲဒီ “လေပြည်” က ဘယ်အချိန်လာမှန်း မသိကြသေးတဲ့အတွက် ပြည်သူတွေကတော့ အခက်အခဲအမျိုးမျိုးကို ခါးစည်းရင်ဆိုင်နေကြရဦးမှာပါ။

ဘိုဘိုမြင့် (မော်လမြိုင်)

Most Read

Most Recent