ကြိုးစားလျှင် ဘုရားတောင်မှဖြစ်နိုင်တယ်

ကြိုးစားလျှင် ဘုရားတောင်မှဖြစ်နိုင်တယ်
Published 12 July 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဗုဒ္ဓ- ဘုရားပါဠိလို “ဗုဒ္ဓ”၊ မြန်မာလို “ဘုရား”လို့ ခေါ်ကြတယ်။ စာမှာ ဗုဒ္ဓသုံးမျိုး၊ ဘုရားသုံးမျိုး ပြဆိုတယ်။ သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓရယ်လို့ သုံးမျိုးရှိတယ်။ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကတွေကို အနုဗုဒ္ဓလို့ ခေါ်တယ်။ တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုသစ္စဗုဒ္ဓ၊ သုတဗုဒ္ဓလို့ ဗုဒ္ဓလေးမျိုး ပြတယ်။ပါရမီတော်သုံးဆယ်ကို ဖြည့်ကျင့်ပြီး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူတဲ့ ဘုရားရှင်ကို သဗ္ဗညုဗုဒ္ဓလို့ ခေါ်တယ်။ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး သယမ္ဘူဉာဏ်သို့ ရောက်တော်မူတဲ့ သီးခြားဘုရားကို ပစ္စေကဗုဒ္ဓလို့ ခေါ်တယ်။အရိယာသူတော်စင်များကို စတုသစ္စဗုဒ္ဓလို့ ခေါ်တယ်။ ပရိယတ်၊ ပဋိပတ်ဗဟုသုတရှိသူ၊ သုတမယဉာဏ်နဲ့ သိထိုက်တဲ့ ခန္ဓာ အစရှိတဲ့ တရားကို သိတဲ့သူကို သုတဗုဒ္ဓလို့ခေါ်တယ်။ဗုဒ္ဓပါဠိက ဘုရား၊ ပညာရှိသုခမိန်၊ အသိဉာဏ်လို့ အနက်အဓိပ္ပာယ် သုံးမျိုးထွက်တယ်။ ဘုရားဆိုတာ ပါရမီတို့ဖြင့် ထုံအပ်သော၊ သယမ္ဘူဉာဏ်ဖြင့် ဝါသနာနှင့်တကွ ကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်သတ်ပြီးဖြစ်သော၊ မဟာကရုဏာဉာဏ်၊ သဗ္ဗညုတဉာဏ်အစရှိသော မနှိုင်းယှဉ်အပ်သော ဂုဏ်အပေါင်းကို ဆောင်တော်မူတတ်သော ခန္ဓာအစဉ်ကို ဘုရားဟုခေါ်ကြောင်း  သာရတ္ထဋီကာ၊ သီလက္ခန်ဋီကာသစ်စတဲ့ ဆရာတို့က မိန့်ကြတယ်။ဗုဒ္ဓဆိုတာ ဒုက္ခသ မုဒယ နိရောဓ မဂ္ဂဆို တဲ့ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူတယ်။ အဲဒီလို သိပြီးတဲ့နောက် ဝေနေယျသတ္တဝါအနန္တတို့ကိုလည်း သိစေတော်မူတယ်။ ဒါကြောင့် ဗုဒ္ဓလို့ ခေါ်ရတယ်။သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဆိုတဲ့ ဉေယျဓံတရားငါးပါးကို သိမြင်တော်မူလို့ ဗုဒ္ဓအမည် ရတော်မူတယ်။အရဟတ္တမဂ်ဉာဏ်နဲ့ ပေါင်းဆုံမိခြင်းကြောင့် မနှိုင်းယှဉ်အပ်သော ဂုဏ်အပေါင်းနဲ့ တန်ဆာဆင်အပ်သော  သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူသဖြင့် ပွင့်တော်မူတတ်၊ ပွင့်တော်မူပြီးဖြစ်လို့ ဗုဒ္ဓလို့ ခေါ်ဆိုရတယ်။ဘုရားပွင့်တယ်လို့ ပြောကြတယ်။ ပဒုမ္မာကြာပန်းများဟာ နေရောင်ခြည်နဲ့ ထိတွေ့တဲ့ အခါ စွင့်စွင့်ငွားငွား ပွင့်သလို အရဟတ္တမဂ် ဉာဏ်နဲ့ ထိတွေ့မှုကြောင့် သဗ္ဗညုတဉာဏ်တော်ကြီး ပွင့်လာခြင်းကိုပဲ ဘုရားပွင့်တယ်လို့ ခေါ်တယ်။တစ်ကြောင်းတည်းသော နိဗ္ဗာန်ကို ကြွသွားတော်မူတတ်လို့ ဗုဒ္ဓလို့ ခေါ်ရတယ်။ ရအပ်သော ဂုဏ်ထူးရှိသော ရဟန္တာပုဂ္ဂိုလ်များ သိအပ်သောကြောင့် ဗုဒ္ဓလို့ ခေါ်ရတယ်။ အိပ်သောယောက်ျား နိုးသောလားသို့ ကိလေသာတွေနှင့် အိပ်ပျော်နေရာမှ နိုးကြားလာသောကြောင့် ဗုဒ္ဓလို့ ခေါ်ဆိုရတယ်။ အဝိဇ္ဇာတဏှာ ဝဋ်မြစ်နှစ်ပါးကို ထုတ်ဆောင် နုတ်ပယ်တော်မူတတ်သောကြောင့် ဗုဒ္ဓလို့ ခေါ်ဆိုရတယ်။ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန် ကောင်းကျိုး ကောင်းကျိုးနှစ်မျိုးကို ထုတ်ဆောင်ပြတတ်သောကြောင့် ဗုဒ္ဓလို့ ခေါ်ရတယ်။ ဒါကတော့ ပါဠိတော်အဋ္ဌကထာဋီကာတို့မှာ လာရှိတဲ့ ဗုဒ္ဓပုဒ်ရဲ့ အဖွင့်အဓိပ္ပာယ်တွေပါပဲ။    အလုပ်ကြိုးစားရမယ်ဘုရားဖြစ်ဖို့ အလုပ်လုပ်ရမယ်။ ဘာတွေလုပ်ရမှာလဲ။ ပါရမီအလုပ်တွေ လုပ်ရမယ်။  ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်၊ မြင့်မြတ်သူတို့ရဲ့ဥစ္စာ၊ မြင့်မြတ်ဖို့ရာ အခြေခံအကြောင်းတရား မြတ်သော နိဗ္ဗာန် တစ်ဖက်ကမ်းသို့ ရောက်ကြောင်းတရားလို့  သဒ္ဒါနည်းအရ အဓိပ္ပာယ်လေးမျိုး ထွက်တယ်။ပါရမီက ၁၀ ပါးရှိတယ်။ အကျယ်ပွားရင်တော့ သုံးဆယ်လို့ ဆိုတယ်။ ဒါန- ပေးရမယ်၊ ကမ်းရမယ်၊ စွန့်ရမယ်၊ လှူဒါန်းရမယ်။ သီလ- ကိုယ်နှုတ်နှစ်ပါးကို စည်းကမ်းရှိရှိဖြစ်အောင် စောင့်စည်းရမယ်။ နေက္ခမ္မ- လောကီ ဆွဲဆောင်မှုတွေမှ ရုန်းထွက်နိုင်ရမယ်။ ပညာ- အသိဉာဏ်ပညာကို ဆည်းပူးရမယ်။ ဝီရိယ- ကောင်းမှုဟူသမျှ ကြိုးစားရမယ်။ ခန်္တီ- သည်းခံရမယ်။ သစ္စာ- သစ္စာရှိရမယ်။ အဓိဋ္ဌာန- ကောင်းမှုကို စွဲမြဲရမယ်။ မေတ္တာ- သတ္တဝါအများအပေါ် မေတ္တာထားရမယ်။ ဥပေက္ခာ- အကောင်းအဆိုး ထိုနှစ်မျိုးကို  မျှတစွာရှုရမယ်။    ဘုရားဖြစ်ဖို့ဆိုတာဘုရားဖြစ်ဖို့အတွက် အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်၊ ပညာဓိက ဘုရားအလောင်းများ ဖြည့်ကျင့်ကြတယ်။ အလယ်အလတ် ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်၊ သဒ္ဓါဓိကဘုရားအလောင်းများ ဖြည့်ကျင့်ကြတယ်။အများဆုံး တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်။ ဝီရိယာဓိက ဘုရားအလောင်းများ ဖြည့်ကျင့်ကြတယ်။ ပညာ သဒ္ဓါ ဝီရိယ အားသာမှုအပေါ်မူတည်ပြီး အနည်းအများ ကွဲပြားသွားကြတယ်။ အသင်္ချေတစ်ခုဟာ ကုဋေပေါင်းကုဋေရှိတယ်၊ တစ်ဂဏန်းနောက်မှာ သုညအလုံးပေါင်း ၁၄၀ ရေးရတယ်။    အောင်မြင်ဖို့ဆိုတာကိစ္စရပ်တစ်ခု အောင်မြင်ဖို့ဆိုတာ ခေတ်စကားနဲ့ပြောတော့ မဟာဗျူဟာ နည်းဗျူဟာ ချမှတ်မှုတွေ ကောင်းမွန်ဖို့ လိုပါလိမ့်မယ်။ ဘာသာရေးရှုထောင့်ကပြောတော့ ကံ ဉာဏ် ဝီရိယ သုံးပါးလုံး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဓိကကတော့ ဝီရိယကောင်းဖို့၊  ဇွဲကောင်းဖို့ပါပဲ။ အောင်မြင်မှုက တောင်းဆိုတာ အကောင်းဆုံး ဉာဏ်ရည် ဉာဏ်သွေးမဟုတ်ဘူး။ အကောင်းဆုံးဇွဲလို့ ဆိုပါတယ်။ ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်ဆိုတာ တကယ်တော့ ဇွဲကောင်းလို့ ဖြစ်တာပါ။အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတွေက ကံကို ဖြေဆေးလောက်ပဲ အသုံးပြုကြပါတယ်။ အဓိက က ဝီရိယကိုသာ မဏ္ဍိုင်ပြုကြတာပါ။ ဝီရိယ ၉၉ ကျပ်သားထဲကို ဉာဏ်တစ်ကျပ်သား ရောထည့်မွှေလိုက်ရင် အောင်မြင်မှု အထွတ်အထိပ်ကို ရောက်နိုင်ပါသတဲ့။ဒါကြောင့် အောင်မြင်မှုဆိုတဲ့အထဲမှာ ချွေး ၉၉ ကျပ်သား ပါတယ်လို့ ပြောကြတာပါ။ မဃဒေဝကတော့ ဇမ္ဗူဒိပ်မှာ ဘုန်းရှင်ကံရှင်ဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ အဓိပ္ပာယ်က ကြိုးစားဖို့အဓိကလို့ ဆိုလိုတာပါ။ ကြိုးစားလို့၊ အားထုတ်လို့၊ ဇွဲကောင်းလို့ အောင်မြင်မှုအထွတ်အထိပ် ရောက်ကြတာပါ။ကြိုးစားအားထုတ်မှုကို ဘာဝနာလို့ ခေါ်ပါတယ်။ အဲဒီဘာဝနာက ငါးမျိုးရှိတယ်။(၁) သက္ကစ္စဘာဝနာ- ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်၊ ကောင်းကောင်းမွန်မွန်ဖြစ်အောင် အကောင်းဆုံး စိတ်စေတနာနဲ့ အကောင်းဆုံးအရည်အသွေးကို ထုတ်အသုံးပြုပြီး ယုံယုံကြည်ကြည်၊ ရိုရိုသေသေ လေးလေးစားစား၊ စူးစူးစိုက်စိုက်၊ အလေးအနက်ထား လုပ်ဆောင်ရပါတယ်။ ပေါ့တိပေါ့ဆ၊ လျော့တိလျော့ရဲ ဆိုတာမျိုး လုပ်လို့မရပါဘူး။  ပဋ္ဌာန်းဒေသနာအရဆိုရင် အာရမ္မဏာဓိပတိတပ်ပြီးတော့ လုပ်ရပါမယ်။(၂) စိရကာလဘာဝနာ- အချိန်များစွာပေး၊ အချိန်အကြာကြီးပေးပြီး ဇွဲရှိရှိ၊ ဇွဲ ကောင်းကောင်းနဲ့ လုပ်ဆောင်ရပါတယ်။ လမ်းဆုံးမရောက် လက်မမြှောက်ဘူးဆိုတဲ့ သန္နိဋ္ဌာန်မျိုးနဲ့ လုပ်ရပါတယ်။  ပဋ္ဌာန်းဒေသနာအရဆိုရင် ဝီရိယာဓိပတိတပ်ပြီးတော့ လုပ်ရပါတယ်။(၃) နိရန္တရဘာဝနာ- အကြားအလပ်မရှိ၊ ပြတ်တောက်မှုမရှိ၊ ပျက်ကွက်မှုမရှိ၊ နားနား နေနေဆိုတာ မရှိ၊ အိပ်ကောင်း စားကောင်း သဘောမျိုးမဟုတ်ဘဲ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊  အိပ်လည်း ဒီစိတ် သဘောမျိုးထား အရှိန်ကောင်းကောင်းနဲ့ တစ်ဆက်တည်း စပ်နေအောင် လုပ်ဆောင်ရပါတယ်။ ပဋ္ဌာန်းဒေသနာအရဆိုရင် အနန္တရာဓိပတိတပ် လုပ်ဆောင်ရပါတယ်။(၄) နိရဝသေသဘာဝနာ- အကြွင်းအကျန်မရှိ၊ အလစ်အဟာမရှိအောင်၊ ထောင့်စေ့အောင် စေ့စေ့စပ်စပ် သေသေချာချာ လုပ်ဆောင်ရပါတယ်။ ပဋ္ဌာန်းဒေသနာအရဆိုရင် ဝီမံသာဓိပတိတပ် လုပ်ဆောင်ရပါတယ်။(၅) အဘိရတိဘာဝနာ- သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်း မသိဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေတာ မဟုတ်ဘဲ၊ သွားရင်းဟန်လွဲဆိုတာမျိုး မဟုတ်ဘဲ၊ အလုပ်မရှိလို့ လုပ်တာမျိုးမဟုတ်ဘဲ တကယ့် စိတ်ရင်းစေတနာ ဝါသနာဆန္ဒအရ လုပ်တာမျိုးဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စွာ ပျော်ပျော်ရွှင်ရွှင် နှစ်မြှုပ်ပြီး လုပ်ကိုင်ရပါတယ်။ ပဋ္ဌာန်းဒေသနာအရဆိုရင် စိတ္တာဓိပတိတပ် လုပ်ဆောင်ရပါတယ်။ဒါဟာ ဘုရားအလောင်းတော်များ ပါရမီဖြည့်ကျင့်ရာမှာ အသုံးပြုခဲ့တဲ့ ဘာဝနာ ငါးပါးပါ။ မိမိတို့လောကီသားတွေ အနေနဲ့လည်း ဥစ္စာရှာရာမှာပဲဖြစ်စေ၊ ပညာရှာရာမှာပဲ ဖြစ်စေ၊ အခြားလူမှုရေး၊ နိုင်ငံရေးစတဲ့ လောကီအလုပ်တွေကို လုပ်ဆောင်ကြရာမှာပဲဖြစ်စေ တာဝန်ဝတ္တရား အသီးသီးတို့ကို ဆောင်ရွက်ကြရာ၌ ဒီဘာဝနာငါးပါးနဲ့အညီ လုပ်ကြမယ်ဆိုရင် အောင်မြင်မှုဆိုတာ တစ်နေ့နေ့ ကိုယ့်ဆီရောက်လာမှာပါ။တကယ်ဖြစ်ချင် တကယ်လုပ်ဆိုတာ ဒီဘာဝနာငါးပါးနဲ့အညီ လုပ်ရမှာပါ။ အောင် မြင်မှုက  တောင်းဆိုတာက ဇွဲပါ။ ဘုရားဆိုတာ ဇွဲကောင်းလို့ ဖြစ်တာပါ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ ရှစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း၊ တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းဆိုတဲ့ ကာလပမာဏကို စဉ်းစားကြည့်ပါ၊ မတွေးရဲပါဘူး။ သာမန်ဇွဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘုရားအလောင်းရဲ့ စိတ်ဓာတ်၊ ဘုရားအလောင်းရဲ့သတ္တိ၊ ဘုရားအလောင်းရဲ့ဇွဲမို့ ဖြစ်တာပါ။ ဒါကြောင့် တောင်မြို့ဆရာတော်က “ဘုန်းကြီးကလေ ဘုန်းကြီးတို့ဘုရားကို ဘုရားဖြစ်မှ ကြည်ညို တာ မဟုတ်ဘူး၊ ဘုရားအလောင်းတော်ဘဝကတည်းကိုက ကြည်ညိုတာ”လို့ မိန့်ခဲ့တာ ဖြစ်မှာပါ။ဒီတော့ မိမိတို့ အလုပ်တစ်ခုခုကို လုပ်ကြရာမှာ ပထမလိုအပ်တာက သမ္မာဒိဋ္ဌိ- အမြင်မှန်ဖို့၊ အယူအဆမှန်ဖို့၊ အတွေးအခေါ်မှန်ဖို့ ထို့အပြင် စိတ်စေတနာမှန်ကန်ဖို့ပါပဲ။ အဲဒီနောက်မှာ သမ္မာကမ္မန္တ- လုပ်ပုံ ကိုင်ပုံလုပ်နည်းလုပ်ဟန် မှန်ရမယ်။ သမ္မာဝါယမ- ဝီရိယကို စိုက်ထုတ် အသုံးပြုပုံမှန်ရမယ်။ အဲဒီ နောက်မှာတော့ ဇွဲကောင်းဖို့ပါပဲ။ ဇွဲကောင်းကောင်းနဲ့ ကြိုးစားရင် ဘုရားတောင်မှ ဖြစ်နိုင်ပါတယ်။      ။

Most Read

Most Recent