ဝုန်းနေတဲ့လက်ထိတ်-လန်းနေတဲ့သံဆူးကြိုး

ဝုန်းနေတဲ့လက်ထိတ်-လန်းနေတဲ့သံဆူးကြိုး
Published 11 July 2015
စောဝေ

နှစ်သစ်ခေတ်ဦး မင်္ဂလာမြူးလို့ ခြောက်ပွင့်ဆိုင်မြိုင်သတဲ့လားဆိုတဲ့ စာသားက ရင်ထဲက အလိုလိုတိုးထွက်လာခဲ့သည်။ မိုးနှင့် ပိတောက်သည် ရန်ကုန်တွင် သင်္ကြန်ကို စောစီးစွာ ကြိုဆိုခဲ့သဖြင့် သင်္ကြန်မှာ ငုပန်းများသာ ဝေဆာခဲ့။ ရေးစရာတွေများ ရေးခဲ့ရမှာတွေ များသဖြင့် ၂၀၁၀ နောက်ပိုင်းရက်များဟာ စာရေးခြင်းဖြင့်သာ ကုန်လွန်ခဲ့။ လူများရဲ့သိမြင်ပိုင်ခွင့်တွေကို တန်ဖိုးထားရေးသားဖို့အချိန်လည်း ရောက်ခဲ့ပြီ။ လွတ်လပ်စွာ ပြောဆိုရေးသားဖန်တီးထုတ်ဖော်ခွင့်ကို မြှင့်တင်ဖို့ရာလည်း ကိုယ်၌ တာဝန်ရှိသည်ဟု ထောင် က ထွက်ကတည်းက ခံယူလိုက်ဖြစ်သည်။
 
အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ အများပြည်သူတို့ရဲ့ ဒီနေ့ဖြစ်ပျက်နေမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိတိပပ မဟုတ်တောင် ထိထိရှရှတော့ဖြင့် ရေးချင်နေမိသည်မှာ ၂၀၁၅ ဝင်လာကတည်းက။ မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ ဒီမိုကရေစီပညာရေး တောင်းဆိုချီတက်လာသော လက်ပံတန်းကျောင်းသားသပိတ်၏ ကျောင်းသားအကြမ်းမဖက်ရေး၊ ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျောင်းသားများအား အားပေးဝန်းရံလိုသဖြင့် ညနေ  ၃ နာရီစွန်းစွန်းတွင် ရောက်ရှိသွားခဲ့သည်။ 
မရှေးမနှောင်းမှာပင် ကာတွန်းဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ သတင်းထောက်၊ အယ်ဒီတာ ကျား မအစုံတို့လည်း ရောက်ရှိလာခဲ့ကြသည်။
 
အနီးကပ်လှုပ်ရှားဖြစ်နေတာကတော့ မိုးမခမဂ္ဂဇင်း သတင်းထောက် ရန်နောင်နဲ့ ဟန်သစ်နိုင်တို့ပါပဲ။ အိပ်ပူးက မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသိန်းနဲ့ ကဗျာဆရာလေး အေမွန်တို့လည်း ကျောင်းသားလေးတွေနဲ့ အတူ ဝန်းရံ၊ နန္ဒစစ်အောင်ကလည်း အလံများ၊ တိုင်များကို ချည်နှောင်နေတာကို ဝိုင်းကူ။ ကိုယ်၌လည်း ကျောင်းသားများကို ဝန်းရံကြဆိုတဲ့ စတစ်ကာလေးတွေ ရင်ဘတ်တွေ မှာ ကပ်ပေး။ စာရေးဆရာ မောင်လှမျိုး ချင်းချောင်းခြံက လာနှုတ်ဆက်လို့ သူ့ရင်ဘတ်မှာပါ စတစ်ကာလေး ကပ်ပေးဖြစ်ခဲ့။ ဒီအချိန်အထိတော့ မတ်လနေပူပူမှာ သာသာယာယာပဲလို့ ပြောနိုင်ခဲ့ပါသည်။
 
ဘားလမ်းဘက်ခြမ်းကနေ သတိပေး အော်လန်နဲ့ အော်နေတဲ့ အုပ်ချုပ်ရေးမှူးကား ဟာ ကျောင်းသားလေးများရှိရာ ဆူးလေဘုရားလမ်းကို မောင်းလာပါတယ်။ လမ်းပြောင်းပြန်ပါ။ သူ့ကားရဲ့နောက်မှာတော့ မြို့တော်ခန်းမမှ ထွက်လာတဲ့ လက်ပတ်နီဝတ် လူမိုက် လူရမ်းကားများပါပဲ။ ကျောင်းသားတွေနဲ့ မျက်နှာချင်းဆိုင်မှာ နှစ်ယောက်ထပ် နှစ်တန်းနေရာယူလိုက်ပါတယ်။ သူတို့ နောက်မှာ ရဲတွေပါ။ သုံးတန်းလောက် ရှိပါမယ်။ ဘေးဘယ်ညာမှာ ရဲတပ်ရင်းကားတွေ ထပ်ရောက်လာပြီး ဒိုင်းများနဲ့ ကျောချင်းကပ်ပြီး ၁၀ ယောက်တန်း အတန်းလိုက် သပိတ်အဖွဲ့ကို ဝိုင်းပါတယ်။ သပိတ်ကျောင်းသား အဖွဲ့ရဲ့ နောက်မှာတော့ လွတ်လပ်ရေးပန်းခြံကို သံဆူးကြိုးများနဲ့ ကာရံထားပါတယ်။ ပလက်ဖောင်းပေါ်မှာသာ ကျောင်းသားတွေ လှုပ်ရှားလို့ရပါတော့တယ်။ ကြည့်တဲ့ပရိသတ်ရော သတင်းသမားတွေပါ ပေါင်းရင်တော့ သုံးလေးငါးရာ ရှိမလားဘဲ။ ကျောင်းသားခေါင်းဆောင် မိန့်ခွန်းပြောပါတယ်။ သူတို့ပါလာတဲ့ အော်လံလေးနဲ့ပါ။ ကြေညာချက်တွေ အကုန်ထုတ်ပြီးရင် သိမ်းမယ်။ ပြန်ကြမယ်ဆိုတာလည်း ပါပါတယ်။ ပြောနေတုန်း ၁၀ မိနစ် ၁၅ မိနစ်ရောက်ရင်ပဲ လက်ပတ်နီ စွမ်းအားရှင်တွေ ဆွဲလား ယမ်းလား ထိုးလား လုပ်ပါတယ်။ လူအုပ်ထဲကို ရဲတွေက ကျောချင်းကပ် ၁၀ ယောက်အတန်းလိုက် ထိုးခွဲတော့ လူတွေ ပြန့်ကျဲကွဲကုန်ပါတယ်။ တချို့လည်း လဲပေါ့။
 
ကျွန်တော့်ရှေ့မှာ လဲနေတဲ့ ကျောင်းသူလေးကို ထူပေးတွဲခေါ်ပြီး ကားတွေနား ပို့ပေးပြီး ပြန်လာတော့ လက်ပတ်နီတွေတင် မဟုတ်ပါဘူး။ ရဲတွေကပါ နံပါတ်တုတ်တွေနဲ့ ရိုက်ပါတယ်။ လက်ပတ်နီတွေက ဝါး၊ တုတ်တွေ၊ လက်သီးတွေနဲ့ ထိုးပါတယ်။ ဒါနဲ့ ကျွန်တော် အော်ပါတယ်။ ပြန်မထိုးနဲ့၊ ပြန်မဆဲကြပါနဲ့ မီဒီယာတွေ ရှိတယ်။ မီဒီယာတွေ မှတ်တမ်းတင်လိမ့်မယ်။ ပြန်မလုပ်ကြနဲ့ အသေခံလိုက်လို့။ ဘယ်သူမှ ပြန်မလုပ်ကြပါဘူး။ ဆွဲလိုက် ရိုက်လိုက် ရဲရော လက်ပတ်နီဝတ်တွေပါ မြိုင် မြိုင်ဆိုင်ဆိုင် အမိန့်အရ လုပ်နေကြပါတယ်။ ရဲမှူးကြီးလုပ်သူဟာ ခါးထောက်ပြီး ပြုံးနေပါ တယ်။ အဲဒီအချိန်မှာပဲ မိုးမခအယ်ဒီတာ ရန်နောင်ကို ရဲလေးငါးယောက်က မာန်အပြည့်  ရက်စက်မှုအပြည့်နဲ့ ရိုက်နေလို့ ကျွန်တော် လှမ်းတားပါတယ်။ မလုပ်ကြပါနဲ့။ အဲဒါ မီဒီယာသမားလို့ အော်ပါတယ်။ 
ရပ်ပါတယ်။ ကျွန်တော်အော်လို့ မဟုတ်ပါ။ ရဲအရာရှိကြီး ရဲ့ ဝီစီသံကြောင့်ပါ။ မနီလာသိန်းနဲ့ ကျောင်းသားလေးတွေကို ကားပေါ်တင်ခေါ်သွားပြီး လက်ပတ်နီတွေရော ရဲတွေပါ စနစ်တကျ သိမ်းသွားကြတာပါပဲ။ ကျွန်တော် ရန်နောင်ကို သွားတွဲပြီး ပလက်ဖောင်းပေါ်မှာ လက်ကိုင်ပဝါနဲ့ ကြပ်ထုပ်ထိုးပေးပါတယ်။ ကျောရော ခေါင်းမှာပါ အညိုအမည်းက ဆယ့်လေးငါးခုတွေ့ပါတယ်။ လူကဝပြီး တောင့်လို့သာပါ။ နို့မဟုတ်ရင် မူးမေ့သွားနိုင်ပါတယ်။ သူ့ကို မှတ်တမ်းဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ပေါ်တင်ပြီး ဆေးခန်းပြဖို့နဲ့ ပြပြီးရင် အမှုဖွင့်ဖို့မှာပြီး လမ်းခွဲပါတယ်။ ဒါ ဦးသိန်းစိန် သမ္မတလက်ထက် မျက်မြင်အတွေ့အကြုံတစ်ခုပါ။
 
မတ်လ ၁၀ ရက်ကျတော့ လက်ပံတန်းမှာ ဒီထက်ဆိုးရွား ရက်စက်ကောက်ကျစ်သော ဖြိုခွဲမှုများနှင့် ထပ်တွေ့ရပါတယ်။ ဒါကတော့  ဖေ့စ်ဘွတ်ကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ သတင်းသမားကြောင့် တွေ့နေရပါတယ်။ ပထမဆုံးရုံးထုတ်တော့ ကျွန်တော်သူငယ်ချင်းများနဲ့ စုပေါင်းပြီး အလှူငွေနဲ့ စာအုပ်များပေးဖို့ လက်ပံတန်းတရားရုံးနဲ့ သာယာဝတီထောင်ကို ရန်ကုန်က လိုက်သွားလိုက်ပါ တယ်။ ငွေ ကျပ် ၂၀၀၀၀ စီနဲ့ သုတ၊ ရသ၊ ဘာသာပြန်၊ မဂ္ဂဇင်းအုပ်ရေ တစ်ရာနီးပါးလှူခဲ့ပါတယ်။ ကျောင်းသားတွေနဲ့တွေ့ပြီး ထောင်ထဲမှာနေရသလောက် စာကြည့်တိုက်ဖွင့်ဖို့လည်း စာရေးပြီး ပေးခဲ့နိုင်ပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုပါ။ ကျောင်းသူ မိန်းကလေးတွေ ဝန်းရံတွေအားလုံးကို လက်ထိတ်အတွဲလိုက်ခတ်ပြီး ရုံးထုတ်။ ရဲမေတွေ ရဲ့မျက်နှာကလည်း တကယ့်ရာဇဝတ်သားတွေလို ရိုင်းပျတဲ့အပြုအမူတွေနဲ့ တွေ့ရတာပါပဲ။ ဒီမြင်ကွင်းဟာ ၂၀၁၅ ရက် လက်တွေ့ နောက်ထပ်တစ်ခုပါပဲ။ ပြီးခဲ့တာတွေ ဘာလို့ အသေးစိတ်ရေးပြနေရလဲဆို ပြောခွင့်တင် ပြခွင့်ရတာတစ်ခုကို စာဖတ်သူတွေကို ပြောပြချင်လို့ပါ။
 
၂၀၁၅ ခုနှစ် မေလ ၂၆ ရက်မှာ ပန်အင်တာနေရှင်နယ်၊ ထောင်ကျစာရေးဆရာများကော်မတီက (Writers In Prison Committee) ပန်မြန်မာကို ညီလာခံတက်ဖို့ တစ်ယောက်ဖိတ်ပါတယ်။ ပန်မြန်မာက နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ ကျွန်တော့်ကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆန္ဒပြုပြီး ရွေးပါတယ်။ ကျွန်တော် သွားတက်ရပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာပါ။ ပန်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄၀ ကျော်ရှိပေမယ့် ၈၅ နိုင်ငံ ရွေးဖိတ်တာပါ။ ညီလာခံက မေ ၃၀ ရက်အထိ ငါးရက်လုပ်ကြမှာပါ။
 
ဒီမှာ အရေးအကြီးဆုံးအကြောင်းအရာက ဥရောပတစ်တိုက်လုံး ခေါင်းကိုက်သွားစေတဲ့ ပြင်သစ်က ချာလီဟတ်ဒိုမဂ္ဂဇင်း အကြမ်းဖက်ခံရမှုပါ။ ဟိုးအရင်ကတော့ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်ကို အကြမ်းဖက် ဟန့်တားနှောင့်ယှက်သူတွေဟာ စစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ တစ်ပါတီအစိုးရ၊ လက်နက်ကိုင် သူပုန်တွေလောက်ပဲ ရှိခဲ့လို့ ရှင်းခဲ့၊ ထောက်ပံ့ခဲ့ရတာ။ အခုက အေရှူးအသစ်။ ဘာသာရေးအစွန်းရောက်တွေ ရဲ့ ရက်စက်မှုကို ဒီကော်မတီက ဘယ်လိုတုံ့ ပြန်မလဲ။ ကာကွယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်က အကြီးကြီးဖြစ်လို့နေပါတယ်။ တစ်နိုင်ငံချင်းစီပြောကြတော့ ဂါနာပန်၊ အီသီယိုးပီးယားပန်၊ ယူကရိန်းပန်၊ မြန်မာပန်။ မြန်မာပန် အလှည့်ရောက်တော့ “ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်ကို အစိုးရနဲ့အတူ ဘာသာရေးဗန်းပြ သံဃာတချို့က ဟောပြောပွဲတွေတောင် ပိတ်ပင်တာ၊ တားဆီးတာတွေ လုပ်တာခံနေရပါပြီ” ဆိုတာ ထည့်ပြောခဲ့တယ်။ ပြီးတော့ ဖဆပလ အစိုးရခတ်ကနေ ဒီနေ့ ဦးသိန်းစိန်ရဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ ခေတ်အထိ ထောင်ချခဲ့တဲ့ စာပေအနုပညာရှင် ၁၂၅ ဦးစာရင်းနဲ့ ထောင်ထဲမှာ သေခဲ့တဲ့ စာရင်းတွေကို ပြုစုထားတာ ချပြခဲ့တယ်။ အဲဒီတော့ ဦးသိန်းစိန် လက်ထက်မှာ ထောင်ချခံခဲ့ရတဲ့ စာရင်းတောင်းတော့ နာမည်နဲ့တကွ ၁၈ ဦးပေးပြီး  ယခုလက်ရှိ ဂျာနယ်သတင်းစာတွေကို အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားမှုကို လျစ်လျူရှုပြီး တရားစွဲနေတုန်းပဲ။ အမှုရင်ဆိုင်နေရတုန်းပါပဲဆိုတာ ပြောပြတော့ ပန်အင်တာနေရှင်နယ်က ဒါဆို စစ်အစိုးရအတိုင်းပဲ ဘာမှမထူးဘူးပေါ့တဲ့။ သူတို့ အခုမှ တိတိကျကျ သိခွင့်ရသွားကြရတယ်။ အဲဒီတော့ မင်းတို့ ထောင်ကျနေတဲ့ အကျဉ်းကျစာရေးဆရာတွေ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေအတွက် ဘာတွေလုပ်ကြသလဲလို့ ထပ်မေးပါတယ်။ “ငါတို့ပန်အနေနဲ့တော့ ကြေညာချက်တွေ ကန့်ကွက်မှုတွေ လုပ်တယ်။ ပြီးတော့ သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီး၊ သမ္မတဆီ တိုက်ရိုက်စာရေးပြီး ကန့်ကွက်တယ်။ အမြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ငွေအနည်းငယ်စီနဲ့ ထောင်ထဲမှာ စာကြည့်တိုက်ဖွင့်နိုင်အောင် စာအုပ်တွေ ပို့ပေးတယ်” ဆိုတော့ ပန်အင်တာနေရှင်နယ်က ပန်မြန်မာပြောတဲ့ ထောင်ထဲမှာ စာကြည့်တိုက်ဖွင့်နိုင်အောင် ကူညီရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ကျပါတယ်။ အောင်မြင်မှု သေးသေးလေးတစ်ခုပေါ့။
 
ညီလာခံ လေးရက်မြောက်ကျတော့ အားလုံးဘုတ်ပေးပြီး ရွေးချယ်လို့ စကားပြောခွင့် (မိန့်ခွန်းပြောခွင့်) ရပါတယ်။ မြန်မာလို အရင်ရေးပြီး အင်္ဂလိပ်လို ပြန်ရေးလို့ အင်္ဂလိပ်လို ဖတ်ပြခဲ့။ မေးခွန်းသုံးခုကိုတော့ ထောင်တွင်း ရက်စက်ခံရမှုကို ပါဖောမန့်နဲ့ သရုပ်ဖော်ပြခဲ့တယ်။ နောက်နေ့နံနက် နောက်ဆုံးနေ့မှာကျတော့ ဥရောပပန်များက ကျွန်တော် နဲ့ နံနက်စာ ကော်ဖီအတူသောက်ပါရစေလို့ ဆိုလာပါတယ်။ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ မနေ့က ကျွန်တော်ပြောတဲ့ မိန့်ခွန်းထဲမှာ သူတို့ အစာမကြေတဲ့ အချို့အပိုဒ်တွေ ပါနေတယ်ဆိုတာ ညကတည်းက သတင်းရပြီးသားပါ။ ညစာ ဒင်နာစားတော့ ဆွီဒင်ပန်လေးက ကျွန်တော့်ကို ပြောထားလို့ပါ။ မြန်မာလိုပဲ ပြန်ရေးပြပါရစေ။
 
“အတင်းအဓမ္မ မဲတွေရအောင်ယူပြီး ဗိုလ်ချုပ်ကြီးတွေ၊ ယူနီဖောင်းချွတ် အစိုးရ လုပ်ပါတယ်။ အရပ်သားအစိုးရလို့ ကမ္ဘာကို ကြေညာပါတယ်။ ကမ္ဘာကြီးကို ဒီနေရာက ပြောပါမယ်။ အရပ်သားအစိုးရ မဟုတ်ပါဘူး။ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အစိုးရတွေက အယုံမလွယ်ဘူးလို့ ထင်ပါတယ်။ ဟုတ်ရဲ့လား”ဆိုတဲ့ စကားပါပဲ။
 
ကော်ဖီစားပွဲမှာ ထိုင်မိတော့ ဥရောပခုနစ်ဦးပါ။ သူတို့ဟာ ပန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဖြစ်သလို သူတို့နိုင်ငံက ကျော်ကြားတဲ့ စာရေးဆရာ၊ ကာတွန်းဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာတွေလည်း ဖြစ်ကြပါတယ်။ အခုကျတော့ နိုင်ငံ့ကိုယ်စားပြုပေါ့။ နယ်သာလန်ပန်ဥက္ကဋ္ဌက ပြောပါတယ်။
 
“မင်းတို့နိုင်ငံက ဒီမိုကရေစီအကူးအပြောင်းက ညင်သာနေတယ်လို့ မင်းမထင်ဘူးလား။ အပြောင်းအလဲဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းရတာ။ အခြားနိုင်ငံတွေဆို လူတွေ သိန်းသန်းချီသေပြီးမှ ပြောင်းကြရတာ”တဲ့။ ကျွန်တော်က ဒါ မင်းတစ်ယောက်တည်းရဲ့ အမြင်လား၊ အားလုံးရဲ့ အမြင်လား ဆိုတော့ အခြားတစ်ယောက်က “တစ်ထပ်တည်းတော့ မဟုတ်ဘူး။ သဘောတရားက အတူတူပါပဲ”တဲ့။
 
“မင်းတို့ အခုတွေ့နေရတဲ့ ငါက ညံ့ချင်ညံ့ဦးမယ်။ နိုင်ငံထဲမှာ ငါ့ထက်တော်တဲ့ အနုပညာသမား၊ နိုင်ငံရေးသမားတွေ အများကြီးပါ။ အားလုံးက မင်းတို့ပြောသလို ဒီမိုကရေစီဆိုတာ တစ်ဆင့်ပြီးတစ်ဆင့်သွားမှ ညင်သာမယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ငါတို့ အခုရင်ဆိုင်နေရတာက မင်းတို့ကြားအောင် အစိုးရက ပြောနေတာက တခြား၊ ပြည်တွင်းမှာ လုပ်နေတာက တခြား၊ ဒီမှာကြည့်ဆိုပြီး သတင်းစာဂျာနယ်တွေမှာ တရားဝင်ဖော်ပြထားတဲ့ လက်ပံတောင်းတောင် ဒေါ်ခင်ဝင်း၊ ကိုပါကြီး၊ မတ်လ ၅ ရက် ဆူးလေရှေ့၊ မတ် လ ၁၀ ရက် လက်ပံတန်း၊ မြေသိမ်းခံတောင်သူတွေရဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ဖုန်းထဲက ချပြလိုက်တော့ သူတို့ ဝိုင်းကြည့်ပြီး မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကုန်တယ်။
 
ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ သူတို့တီထွင်နေတဲ့ နည်းပညာထုတ်ကုန်တွေကို အမြဲရောင်းချဖြန့်ဖြူးဖို့ဆိုရင် သူတို့နဲ့ ကုန်သွယ်ဖက် ဖွံ့ဖြိုးဆဲနိုင်ငံ လိုအပ်တယ်ဆိုတဲ့အမြင်ကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ကလည်း လိုအပ်တာမှန်ပါတယ်။ အစိုးရလုပ်သူနဲ့ အပေါင်းအပါတွေသာ ချမ်းသာပြီး ပြည်သူလူထုက မွဲပြီးရင်းမွဲ၊ ခံရပြီးရင်း ခံရဆိုရင် ဘာထူးမှာလဲ။ သူတို့ကြည့်ပြီးတော့ ကျွန်တော် ပြောပါတယ်။ “ငါတောင်းပန်ပါရစေ။ မင်းတို့အစိုးရကို ပြောပေးပါ။ အစိုးရချင်း ဆက်ဆံတာထက် ပြည်သူချင်းဆက်ဆံတာ လုပ်ပါ”လို့ဆိုတော့ “ငါတို့ ကြိုးစားပါ့မယ်”တဲ့။
 
ဒါတွေ ကျွန်တော် မပြောချင်ပါဘူး။ Eleven ၁၅ နှစ်ပြည့်ပွဲမှာ ဆရားမျိုးမြင့်ညိမ်း နဲ့ တွေ့တော့ မေးလို့ပြောပြတယ်။ ပန်အစည်းအဝေးမှ ချပြမယ်ဆိုတော့ “ရေးပါ။ ရေးလိုက်ပါ။ ပန်မြန်မာနဲ့တင် ဆိုင်တာမဟုတ်ပါဘူး။ စာပေသမားအားလုံး တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ အားလုံးကို မျှဝေသင့်တယ်ဆိုတာနဲ့ ရေးရတာပါ။ ကိုယ့် ကိုယ်ကိုယ်ဖော် မသူတော်စာရင်းထဲ မပါချင်ပါဘူး။
 
ကျွန်တော် ပန်အင်တာနေရှင်နယ်မှာ ပြောလို့မှ မဆုံးသေး။ အမ်စတာဒမ်က အစည်းအဝေးပြီးလို့ မြန်မာပြည်ရောက်ရင်ပဲ ပြန်ကြားရေးဝန်ကြီးက Eleven မီဒီယာက ၁၇ ဦးကို ထပ်တရားစွဲပြန်တယ်။ ကဲ ဘယ်မှာလဲ ဒီမိုကရေစီမဏ္ဍိုင်က အဓိကမောင်းနှင်အားဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ကို မြှင့်တင်တာ။ မမြှင့်တင်ဘဲ ထောင်ချဖို့သာ အားထုတ်နေသလိုပဲ။ ဥရောပနိုင်ငံမှာ တွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲ သုံးခုမှာ ဆန္ဒပြသူတွေကို ရဲလုံခြုံရေးတွေက ပြုံးရွှင်စွာ စောင့်ရှောက်ပေးတာပါ။ ဒီမှာတော့ ဆန္ဒပြတယ်ဆိုတာနဲ့ လုံခြုံရေးက တင်းမာခက်ထန်ပြီး လူမိုက်တွေလို ဆက်ဆံတာခံရတာပါပဲ။
 
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို ထူထောင်နေပါတယ်ဆိုပြီး ဂွမ်တီးဂွမ်တီးက ဥပဒေအဟောင်အမြင်းတွေနဲ့ ထောင်ချဖို့ ကြိုးစား၊ ပြီးတော့ လုံးလုံးမသင်္ကာစရာက ကြိုပြီး အိမ်ထောင်စုစာရင်းတွေကောက်ပြီး ရာခိုင်နှုန်း ၈၀ မဲစာရင်းတွေ မှားနေတာပါ။ ကျွန်တော့်အိမ် မိသားစု ငါးယောက်မှာ ကျွန်တော် အပါအဝင် လေးယောက် မှားနေတာပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံကို ဝုန်းနေတဲ့ လက်ထိတ်၊ လန်းနေတဲ့ သံဆူးကြိုးနဲ့ တစ်မတ်သားများက ဦးဆောင်ပြီး တည်ထောင်နေတယ်လို့ ဆိုပါရစေ။

Most Read

Most Recent