စတော့အိတ်ချိန်းဈေးကွက်အကြို စံနမူနာပြလိမ်လည်မှု

စတော့အိတ်ချိန်းဈေးကွက်အကြို စံနမူနာပြလိမ်လည်မှု
Published 10 July 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

လူတစ်ဦးချင်းရဲ့အကြီးမားဆုံးရန်သူ က လောဘ (Greed) ၊ ဒေါသ (Anger) နဲ့ မောဟ (Ingorance) တွေဖြစ်ပါတယ်။ လောဘအရင်းခံကြောင့် ဘာကိုမျှမမြင်နိုင်တော့ဘဲ အဝိဇ္ဇာဖုံးလွှမ်းပြီး မလုပ်သင့်တာတွေ လုပ်ဆောင်လာကြတယ်။ ငွေကြေးက လူတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပါတယ်။ အတိတ်ကာလမှာ စည်းကမ်းသတ်မှတ်ချက်တွေ ဥပဒေအရ ငွေကြေးဈေးကွက်နဲ့ပတ်သက်ရင် ဗဟိုဘဏ်ခွင့်ပြုချက်ရရှိပါမှ လုပ်ဆောင်နိုင်ကြပေမယ့် အာဏာရှိသူနဲ့ ပေါင်းပြီး ငွေကြေးဝန်ဆောင်စီးပွားရေးလုပ်ငန်းဆိုတာတွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ မြန်မာကျုံယွမ် က အထွေထွေမန်နေဂျာကိုယ်တိုင် စာရေးသူထံမှာ သင်တန်းလာရောက်တက်ရာမှာ စကားစပ်ရင်းနဲ့ ဘာလုပ်ငန်းလုပ်ပါသလဲလို့ မေးလိုက်တော့ တစ်လကို ခုနစ်ရာခိုင်နှုန်းနဲ့ တစ်နှစ်ကို ၈၄ ရာခိုင်နှုန်း အတိုးပေးမယ့် မြန်မာကျုံယွမ်ငွေကြေးဝန်ဆောင်မှုဆိုတာ သိလိုက်ရတယ်။ စာရေးသူက ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ လုပ်ခွင့်မရှိကြောင်း ပြောပေမယ့် သူ့ဘော့စ်က ချိတ်ဆက်နဲ့လုပ်တယ်ဆိုတာ သိလိုက်ရတယ်။ 
စဉ်းစားကြည့်လေ၊ နိုင်ငံတော်ကသော်မှ တစ်နှစ်ကို အတိုး ၁၀ ရာခိုင်နှုန်းပဲပေးတာ သူတို့က တစ်နှစ်ကို ၈၄ ရာခိုင်နှုန်းပေးမယ်ဆိုတော့ လောဘတက်သူတွေက အဲဒီမြန်မာကျုံယွမ်မှာ ငွေတွေ ထည့်လိုက်ကြတာ နောက်တော့ဆုံးကြတာပါပဲ။
 
စာရေးသူက ဆောင်းပါးတွေ ရေးပေးပေမယ့် ဖတ်မိသူတွေကတော့ ငွေကြေးဆုံးရှုံးမှုကနေ လွတ်သွားကြပေမယ့် အတော်များများက ငွေကြေးတွေဆုံးရှုံးသွားကြတယ်။ အခုမကြာမီလာတေ့ာမယ့် စတော့အိတ်ချိန်း ဈေးကွက်မဖွင့်ရသေးဘူး လိမ်သူကပေါ်သွားပြီ။ စာရေးသူရဲ့သင်တန်းသားတစ်ဦးယူလာပေးလို့  
Global Growth ရဲ့အကောင်းစား Pamphlet တစ်ခုရလိုက်တယ်။ စာရေးသူ က တယ်လီဖုန်းနဲ့ဆက်ပြီး အကျိုးအကြောင်းမေးတော့ ဝန်ထမ်းတွေက သေချာဂနသိကြပုံမပေါ်ဘူး။ အခုအလိမ်ခံရတဲ့အထဲမှာ ဝန်ထမ်းတွေသော်မှ ပါသွားတယ်ဆိုတာသိရတယ်။ လူပေါင်း ၃၀၀၀ ကျော်ရဲ့ ကျပ်သိန်းပေါင်း ၁၆၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၄ သန်း) အလိမ်ခံလိုက်ရတယ်လို့ သိရတယ်။
 
အခုကုမ္ပဏီက ဟောင်ကောင်အခြေစိုက် Standard Bullion  ရုံးခွဲပုံနဲ့ နိုင်ငံတကာ ရွှေဈေးနဲ့ အဓိကငွေကြေးတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးအတက်အကျကို အစားပေးပြီး တစ်လကို အကျိုးခံစားခွင့်  ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်း ပေးခဲ့တယ်။ 
ဒါက မြန်မာကျုံယွမ်ပုံစံမျိုးဖြစ်တယ်။ မက်လုံးပေးလိမ်လည်တာ ဖြစ်တယ်။ တစ်လကို ၃ ရာခိုင်နှုန်းဆိုရင်သော်မှ တစ်နှစ်ကို ၃၆ ရာ ခိုင်နှုန်းဖြစ်တယ်။ ၅ ရာခိုင်နှုန်းဆိုရင်တော့ ၆၀ ရာခိုင်နှုန်းဖြစ်တယ်။ စာရေးသူ အမြဲရေးပေးနေတဲ့ ငါးစာကိုမြင်ကြပြီး ငါးစာအတွင်းက ငါးမျှားချိတ်ကို မမြင်လို့ ခံကြရတာဖြစ်တယ်။ မြန်မာနိုင်ငံ အများပိုင်ကုမ္ပဏီတစ်ခုကလည်း အလာတူမက်လုံးပေးကြော်ညာတစ်ခု ဖတ်လိုက်ရတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ အထိ အကျိုးအမြတ် ၆၀ ရာခိုင်နှုန်းခွဲပေးမယ်။ ၂၀၁၇ ကျော်ရင် ၅၀ ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ပေါ့။ ဘာလုပ်ငန်းလုပ်မယ်ဆိုတာ မပါ၊ ဘယ်သူတွေက ဒီအများပိုင်ကုမ္ပဏီကို ဦးဆောင်လုပ်စေတာလဲ မပါဘူး။ စာရေးသူက ငွေကြေးဈေးကွက်မှာ ပါဝင်ကြမယ့်သူတွေကို အမှားမရှိစေဖို့ ဆောင်းပါးတွေမှာ ဟောပြောပွဲတွေမှာ အမြဲထည့်ပြီးပြောပေးတဲ့ ဥပမာတစ်ခုရှိပါတယ်။ အဲဒါက အမျိုးသမီးက မိမိကိုရည်စား စကားလာပြောသူကို မိမိက အဖြေပြန်မပေးခင်မှာ အဲဒီလူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သေချာဂနရအောင် စုဆောင်းရမယ်၊ မိမိကိုချစ်ရေးဆိုသူရဲ့ မိသားစုအခြေအနေ၊ ပညာရေး၊ စီးပွားရေး၊ စိတ်သဘေားထားအပါအဝင် ပြည့်ပြည့်စုံစုံအချက်အလက်တွေရအောင် ယူတတ်ရမယ်။ အလားတူ အမျိုးသားဘက်ကလည်း မိမိအိမ်ထောင်ပြုဖို့ရည်ရွယ်တဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံရအောင်ယူကြရမယ်။ 
ဒါမှ အမှားမဖြစ်စေမှာဖြစ်တယ်။
 
အလားတူ  Securities Exchange Market လို့ခေါ်တဲ့ ငွေကြေးသက်သေခံလက်မှတ်ဈေးကွက်မှာ မိမိက ဘယ်စာရင်းဝင် ကုမ္ပဏီရဲ့စတော့ကို ဝယ်မှာလဲဆိုတာနဲ့ ပတ်သက်ပြီး မိမိဝယ်ယူမယ့် စတော့ရောင်းမယ့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကို ပြည့်ပြည့်စုံစုံ ယူတတ်ဖို့လိုတယ်။ အဲဒီ စာရင်းဝင်ကုမ္ပဏီရဲ့ တစ်နှစ်ပတ်လုံးဝင်ငွေ၊ အစုရှယ်ယာဝင်တွေကို အစုပေါ်အမြတ် ဘယ်လောက်ခွဲဝေပေးနိုင်သလဲ၊ အဲဒီကုမ္ပဏီရဲ့ အရှုံးနဲ့အမြတ်စာရင်း၊ လက်ကျန်ရှင်တမ်းတွေကို သေသေချာချာလေ့လာကြရမှာ ဖြစ်တယ်။ အစကောင်းပါမှ အနှောင်းသေချာမယ်ဆိုတဲ့ စကားအတိုင်း အလုပ်တစ်ခုမစခင်မှာ အဲဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာတွေကို မိမိနိုင်ငံသားတွေသိအောင် အသိပညာပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးကြရမှာဖြစ်တယ်။ အခုလည်း စာရေးသူတို့နိုင်ငံအတွင်းမှာ ဝင်နေတဲ့ ငွေကြေးဈေးကွက်တစ်ခုက  Pomze Scheme လို့လည်းခေါ်တဲ့၊ Pyramid Scheme လို့လည်းခေါ်တဲ့ ၊ Multi-Level Marketing (MLM)  လုပ်ငန်းကလည်း မသိနားမလည်သူတွေကို ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တာမို့ နိုင်ငံတော်ပိုင်းကနေ သေသေချာချာ စိစစ်ဖို့လိုအပ်တယ်။
 
အတိတ်ကာလနှစ်ပေါင်း (၅၀) ကျော်ကာလအတွင်းမှာ လူနည်းစုက သူတို့အကျိုးအတွက် သက်သက်သာကြည့်ပြီး ဥစ္စာဓနတွေ ပိုင်စိုးအောင်လုပ်ခဲ့ကြတာကြောင့် စာရေးသူတို့နိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှု (Rich and Poor Gap)က ကွာဟချက်တွေများ သွားတယ်။ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ ပေါကြွယ်ဝပါလျက် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ၊ ခြအစားဆုံးနိုင်ငံ ဖြစ်လာစေခဲ့တယ်။ မိမိသာအသာစီးရလိုမှု စိတ်ဓာတ်ကိန်းအောင်းနေသမျှ နိုင်ငံတိုးတက်ဖို့နဲ့ မိမိ နိုင်ငံသားတွေဘ၀ အရည်အသွေးမြင့်မားလာစေဖို့က အလှမ်းဝေးနေဦးမှာဖြစ်တယ်။ မိမိနိုင်ငံသားတွေ ဒုက္ခဖြစ်စေတဲ့လုပ်ဆောင်ချက်တွေမှာ မိမိမပါစေနိုင်ဖို့က အရေးကြီး တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လူနည်းစုကနေ အများစုအတွက် အကျိုးပြုနိုင်သူတွေ ဖြစ်ဖို့လိုအပ်တယ်။

Most Read

Most Recent