စုဆောင်းမှုနှင့်ပတ်သက်၍ ဝေဝေဝါးဝါး

စုဆောင်းမှုနှင့်ပတ်သက်၍ ဝေဝေဝါးဝါး
Published 9 June 2024
ရွှေသင် (MPP)

စီးပွားရေးဘာသာရပ်အခြေခံများကို သင်ယူစဉ်အခါက ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လဲလှယ်ခြင်း၊ စားသုံးခြင်း၊ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ကို     စီးပွားရေးလုပ်ဆောင်ချက်များဟုခေါ်ကြောင်း ဖတ်မှတ်ဖူးသည်။ ထိုလုပ်ဆောင်ချက်များသည် စီးပွားရေးအဆောက်အအုံတစ်ခုထဲတွင် ဟန်ချက်ညီညီ လှုပ်ရှားနေကြသည်။ စီးပွားရေးအဆောက်အအုံကြီး ပုံမှန်လည်ပတ်နိုင်ရေးအတွက် မဖြစ်မနေလှုပ်ရှားလည်ပတ်နေကြသည်။ ရပ်တန့်သွား၍မဖြစ်။

ယခု အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း စုဆောင်းမှုအခြေအနေမကောင်း၊ လူတို့ စုဆောင်းနိုင်ရေးအတွက် ခြေကုန်လက်ပန်းကျသွားနေကြပြီ။ စုဆောင်းမှုနိမ့်ကျလာနေပြီဟု ဆိုကြသည်။ အနိမ့်ဆုံးအဆင့်ပင်ရောက်နေပြီဟုထောက်ပြကြ၏။ ထို့ကြောင့်စားသုံးသူများသည် ၎င်းတို့၏စုဆောင်းငွေများမရှိတော့သည့်အခြေအနေ ရောက်ပြီဖြစ်သောကြောင့် စားသုံးမှုအသုံးစရိတ်များထဲမှ ပြန်လည်လျှော့ချ၊ ထုတ်နုတ်ရတော့မည်ဟု မှတ်ချက်များတွေ့ရသည်။   

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အခြေအနေကို အစီရင်ခံထားသောတင်ပြချက်များထဲတွင်  စုဆောင်းမှုနှုန်းသည် ယခုနှစ် ပထမသုံးလပတ်၌  ၃ ဒသမ ၈ ရာခိုင်နှုန်းဟုဖော်ပြထားသဖြင့် အလွန်နိမ့်သောအခြေအနေဖြစ်သည်ဟု သုံးသပ်ကြသည်။ သို့သော်ပြန်လည်စဉ်းစားမိသည့်အချက်မှာ စုဆောင်ခြင်းကို ကောင်းမွန်သော အတိုင်းအတာအဖြစ် သဘောထားပြုမူနေခြင်းသည် နိုင်ငံ၏ အမျိုးသားဝင်ငွေနှင့် ထုတ်ကုန်စာရင်း (National Income and Product Accounts) အပေါ် နားလည်မှုလွဲစေနိုင်သည်ဟု ထောက်ပြကြခြင်းဖြစ်သည်။   

ပထမဆုံးနားလည်ရန်လိုသည်မှာ စုဆောင်းခြင်းကို မည်သို့မည်ပုံတိုင်းတာသနည်းဟူသော အချက်ဖြစ်သည်။ ငွေစုဆောင်ခြင်း၊ စုဆောင်းငွေဆိုသည်မှာ   ငွေစုအကောင့်ထဲသို့ ထည့်ထားသော ငွေကိုဆိုလိုခြင်း၊ တိုင်းတာခြင်းမဟုတ်။ လူတစ်ယောက်ရရှိသည့်ဝင်ငွေထဲမှ အခွန်များပေးဆောင်ခြင်း၊ လူမှုဖူလုံရေးကြေး အပါအဝင် အခြားသော မဖြစ်မနေပေးရမည့် အခကြေးငွေပေးပြီးသည့်အခါ အမှန်တကယ်သုံးစွဲနိုင်သည့်ငွေ (disposable income) ရရှိမည့် ထိုဝင်ငွေထဲမှ စားသုံးမှုအတွက် သုံးစွဲပြီးမှသာ ကြွင်းကျန်ရစ်သော  ငွေကြေးသာသာဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေးဌာနက အမှန်တကယ်သုံးစွဲနိုင်သည့်ဝင်ငွေကို ခန့်မှန်းတွက်ချက်ပြီး  စားသုံးမှုအတွက် နုတ်ယူလိုက်သည်။ ထိုသို့နုတ်ပြီး ကျန်ရှိသည့်ငွေသည် စုဆောင်းငွေဖြစ်သည်ဟုဆိုသည်။  

အခြေအနေအမှန်ကိုရရှိရန် ကြိုးစားလုပ်ဆောင်နေသည်ဟုဆိုလျှင် စုဆောင်းခြင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည်အရေးကြီးသည်ကိစ္စဖြစ်လာသည်။ မကြာသေးမီက သုံးလပတ်အခြေအနေများတွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) စာရင်း၌ ကြီးမား၍အပေါင်းလက္ခဏာပြ “စာရင်းအင်းကိန်းဂဏန်းကွာဟချက် ရှိသည်။ ကိန်းဂဏန်းကွာဟချက်မှာ ကုန်ထွက်ဇယားဘက်အခြမ်းနှင့် ဝင်ငွေဇယားဘက်အခြမ်းတို့ကြား ကွာဟချက်ဖြစ်သည်။ အခြေခံမူအားဖြင့် ဂျီဒီပီတိုင်းတာရာတွင် စားသုံးကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အစိုးရဝယ်ယူမှုများ သို့မဟုတ် အသားတင်ပို့ကုန်များ စသဖြင့် အရာအားလုံး၏တန်ဖိုးကို ပေါင်းထည့်ခြင်းဖြင့်တွက်ချက်ကြသည်။ အခြားနည်းလမ်းအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင်ရရှိသော ဝင်ငွေ၊ လုပ်ခ၊ အမြတ်၊ အတိုးနှင့် ငှားရမ်းခတို့ကို ပေါင်းထည့်ခြင်းဖြင့်လည်း ဂျီဒီပီကို တိုင်းတာနိုင်သည်။

မည်သည့်နည်းဖြင့် တိုင်းတာသည်ဖြစ်စေ တူညီသောကိန်းဂဏန်းကို ရရှိသင့်သည်။ သို့သော် အမေရိကန်ဒေါ်လာ ၂၈ ထရီလီယံတန်ဖိုးရှိ စီးပွားရေးအဆောက်အအုံထဲတွင် နောက်ဆုံးပေါင်းလဒ်သည် မည်သည့်အခါမျှ တိကျသောကိန်းဂဏန်းထွက်မလာပေ။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ပထမဦးဆုံး သုံးလပတ်တွက်ချက်မှုများ၌ ကုန်ထွက်ဇယားဘက်အခြမ်းသည် ဝင်ငွေဇယားဘက်အခြမ်းထက် သိသိသာသာမြင့်မားနေခဲ့သည်။ ကုန်ထွက်တိုင်းတာမှုသည် ဝင်ငွေဇယားဘက်အခြမ်းတိုးတက်မှုထက် ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုမြင့်မားလျက်ရှိသည်။ ထိုအခြေအနေတွင်အားလုံးသည် စုဆောင်းမှုနှုန်းတွက်ချက်မှု နည်းလမ်းများထဲ၌  မည်သည့်နည်းလမ်းသည် အခြေအနေမှန်ကိုထင်ဟပ်စေသည့် ကိန်းဂဏန်းနှင့် နီးစပ်သည်ကို မသိကြ။ သို့သော်ပြဿနာမရှိပေ။ တစ်နည်းမဟုတ်တစ်နည်းဖြင့် တွက်ချက်ရရှိထားသောရလဒ်များအရ စုဆောင်းမှုသည် ဖော်ပြထားသည်ထက် သိသိသာသာနည်းပါးနေသည်မှာသေချာသည်ဟု ထောက်ပြကြသည်။ 

ဝင်ငွေဇယားဘက်အခြမ်းတွင် မှန်ကန်မှုရှိပြီး ကုန်ထွက်ဇယားဘက်အခြမ်းတွင် ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုဖော်ပြထားသည်ဆိုပါစို့။ ထိုဖော်ပြချက် အဓိပ္ပါယ်မှာ ဂျီဒီပီ၏ ကုန်ထွက်စာရင်းပိုင်းတွင် ပိုမိုလွန်ကဲစွာဖော်ပြထားခြင်း၊ စားသုံးမှုအတွက် ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ပိုမိုဖော်ပြထားခြင်းဖြစ်သည်ဟုဆိုသည်။ စားသုံးမှုကို ၂ ဒသမ ၂ ရာခိုင်နှုန်း လွန်ကဲစွာဖော်ပြထားပါက  စုဆောင်းမှုကို  ၂ ဒသမ ၂ ရာခိုင်နှုန်းလျှော့၍ ဖော်ပြထားသည်ဟု အကြမ်းဖျင်းအားဖြင့်ဆိုလိုပေသည်။ ထိုအခြေအနေတွင် အမှန်အကန် စုဆောင်းမှုနှုန်းသည် ၆ ဒသမ ၀ ရာခိုင်နှုန်းနှင့်  နီးစပ်သွားသည်ဟုထောက်ပြသည်။

ထိုအခြေအနေနှင့်ပြောင်းပြန်စဉ်းစား၍ ကုန်ထွက်ဇယားဘက်အခြမ်းသည် အမှန်ကိန်းဂဏန်းရလဒ်နှင့် ပိုမိုနီးစပ်သည်ဟုယူဆပါစို့။ ဝင်ငွေသည် လက်ရှိထုတ်ပြန်ထားသည်ထက် ယေဘုယျ အားဖြင့်  ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုများသည်။ ထိုအခြေအနေတွင် စားသုံးမှုမှာ မပြောင်းလဲသော်လည်း အမှန်တကယ် အသုံးပြုနိုင်သောဝင်ငွေသည် ၂ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုများပြားလာပြီး စုဆောင်းမှုသည်လည်း အကြမ်းဖျင်းအားဖြင့် ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုမြင့်တက်လာပြီး   ၆ ဒသမ ၀ ရာခိုင်နှုန်းနှင့် နီးကပ်လာပြန်သည်။

ဂျီဒီပီအတွက် မှန်ကန်သော  ကိန်းဂဏန်းရလဒ်သည် ကွာခြားနေသောရလဒ်များ၏ ကြားတစ်နေရာတွင် ဖြစ်နိုင်ဖွယ်ရှိသည်။ တိကျမှုနှင့်ပတ်သက်၍    အရေးတကြီးမပြောလို။ ယေဘုယျအားဖြင့် အစီရင်ခံတင်ပြထားသော စုဆောင်းမှုနှုန်းထက် အမှန်တကယ်စုဆောင်းမှုနှုန်းသည် ၂ ဒသမ ၂  ရာခိုင်နှုန်း ပိုမိုများပြားလိမ့်မည်။ ထိုအခြေအနေသည် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားမီ သုံးနှစ်အတွင်းရှိခဲ့သော စုဆောင်းမှုအခြေအနေ ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် တူညီစေသည်ဟုသာဆိုချင်သည်။   

အချုပ်ဆိုရလျှင် စုဆောင်းမှုနှုန်းနိမ့်ကျမှုသည် စံချိန်တင်ထားသည့်အခြေအနေနှင့် နီးကပ်လာနေသည်ဟု တစ်စုံတစ်ယောက်ပြောဆိုလာခဲ့ပါလျှင် ထိုသူသည် နိုင်ငံ့ဝင်ငွေစာရင်းဇယားများကို ကောင်းစွာနားမလည်သေးကြောင်း ပြောပြနေခြင်းသာဖြစ်လိမ့်မည်။ စုဆောင်းမှုအကြောင်းကို အမှန်တကယ်ပြောဆိုနေခြင်း မဟုတ်နိုင်ပေ။   

 

Ref: No, The Savings Rate Is Not Near A Record Low

 

 

 

Most Read

Most Recent