လိုတိုရှင်း စီးပွားရေးသုတ (၈၆)
ကျင့်ဝတ်နှင့် ညီသောရင်းနှီးမြှုပ်နှံခြင်း (Ethical Investing)
ကျင့်ဝတ်နှင့်ညီသော ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ လူမှုရေးအရ တာဝန်ယူစိတ်ရှိသော ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုမျိုးသည် ငွေကြေးအမြတ် အစွန်းရရှိရေးကိုသာမက လူမှုရေးကောင်းကျိုးများ အမြင့်ဆုံးရရှိနိုင်ရန်လည်းရည်ရွယ်သည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်သည်။ နည်းလမ်းအမျိုးမျိုးရှိသည့်အနက် လူမှုကျင့်ဝတ်အရ စိုးရိမ်ရသည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်း ပါဝင်သည်။ ဥပမာ လက်နက်၊ ဆေးရွက်ကြီး၊ ဆေးလိပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကို ရှောင်ရှားခြင်းဖြစ်သည်။
ကျင့်ဝတ်နှင့်ညီသော ရင်းနှီးမြှုပ်နှံမှုများကို အပေါင်းလက္ခဏာဆောင်သော ရင်းနှီးမြှုပ်နှံမှုများဟုလည်း ခေါ်ကြသည်။ လူ့အဖွဲ့အစည်းကို ကောင်းကျိုးဖြစ်ထွန်းစေသောအရာများ ပြုလုပ်သည့် ကုမ္ပဏီများတွင်ရင်းနှီးမြှုပ်နှံမှုများသည် ကျင့်ဝတ်နှင့်ညီသော ရင်းနှီးမြှုပ်နှံမှုများတွင် အကျုံးဝင်သည်။ ဥပမာ အစားထိုးစွမ်းအင်ထုတ်လုပ်ခြင်းနှင့် သဘာဝတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် အဆောက်အအုံများ ဆောက်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
ကျင့်ဝတ်နှင့်ညီသောရင်းနှီးမြှုပ်နှံမှုများ အယူအဆကိုလက်ခံသောသူများက ထိုကဲ့သို့ရင်းနှီးမြှုပ်နှံမှုမျိုးသည် ကာလတိုတွင်သာမက ကာလရှည်တွင်သာ ကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေနိုင်သည်ဟု ထောက်ခံပြောဆိုထားကြသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ကိုယ်ကျင့်တရားအတွက် ဓနဥစ္စာကိုစွန့်လွှတ်ရန်မလိုသည်ကိုလည်း သဘောပေါက်ထားရန်လိုသည်။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးအများစုသည် ကျင့်ဝတ်နှင့် သက်ဆိုင်သောရန်ပုံငွေများ ထူထောင်ထားကြ သည်ကိုတွေ့ရသည်။ သို့သော် ထိုရန်ပုံငွေများကိုလည်း လူမှုကျင့်ဝတ်နှင့်ညီ/မညီကိစ္စနှင့် ပတ်သက်၍ အချေအတင်ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာများဖြစ်နေပေသည်။
ဝေါဟာရများ
ကျင့်ဝတ်နှင့် ညီသောရင်းနှီးမြှုပ်နှံခြင်း=Ethical Investing
လူမှုရေးအရ တာဝန်ယူမှု=social responsibility
ကျင့်ဝတ်နှင့် သက်ဆိုင်သောရန်ပုံငွေ=ethical fund
ကျင့်ဝတ်အရ စိုးရိမ်စရာ=ethical concern
အချေအတင် ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာ=debated matter
လိုတိုရှင်း စီးပွားရေးသုတ (၈၇)
ပူဖောင်း (bubble)
ပူဖောင်းဆိုသည်မှာ စီးပွားရေးလောကတွင်တင်စားခေါ်ဝေါ်သောဝေါဟာရဖြစ်ပြီး အက်ဆက်တစ်ခု (စတော့များ၊ ဥစ္စာဓနများကဲ့သို့အရာများ) သည် ဖြစ် သင့်သည့်ဈေးနှုန်းထက် ဈေးနှုန်းအလွန်အမင်းမြင့်မားနေခြင်းဖြစ်သည်။ ဥပမာ ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပေါ်ခဲ့သော နည်းပညာကုမ္ပဏီများ၏ စတော့ရှယ်ယာများဈေးနှုန်းမြင့်တက်ခဲ့သည့် ဒေါ့ကွန်းပူဖောင်း (doct-com) နှင့် ၂၀၀၀ ပြည့်နှစ်ကဖြစ်ခဲ့သော ပိုင်ဆိုင်မှုဥစ္စာဓနများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ပူဖောင်းများကို နမူနာပြောဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံးဖြစ်ပေါ်ခဲ့သော ဘဏ္ဍာရေးပူဖောင်းမှာ ၁၉၇၀ ပြည့်နှစ်များက ဟော်လန်နိုင်ငံတွင် ကျူလစ်ပန်းဈေးကြောင့် ဖြစ်ခဲ့သည့် တူးလစ်မာနီယာ (Tulip Mania) ဟုသိကြသောဖြစ်ရပ်ဖြစ်သည်။
ပူဖောင်းများ မည်သို့ ဖြစ်ပေါ်လာမည်ကို မည်သူမျှ အကြောင်းရင်းအမှန်အကန်မသိကြပေ။ ငွေဖောင်းပွခြင်းနှင့် တူညီသည်ဟု အချို့ကဆိုသည်။ ဆိုလိုသည့်အကြောင်းရင်းမှာ စီးပွားရေးအဆောက်အအုံအတွင်း ငွေပမာဏများစွာ ရှိနေသောကြောင့်ဖြစ်သည့်သဘောဖြစ်သည်။ ထိုအခြေအနေများကြောင့် အတိုးနှုန်းများ နိမ့်လာသောအခါ လူအများသည် စုဆောင်းမှုများ ပြုလုပ်ခြင်းထက် ပိုမိုသုံးစွဲမှုများကိုသာ ပိုမိုပြုလုပ်လာကြသည်။ ထိုကြောင့် ငွေကြေးများ ပိုမိုချေးငှားရန် စျေး သက်သာလာကြသည်။
Greater fool theory အရ လူတစ်ယောက် (စိတ်အလိုကိုဦးစားပေးသော၊ ရူးမိုက်သောသူ) တစ်ယောက်သည် အက်ဆက်တစ်ခုအပေါ် ၎င်းထက်ပို ယုံလွယ်ရူးမိုက်သည့်သူတစ်ယောက်ကို ပြန်ရောင်းနိုင်သည်ဟု ထင်ထားပါက အက်ဆက်များကို ဈေးပိုမိုပေး၍ ဝယ်ယူလိမ့်မည်။ ထိုသို့ဖြင့် တစ်လက်မှတစ်လက်သို့ပြောင်းရွှေ့လျက် ဈေးနှုန်းများမြင့်သည်ထက်မြင့်တက်ခြင်းကို အားလုံးကြုံတွေ့လာကြခြင်းဖြစ်သည်။ ဈေးနှုန်းများ မတန်တဆမြင့်တက်နေသည့် စီးပွားရေး ပူဖောင်းဖြစ်ပေါ်နေသောအချိန်ကာလတွင် ဖြစ်သင့်သည့်တန်ဖိုးထက် ပိုမိုတန်ဖိုးမြင့်နေသည့် အက်ဆက်များကို ကိုင်ထားသည့်သူများသည် အမှန်တကယ်ချမ်းသာ ကြွယ်ဝသူများမဟုတ်ဘဲ ဖန်တီးထားသော (အတုအယောင်) ချမ်းသာကြွယ်ဝမှုသာဖြစ်သည်ဟုဆိုပြီး ၎င်းတို့တွင်ရှိသည့် ပမာဏထက် ပိုမိုသုံးစွဲနိုင်ရန် တွန်းအားပေး သကဲ့သို့လည်း ရှိနေသည်။
ဝေါဟာရများ
ပူဖောင်း =bubble
ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းများကြောင့်ဖြစ်ပေါ်လာသောပူဖောင်း=property bubble
ရှိသင့်သည့်တန်ဖိုးထက် အလွန်အမင်း တန်ဖိုးမြင့်မားနေခြင်း=overvaluation
အတိုးနှုန်း=interest rate
ဖန်တီးထားသော (အတုအယောင်) ဥစ္စာဓန=artificial wealth
လိုတိုရှင်း စီးပွားရေးသုတ (၈၈)
စီးပွားရေးဆုတ်ယုတ်မှု (Recession )
စီးပွားရေးဆုတ်ယုတ်မှုဆိုသည်မှာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) သည် အနည်းဆုံး သုံးလတာကာလ နှစ်ကြိမ်ခန့် ဆက်တိုက်ကျဆင်းခြင်း၊ သို့မဟုတ် အလုပ်လက်မဲ့ တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည့်အခါ ကြုံတွေ့ရသည့်အခြေအနေဖြစ်သည်။ အမေရိကန်နိုင်ငံတွင် စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပေါ်နေသည်ကို စီးပွားရေး သုတေသနအမျိုးသားဗျူရို (National Bureau of Economic Research) က အဆုံးအဖြတ်ပေးပြီး ၎င်းတို့၏ သုံးသပ်ချက်များထဲတွင် ဝင်ငွေကဲ့သို့ အချက်အလက်များပါဝင်သည်။
စီးပွားရေးဆုတ်ယုတ်မှုကို စားသုံးသူများ၏ အသုံးစရိတ်ကျဆင်းခြင်း၊ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်း၊ အလုပ်လက်မဲ့များ မြင့်တက်လာခြင်းနှင့် ဒေဝါလီခံခြင်းအခြေအနေများကလည်း ဖော်ပြနေပေသည်။ စီးပွားရေးဆုတ်ယုတ်မှုကြောင့် ဆိုးကျိုးသက်ရောက်မှုများစွာရှိနေစဉ် သတင်းကောင်းများလည်းဖြစ်လာတတ်သည်ဟု ဆိုသူများရှိသည်။ သတင်းကောင်းမှာ စီးပွားရေးဆုတ်ယုတ်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခြင်းဖြစ်သည်။
အစိုးရများက စီးပွားရေးအဆောက်အအုံထဲသို့ ငွေကြေးများထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ အစိုးရအသုံးစရိတ်တိုးသုံးခြင်းဖြင့်လည်းကောင်း ပြန်လည် ကုစားကြသည်။ အလုပ်လက်မဲ့အခြေအနေမြင့်မားလာမှု၊ ရှယ်ယာစျေးနှုန်းများ မတည်ငြိမ်လှုပ်ခါနေမှု၊ စီးပွားရေးလုပ်ငန်းသစ်များ မရှိခြင်းတို့သည် စီးပွားရေးဆုတ် ယုတ်မှုမဖြစ်သေးသည့်အချိန်တွင် ရှေ့ပြေးကြိုတင်ဖြစ်လာတတ်ကြသည်။
ဝေါဟာရများ
စီးပွားရေးဆုတ်ယုတ်မှု=Recession
အစိုးရ အသုံးစရိတ်=government spending
ငွေကြေးဖောင်းပွမှုနှုန်း=inflation rate
စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ပေါက်မှုမရှိခြင်း=lack of new business creation
လိုတိုရှင်း စီးပွားရေးသုတ (၈၉)
စီဒပွားရေးစန်းပွင့်ခြင်းနှင့် စီးပွားရေးပေါက်ကွဲမှု (boom and bust )
စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း စီးပွားရေးအခြေအနေများ ရုတ်တရက်အကြီးအကျယ် တိုးတက်ဖြစ်ထွန်းလာခဲ့ပြီး ထိုမှတစ်ဖန် ရုတ်တရက် ပြန်၍ ကျဆင်းမှုများ ဖြစ်လာသောအခါ စီးပွားရေးစန်းပွင့်ခြင်းနှင့် စီးပွားရေးပေါက်ကွဲမှု ဖြစ်ပေါ်သည်ဟုဆိုကြသည်။ စီးပွားရေးဆုတ်ယုတ်မှုသည် စီးပွားရေးပူဖောင်းဖြစ်ပေါ်ပြီးနောက် လိုက်လာတတ်သည့်အခြေအနေဖြစ်သည်။
အမေရိကန်စီးပွားရေအဆောက်အအုံအတွင်း လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ အတွင်း ထိုကဲ့သို့အခြေအနေမျိုး ၃၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ပျမ်းမျှအားဖြင့် လေးနှစ်ခွဲတစ်ကြိမ်ဖြစ်သည့်အခြေအနေဟု သုံးသပ်ကြသည်။ လူသိအများဆုံး ဥပမာပေးရလျှင် ၂၀ ရာစုအစက စီးပွားရေးအကြီးအကျယ် ဖြစ်ထွန်းလာပြီးနောက်တွင် ဖြစ်ပေါ်လာသော ၁၉၂၉ ခုနှစ် စတော့စျေးကွက်ပြိုလဲကျဆင်းမှုဖြစ်သည်။ ၁၉၃၀ စီးပွားရေးပျက်ကပ်ကြီးဟု လူသိများသည်။
စီးပွားရေးပညာရှင် ကိန်း (စ်) က ၎င်းအနေဖြင့် ၁၉၅၀ ပြည့်နှစ်များတွင် ထိုကဲ့သို့ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအတက်အကျ သံသရာဖြစ်ပေါ်လာမှုအပေါ် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်ဟု ယူဆခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် အမေရိကန်သမ္မတ ဘီ (လ်) ကလင်တန်သည်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်များတွင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းသည်လည်းကောင်း ထိုကဲ့သို့ မှတ်ယူခဲ့ကြသည်။ အမှန်တွင် မည်သူမျှ အောင်မြင်မှုမရခဲ့ပေ။ မကြာသေးမီက ဖြစ်ခဲ့သည့် အတွေ့အကြုံများလည်းရှိသည်။ ၂၀၀၀ ပြည့်နှစ်များက စီးပွားရေးစန်းပွင့်မှုဖြစ်သည်။ ထိုကာလများက စားသုံးသူများ၏သုံးစွဲမှုများပေါ်တွင် အလွန်အမင်းမှီခိုမှုများကြောင့် စီးပွားရေးအကြီးအကျယ်ဖွံ့ဖြိုးလာခဲ့ပြီး လူအများက ၎င်းတို့၏အသုံးစရိတ်အများအပြားသုံးစွဲမှုကို ရပ်တန့်လိုက်သောအခါ အချိန်များစွာကြာမြင့်မှုမရှိဘဲ စီးပွားရေးပေါက်ကွဲကာ စီးပွားရေး ကျဆင်းမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဝေါဟာရများ
စီးပွားရေးစန်းပွင့်ခြင်း=boom
စီးပွားရေးပေါက်ကွဲမှု=bust
စီးပွားရေးဆုတ် ယုတ်မှု=recession
အလွန်အမင်းမှီခိုခြင်း=overreliance
ဘေးအန္တရာယ်များသော၊ ဆုံးရှုံးနိုင်သော= risky
လိုတိုရှင်း စီးပွားရေးသုတ (၉၀)
ကြွေးဆပ်နိုင်စွမ်းမရှိခြင်း (insolvency)
ကြွေးဆပ်နိုင်စွမ်းမရှိခြင်းကို ဒေဝါလီခံခြင်း (bankruptcy) ဟုလည်း လူသိများသည်။ ဝေါဟာရနှစ်ခုကို ဖလှယ်အသုံးပြုမှုရှိသော်လည်း ကွဲပြားခြားနာသော အဓိပ္ပာယ်ရှိသည်ဟုဆိုသူများလည်းရှိသည်။ Insolvency ဝေါဟာရမှာ ကြွေးမြီကို အချိန်မှန်ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့် ဘဏ္ဍာရေးအခြေအနေရှိနေသည်ဟု ဆိုခြင်းဖြစ်သည်။ Bankcruptcy ဝေါဟာရမှာမူ ကြွေးမြီမဆပ်နိုင်ခြင်းပြဿနာကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးသည့် ဥပဒေဆိုင်ရာဖြစ်စဉ်တစ်ရပ်ဖြစ်သည်။
ကြွေးမဆပ်နိုင်စွမ်းမရှိသည့်အခြေအနေ နှစ်မျိုးရှိသည်။ ငွေသားစီးဆင်းမှုအရ ကြွေးမဆပ်နိုင်ခြင်းနှင့် ငွေစာရင်းရှင်းတမ်းအရ ကြွေးမဆပ်နိုင်ခြင်း ဖြစ်သည်။ ငွေသားစီးဆင်းမှုအရ ကြွေးမဆပ်နိုင်ခြင်းမှာ ကြွေးမြီပေးဆပ်ရန်အတွက် ငွေသားအလုံအလောက်မရှိခြင်းဖြစ်ပြီး ငွေစာရင်းရှင်းတမ်းအရ ကြွေးမဆပ်နိုင်ခြင်းမှာ ချေးယူထားသော ကြွေးမြီပမာဏသည် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီကပိုင်ဆိုင်သည့် အက်ဆက် (ပိုင်ဆိုင်မှုပစ္စည်း) များထက်ပိုနေခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခု အနေဖြင့် ငွေစာရင်းများအရ (စာရွက်ပေါ်ရှိ စာရင်းဇယားများအရ) ကြွေးမြီပေးဆပ်နိုင်သော်လည်း ငွေကြေးအနေဖြင့် ချက်ချင်းလက်ငင်းပေးဆပ်ရန်လုံလောက် သောပမာဏမရှိသည့်အခြေအနေမျိုးရှိနိုင်သည်။ ထို့အတူ ငွေစာရင်းအရ ကြွေးမြီပေးဆပ်နိုင်ခြင်းမရှိသည့်အခြေအနေမျိုးပြနေသော်လည်း ကုမ္ပဏီ၏ ငွေသားစီးဆင်းမှုကောင်းမွန်သောကြောင့် ကြွေးမြီပေးဆပ်နိုင်စွမ်း ရှိနေသည်ကိုလည်း တွေ့ရသည်။ ကုမ္ပဏီတစ်ခု ကြွေးမြီမဆပ်နိုင်တော့သည်နှင့် ဒေဝါလီခံရပြီဟုမဆိုနိုင်ပေ။
နိုင်ငံများစွာတွင် ကြွေးမဆပ်နိုင်သောကုမ္ပဏီများ ကြေးမြီပြန်လည်ပေးဆပ်နိုင်ရေး စီစဉ်ဆောင်ရန်အတွက် အချိန်ပေးထားလုပ်ဆောင်နိုင်သည့်နည်းလမ်းများရှိသည်ကို တွေ့ရသည်။ ခွင့်ပြုပေးထားသောအချိန်ကာလအတွင်း ကြွေးတင်ကုမ္ပဏီသည် ကြွေးပေးဆပ်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါက ထိုကုမ္ပဏီနှင့်ပတ်သက်၍ စာရင်းရှင်းလမ်းဖျက်သိမ်း၍ အကြွေးဆပ်နိုင်ရေး စီစဉ်နိုင်သည်။ ထိုအခြေအနေကို ကုမ္ပဏီ၏ အစုရှယ်ယာရှင်များက ၎င်းတို့၏စိတ်သဘောအတိုင်း ဆောင်ရွက်နိုင်ကြသကဲ့သို့ ကြွေးမြီရှင်များ၏ဖိအားပေးမှုကြောင့် ဆောင်ရွက်သည်များလည်း ရှိတတ်သည်။
ဝေါဟာရများ
ကြွေးဆပ်နိုင်စွမ်းမရှိခြင်း=insolvency
ငွေသားစီးဆင်းမှုအရ ကြွေးမဆပ်နိုင်ခြင်း=cash flow insolvency
ငွေစာရင်းရှင်းတမ်းအရ ကြွေးမဆပ်နိုင်ခြင်း=balance sheet insolvency
ဒေဝါလီခံရခြင်း=bankcruptcy
ကြွေးဆပ်ရန်အတွက် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်း=liquidation