အဖြေထုတ်သူများ

အဖြေထုတ်သူများ
Published 9 July 2015
သန်းထိုက် (သာကေတ)

ကျောင်းသားတွေက စာသင်ခန်းတွေမှာ သင်္ချာပုစ္ဆာ၊ ဓာတုဗေဒ၊ ရူပဗေဒမေးခွန်းတွေအတွက် အဖြေမှန်ရဖို့ ကြိုးစားကြတယ်။ မေးခွန်းပုစ္ဆာတစ်ခုမှာ အဖြေမှန်က တစ်ခုပဲရှိတယ်။ အဖြေမှန်ရဖို့လိုအပ်တဲ့ စဉ်းစားပုံ စဉ်းစားနည်း၊ ချဉ်းကပ်နည်း၊ တွက်နည်းအဆင်သင့်ကို သုံးရတယ်။ အားလုံးဟာလည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးတို့နဲ့ ပတ်သက်ပြီး တွေ့ကြုံလာတဲ့ အခက်အခဲ ပြဿနာနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်။
လူသားတွေနေ့စဉ်တွေ့ကြုံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ လူ့လောကရဲ့ အမေးပုစ္ဆာတွေပဲဖြစ်ပါတယ်။ ခေါင်းစဉ်အမျိုးမျိုး နဲ့လာတဲ့ ဘဝပုစ္ဆာတွေကို ဖြေဆိုရာမှာ တချို့ကမှန်တယ်။ တချို့ကမှားတယ်။ တချို့က အမှားရောအမှန်ပါမဆုံးဖြတ်နိုင်ဘဲ အရှုံး ပေးသွားတာလည်းရှိတယ်။ အဖြေမှန်ရှာနိုင် သူက အောင်မြင်တယ်။ အကျိုးများတယ်။ အဖြေမှားသူတွေက အရှုံးနဲ့ရင်ဆိုင်ရတယ်။ ဆင်းရဲဒုက္ခသောကတွေ ကြုံရတယ်။ သာမန်လူသားတွေ အဖြေမှန်မထုတ်နိုင်တာက လောကကို သက်ရောက်မှုနည်းတယ်။ သာမန်ထက်ပိုတဲ့ မဟာလူသားတွေလို့ သတ်မှတ်ထားသူတွေထုတ်တဲ့ အဖြေမှားတွေက လူအများနဲ့ လောကကိုမခန့်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်စေတယ်။ ဒါကြောင့် ကြီးကျယ်တဲ့ လူသားတွေက မှန်ကန်တဲ့အဖြေကို ထုတ်နိုင်ဖို့က အရေးကြီးပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာဖြစ်တဲ့ ပဋိပက္ခနဲ့အငြင်းပွားမှုကို တတိယလူက အဖြေထုတ်လို့ မှားယွင်းခဲ့မယ်ဆိုရင် တစ်ယောက်သာနစ်နာမယ်။ အများနဲ့အများကြား လူမျိုးနဲ့နိုင်ငံကြားမှာဖြစ်ပေါ်တဲ့ ပဋိပက္ခတွေ ကို တတိယလူကအဖြေထုတ်ရာမှာတော့ လွန်စွာအရေးကြီးပါတယ်။ မမျှော်မှန်းနိုင်တဲ့ သက်ရောက်မှုဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ ဒါကြောင့် အများနဲ့သက်ဆိုင်သော ပကတိ အရှိတရားနဲ့ ပေးထားချက်များကို သေချာ စွာလေ့လာပြီးမှ အဖြေထုတ်သင့်ပါတယ်။ မျက်မမြင်ပုဏ္ဏားတွေ အဖြေထုတ်သလိုမျိုး မဖြစ်သင့်ပါဘူး။ အဖြေထုတ်လိုသူတွေမှာ ထိုက်သင့်တဲ့ အရည်အချင်းရှိဖို့လည်း လိုပါတယ်။ မိမိကိုယ်ကိုယ်အထင်ကြီးစိတ် အများက အထင်ကြီးခံလိုစိတ်နဲ့ ထုတ်ဖော်ဖွင့်ဟလိုက်တဲ့ အဖြေဟာ မှန်ဖို့ခက်ပါတယ်။ ဒါကြောင့်အများနဲ့ သက်ဆိုင်သော အဖြေကို ထုတ်ရာမှာ ကိုယ့်မှာထိုက်တန်သောအရည် အချင်းပြည့်မီရဲ့လားဆိုတာ ဆန်းစစ်ဝေဖန် ရပါမည်။ ဒါမှသာလောကကို မဖျက်ဆီးရာ ရောက်မယ်။
ယနေ့ကမ္ဘာမှာ၊ မြန်မာမှာ ဖြစ်ပွားနေ တဲ့ပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက် မှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ဖြေရှင်းဖို့ကြိုးစား နေကြတယ်။ တွေးခေါ်စဉ်းစားမှု၊ ဖွင့်ဟပြော ဆိုမှု၊ လက်တွေ့အကောင်အထည်ဖော်မှုတွေ နဲ့ လုပ်ဆောင်ကြတယ်။ တချို့ကိစ္စတွေမှာ အောင်မြင်တယ်။ တချို့ကမအောင်မြင်တဲ့ အပြင် ပိုပြီးတော့မှ ကြီးထွားလာတာတွေ့ရ တယ်။ ပိုရှုပ်ထွေးလာတယ်။ ပြဿနာတစ်ခု ပဋိပက္ခတစ်ခု၊ အငြင်းပွားမှုတစ်ခုကို ဝိုင်းဝန်း ဖြေရှင်းရာမှာ ရှုထောင့်မျိုးစုံက ရပ်တည်လုပ် ဆောင်ကြတယ်။ အရှိတရား၊ အမှန်တရား (အကြောင်းရင်းခံ) ကိုမသိတဲ့သူ၊ မျက်ကွယ် ပြုထားသူတွေရဲ့ ပြောစကား၊ ဆိုစကား၊ အ လုပ်တရားတွေက အမှားဆီကိုဦးတည်သွား ကြတယ်။
အကျိုးတရားဆိုတာ အကြောင်းတရား ပေါ်မှာ အခြေခံပြီးဖြစ်လာတာပါ။ အခြေခံ ဖြစ်တဲ့အကြောင်းရင်းခံကို မသိဘဲ၊ မမြင်ဘဲ  လွယ်လွယ်နဲ့ပြောဆိုလုပ်ကိုင်သူတို့ရဲ့ အ ပြောအလုပ်တွေက အမှန်တရားနဲ့ဝေးကွာ နေမှာပါပဲ။ ပကတိအရှိတရား အမှန်တရား ကိုသိမြင်ခြင်းကို သိဖို့လိုပါတယ်။ သူခိုးလို့ အခေါ်ခံရသူတိုင်း သူခိုးဖြစ်ချင်မှဖြစ်ပါမည်။ သူခိုးက လူကောင်းကိုပြန်ဟစ်တာလည်း ဖြစ်နိုင်ပါတယ်။ သူခိုးနဲ့လူကောင်းကို ခွဲခြား သိမြင်နိုင်ဖို့ ကြိုးစားအားထုတ်တဲ့ အရည်အချင်းက အရေးကြီးပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က (United Nation) အစည်းအဝေးနှင့် စာအုပ်ထဲမှာ ပြောခဲ့ရေးခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်မှာရှာမလဲ၊ စိတ်ဓါတ်ရေးရာဖွံ့ ဖြိုးတိုးတက်သော ခေတ်တစ်ခေတ်ကို တည်ဆောက်ယူရမယ်။ စိတ်ဓာတ်ရေးရာဆိုတာက ရုပ်ဝတ္ထုပစ္စည်းမဟုတ်။ လူတွေရဲ့အသိအမြင်၊ ခံယူချက်နဲ့ ယုံကြည်ချက်တို့ပဲ ဖြစ်ပါ တယ်။ အရှိကို အရှိအတိုင်းသိပြီး အမှန်ကို အမှန်အတိုင်း လက်ခံကျင့်သုံး နိုင်စွမ်းရှိသော အသိဉာဏ်ပညာနဲ့ ကျင့်ဝတ်တို့ပဲဖြစ်တယ်။ ဒါတွေပြည့်စုံမှ လူသားတိုင်းရဲ့ရင်တွင်းမှာ တောက်လောင်နေသော လောဘ၊ ဒေါသ၊ မောဟမီးတွေ နည်းပါးအောင်၊ ငြိမ်းအောင် ထိန်းနိုင်မှာဖြစ်ပါတယ်။
ကိုယ်ကျင့်သီလဆိုတာ စိတ်ဓာတ်ရေး ရာဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်တယ်။ မကောင်းမှုကိုမပြောမိ၊ မလုပ်မိအောင်၊ အရှိတရား အမှန်တရားကိုသိအောင် လုပ်ဆောင်မှုလည်း ပါဝင်ပါတယ်။ အရှိတရား အမှန်တရားကို သိမြင်သော်လည်း ဣဿမစ္ဆရိယ၊ အတ္တ မာန်မာနလွှမ်းမိုးမှုကြောင့် မဟုတ်မမှန်ပြော ဆိုလုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ ထိုအချက်များနဲ့ငြိစွန်းနေတဲ့ လူတစ်ယောက်ရဲ့ ငြိမ်းချမ်းရေး၊ သာယာရေး၊ ပဋိပက္ခဖြေရှင်းရေးတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး။
ကိုယ်ကျင့်သီလ (စိတ်ဓာတ်ရေးရာ) ညံ့ဖျင်းသောလူတွေရဲ့ အဖြေထုတ်မှုဟာ ကောင်းမွန်မှန်ကန်သော အကျိုးတရားကို မရနိုင်စေပါဘူး။ သီတဂူ ဆရာတော်ကြီး မိန့်ကြားတာနဲ့ ဆိုရမယ်ဆိုရင်တော့ သူတို့ ဟာ ကမ္ဘာကြီးကိုဝိုင်းပြီး မီးရှို့နေသူတွေထဲမှာ ပါဝင်ပါတယ်။
သီတဂူဆရာတော်ကြီးက ကမ္ဘာ့ဘာသာ ရေးခေါင်းဆောင်တွေကိုမိန့်ကြားခဲ့တယ်။ ပဋိပက္ခတွေရဲ့အစဟာ လူသားတွေရဲ့စိတ်ပဲဖြစ်တယ်။ ကမ္ဘာမှာဖြစ်တဲ့စစ်ပွဲတွေက ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာတရားက စတယ်လို့ သုံးသပ်နေသရွေ့၊ အပြစ်ဖို့နေသရွေ့ စစ်မှန်သောအဖြေကို ရှာလို့ရမှာမဟုတ်ဘူး။ အဖြေမှန်ကိုရှာချင်ရင် လူသားရဲ့ စိတ်ဓာတ်ကိုလေ့လာရမယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်ဘာသာဝင်၊ ဘယ် လူမျိုးဖြစ်ဖြစ် လူတိုင်းမှာစိတ်ရှိတယ်။ အဲဒီ ရှိတဲ့စိတ်မှာ လောဘ၊ ဒေါသ၊ မောဟသုံးမျိုး စီရှိနေကြတယ်။ အဲဒီစိတ်ကြောင့် မုန်းတီးခြင်း၊ ချစ်ခင်ခြင်း၊ လိုချင်တပ်မက်ခြင်း၊ စွန့်လွှတ်ခြင်း၊ တွေဝေခြင်း၊ မသိနားမလည်ခြင်း ဖြစ်ကြတာ လူ့သဘာဝဖြစ်တယ်။ လူတွေမှာ ရှိတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် သာဖြစ်တာပါတဲ့။
ဆရာတော်ကြီးက ဟောခဲ့ပါသေးတယ်။ လောကမှာလောဘရှိတဲ့ လူတိုင်းဟာ မကောင်းမှုကိုလုပ်လိမ့်မယ်။ ဒေါသနဲ့မောဟ ရှိသူတိုင်းဟာလည်း မကောင်းမှုကို လုပ်လိမ့်မယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းသာယာရေးကို တည်ဆောက်မယ်ဆိုရင် စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်လူသားတွေ ပြန်လည်တည်ဆောက်ရမယ်။
သိပ္ပံပညာနဲ့ တည်ဆောက်မှု နည်းပညာတွေ (ရုပ်ပိုင်းဆိုင်ရာ) ကိုသာ အဓိကထားပြီး သင်ယူလေ့လာကြ၊ ဖြန့်ဝေပေးနေ ကြတဲ့အတွက် ကမ္ဘာ့လူသားတွေမှာ ကိုယ်ကျင့်တရားနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ညံ့ဖျင်းနေတယ်လို့ ဟောပြောခဲ့ပါတယ်။ စိတ်ဓာတ်နဲ့ရုပ်ဓာတ် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်တဲ့ လူသားတွေကို ထူထောင်ဖို့ ယနေ့ကမ္ဘာကြီးမှာ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်ကြီးများက ထောက်ပြနေပါတယ်။
ဥရောပမှာ အခြေချနေထိုင်နိုင်ဖို့ ပင်လယ်ကွေ့နိုင်ငံမျိုးစုံက လူတွေကြိုးစားနေကြတယ်။ ဥရောပမှာ ဒီပြဿနာကို ဖြေရှင်းဖို့ ခေါင်းဆောင်တွေ အခက်တွေ့နေတယ်။ သဘောထား ကွဲလွဲနေကြတယ်။ ခေါင်းဆောင် တွေအဖြေထုတ်ကြတယ်။ အားလုံးလက်ခံ နိုင်သော အဖြေမှန်တစ်ခုတော့ မရသေးဘူး ဖြစ်နေတယ်။ 
အကျိုးတရားမှန်ဖို့ အကြောင်းရင်းခဲကို သိမြင်ရပါမယ်။ အကြောင်းကိုမေ့ဖျောက်ပြီး အကျိုးတရားကို ရှာဖွေတာ အဖြေမှန် မဟုတ်နိုင်ပါဘူး။

Most Read

Most Recent