ဗဟိုဘဏ်ဆုံးဖြတ်ချက်၊ အင်ဖလေးရှင်းနှင့် ရွေးကောက်ပွဲနိုင်ငံရေး    

ဗဟိုဘဏ်ဆုံးဖြတ်ချက်၊ အင်ဖလေးရှင်းနှင့် ရွေးကောက်ပွဲနိုင်ငံရေး    
Published 25 May 2024
ရွှေသင် (MPP)

အမေရိကန်ဗဟိုဘဏ် မျှော်မှန်းထားသည့် အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) နှစ်-ရာခိုင်နှုန်း အခြေအနေသို့ရောက်ရှိရေးမှာ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်မရှိဟု လွန်ခဲ့သည့် ရက်သတ္တပတ်က ဖလော်ရီဒါ ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Randall G. Holcombe ၏ ရှင်းလင်းပြောဆိုများကို ဖတ်ရှုခဲ့ရသည်။ အင်ဖလေးရှင်းနှုန်းသည် မျှော်မှန်းထားသည့် နှစ်-ရာခိုင်နှုန်းဆီသို့ တဖြည်းဖြည်း၊ ပုံမှန်ကျဆင်းနေခြင်းရှိ၊ မရှိ ချိန်ဆဆုံးဖြတ်နိုင်ရန်မှာ သုံးလတာကာလ တစ်ခု၏ အခြေအနေ၊ အချက်အလက်များကို ပြန်လည်လေ့လာရန်လိုကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်းပါးဝဲလ်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ၂၀၂၄ ခုနှစ်အတွင်း အတိုးနှုန်းဖြတ်တောက်မှု ဖြစ်နိုင်ဖွယ်မရှိဟု ရည်ရွယ်ထားပြီလား၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောဆိုမှုတွင် ပါဝင်သည့် လက်ရှိ အချက်အလက်များကိုသာ ကောက်ယူစဉ်းစားသင့်ပါသလား စသည်ဖြင့် မေးစရာရှိလာသည်။

လက်တွေ့တွင် အတိုးနှုန်းအခြေအနေကို  ခန့်မှန်းနေခြင်းထက်အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှုနှုန်း) ကို ခန့်မှန်းရသည်က ပိုမိုလွယ်ကူသည်။ သုတေသီတစ်ယောက်အနေဖြင့် မိမိကိုယ်မိမိ ယုံကြည်ပိုရှိသည်ဟုဆိုသည်။ ငွေကြေးဖောင်းပွမှုအခြေအနေသည် စီးပွားရေးအဆောက်အအုံအတွင်းရှိ သန်းနှင့်ချီသော လူများ၏ ရောင်းချနေသည့်ဈေးနှုန်းများ၊ ဝယ်ယူနေသောသူများ၏ ၎င်းတို့လိုချင်သည့်အရာအတွက် ပးချေနေသည့်ဈေးနှုန်းများကြောင့်ဖြစ်ပေါ်လာသောနောက်ဆုံးရလဒ်ဖြစ်သည်။

ဗဟိုဘဏ်များ ကိုယ်တွယ်နေသည့် ငွေကြေးပေါ်လစီ (monetary policy) သည် အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) ဖြစ်စေသော အကြောင်းတရားများတွင် အဓိက (တရားခံ) ဖြစ်သော်လည်း ပြန်လည်စဉ်းစားကြည့်မိသည့်အခါ ယနေ့ဖြစ်ပေါ်နေသော အင်ဖလေးရှင်းသည် ယခင်ကျင့်သုံးခဲ့သော ငွေကြေးမူဝါဒ၏ ရလဒ်ကြောင့်ဖြစ်သည်ဟု သတိပြုမိလိမ့်မည်။ အတိုးနှုန်းသည်ကား ဗဟိုဘဏ်အဖွဲ့အစည်းရှိ လုပ်ပိုင်ခွင့်ရှိသော လူအနည်းငယ်၏ ဆုံးဖြတ်ချက်များကသာ ကြီးကြီးမားမား လွှမ်းမိုးနေသည့်အရာဖြစ်နေသည်။ 

အတိတ်ကာလအခြေအနေများအပေါ် ပြန်လည်စဉ်းစားကြည့်လျှင် စီးပွားရေးပညာရပ် (ဘောဂဗေဒ) အယူအဆများထဲတွင် လူတို့သည် ငွေကြေးမူဝါဒအပေါ် မည်သို့မည်ပုံတုံ့ပြန်လုပ်ဆောင်မှုနှင့်ပတ်သက်၍ အသိအမြင်များစွာ ဖော်ညွှန်းထားသည်ကိုတွေ့ရလိမ့်မည်။ သို့သော် အမေရိကန်ဗဟိုဘဏ် ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် ထိုအယူအဆများသည် ဥက္ကဋ္ဌ ဂျရွန်းပါဝဲနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များအပေါ် အနည်းငယ်မျှသာ လွှမ်းမိုးမှုရှိသည်ဟုဆိုကြသည်။  

အကယ်၍ အင်ဖလေးရှင်းသည် အဓိပ္ပာယ်ရှိရှိ ကျဆင်းခြင်းမရှိပါက ဥက္ကဋ္ဌ ဂျရွန်းပါဝဲ၏ အချက်အလက်အမြင်အပေါ် အခြေခံလုပ်ဆောင်မည့် အတိုးနှုန်းဖြတ်တောက်မှုကို ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်နိုင်မည်ဟု မဟုတ်ပေ။ သို့သော် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များ၏ နောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှုများရှိနိုင်သည်ဟု သုံးသပ်ကြသည်။ သို့ဆိုလျှင် အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) လက်ရှိအဆင့် သို့မဟုတ် လက်ရှိအခြေအနေထက် ပိုမိုမြင့်မားနေလျှင်သည်ပင် ရွေးကောက်ပွဲ ပြုလုပ်မည့် နှစ်တစ်နှစ်အတွင်း အတိုးနှုန်းဖြတ်တောက်မှုများ ရှိလာနိုင်သည်ဟု ကောက်ချက်ချနေကြလိမ့်မည်။

စီးပွားရေး (ဘောဂဗေဒ) အိုင်ဒီယာ အယူအဆများသည် နိုင်ငံရေးနှင့်ဆက်စပ်မှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အတက်အကျ လည်ပတ်မှုဖြစ်နိုင်ခြေတို့နှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်မှု၊ အသိအမြင်တို့ကို ပံ့ပိုးပေးနိုင်သည်။ သီအိုရီအရ လက်ရှိသမ္မတများသည် နိုင်ငံ့စီးပွားရေး မြင့်တက်ကောင်းမွန်နေလျှင် ပြန်လည်အရွေးခံနိုင်ကြောင်း၊ ရွေးကောက်ပွဲအလွန်ကာလ၌ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်တိုင် ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိရေးကို ဦးတည်နေသော စီးပွားရေးနှိုးဆွပေးမည့် မက်လုံးများရှိလာလိမ့်မည်ဖြစ်ကြောင်း ခြုံငုံသုံးသပ်ရပေလိမ့်မည်။  

စီးပွားရေးနှိုးဆွမှု အစီအစဉ်များသည် ဘဏ္ဍာရေးမူဝါဒ (fiscal policy) ကို အသုံးပြု၍ ဖြစ်ပေါ်လာနိုင်သည်။ ဥပမာ လက်ရှိသမ္မတသည် အကြွေးတင်နေသည့် အုပ်စုများအတွက် အကြွေးများလျှော်ပစ်သည့် ပေါ်လစီများ ကျင့်သုံးလာနိုင်သည်။ ထိုပေါ်လစီမျိုးသည် စီးပွားရေးအဆောက်အအုံထဲသို့ အသုံးစရိတ်များ ထပ်မံဖြည့်သွင်းခြင်းနှင့် အကြွေးများလျော်ခြင်းခံရသည့် အုပ်စုများ၏ ကျေးဇူးတရားကို ဝယ်ယူခြင်း (ကျေးဇူတင်ခံရခြင်း) ဟူသည့် အကျိုးသက်ရောက်မှုနှစ်ခုရှိလာ နိုင်သည်။ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရ စီးပွားရေးလှုံ့ဆော်မှုသည် ငွေကြေးမူဝါဒ (monetary policy) ကို ကျင့်သုံးခြင်းမှတစ်ဆင့်လည်း ဖြစ်ပေါ်လာနိုင်သည်။ ထိုအခြေအနေတွင် ဗဟိုဘဏ်သည် ၎င်း၏ ရည်မှန်းချက်ဖြစ်သည့် အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) လျှော့ချရေးနှင့် ဆန့်ကျင်နေသည့်တိုင် စီးပွားရေးနှိုးဆွမှုပေးရန် (အင်ဖလေးရှင်း မြင့်တက်စေမည့်) အတိုးနှုန်းလျှော့ချခြင်းကို ပြုလုပ်နိုင်သည်။  

ပညာရှင်များ၊  သုတေသီများ ခန့်မှန်းထားသကဲ့သို့ ၂၀၂၄ ခုနှစ်တွင် အင်ဖလေးရှင်းနှုန်းသည် အဓိပ္ပာယ်ရှိရှိ ကျဆင်းမှုမရှိခဲ့လျှင်၊ ဗဟိုဘဏ်သည်အတိုးနှုန်းလျှော့ချမှု မပြုလုပ်ခဲ့လျှင် ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်ပြောခဲ့သည့် မှတ်ချက်ကဲ့သို့ပင် အဓိပ္ပာယ်ရလိမ့်မည်။ အကယ်၍ အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) မကျဆင်းဘဲ ဗဟိုဘဏ်က အတိုးနှုန်းကို ဖြတ်တောက်မှုပြုလုပ်ပါက ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးနှိုးဆွမှုအတွက် ငွေကြေးလှုံ့ဆော်မှုပေးရန် လက်ရှိသမ္မတများထံမှ နိုင်ငံရေးဖိအားများကို လက်ခံရင်ဆိုင်နေရသည့် လက္ခာတစ်ရပ်ဟု ကောက်ချက်ချရပေမည်၊၊

          ဗဟိုဘဏ်၏ လုပ်ဆောင်မှုများ အားလုံးမြင်နေရသည်။ ဗဟိုဘဏ်အခြေအနေများကို သိမြင်နေခြင်းသည် မှန်းဆမှုသာဖြစ်သည်။ ဂျရွန်းပါဝဲ ဦးဆောင်သည့် ဗဟိုဘဏ်သည် အင်ဖလေးရှင်းတိုက်ဖျက်ရေးပေါ်လီများ ကျင့်သုံးလုပ်ဆောင်ရာ၌ နိုင်ငံရေးအရ လိမ္မာပါးနပ်မှုရှိသည်ဟု ယခင်က  ပြောဆိုခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်က ဂျရွန်းပါဝဲ အပါအဝင် အမေရိကန်ဗဟိုဘဏ်မှ ပညာရှင်အချို့သည် အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) နှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင် အုပ်ချုပ်ရေးအပေါ်  မေးခွန်းထုတ်ရန် အကြောင်းပြချက်ကောင်း ရှိခဲ့ဖူးသည်။

ယခင်အခြေအနေများအပေါ်ပြန်လည်သုံးသပ်မှုများအရ အင်ဖလေးရှင်းကိန်းဂဏန်းများ မည်သို့ရှိစေကာမူ ရွေးကောက်ပွဲရည်မှန်းချက်ကိုဦးတည်သော အတိုးနှုန်း ဖြတ်တောက်မှုများ ဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။  

 လွန်ခဲ့သည့်ရက်သတ္တပတ်က အင်ဖလေးရှင်းကို ခန့်မှန်းချက်ပေးခဲ့သည်။ ယခုရက်သတ္တပတ်တွင် ကာလတို အတိုးနှုန်းအခြေအနေကို မခန့်မှန်းနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသောကြောင့် ဗဟိုဘဏ်တွင် ငွေကြေးပေါ်လစီကို ကိုင်တွယ်နေသူများ၏စိတ်ကို မဖတ်နိုင်သောကြောင့်ပင်။

အင်ဖလေးရှင်း ခန်မှန်းချက်များ မည်မျှပင်တိကျစေကာမူ ဗဟိုဘဏ်သည် ငွေကြေးပေါ်လစီကိုလည်းကောင်း၊ အတိုးနှုန်းအခြေအနေကိုလည်းကောင်း နိုင်ငံရေးအကြောင်းပြချက်များကို ဆုပ်ကိုင်လျက် လုပ်ဆောင်လာနိုင်သောကြောင့်ဖြစ်ပေသည်။ 

Ref; Forecasting interest rates/ www.eurasiareview.com