လူငယ်၊ လူရွယ်တွေကို ကြည့်ပါ

လူငယ်၊ လူရွယ်တွေကို ကြည့်ပါ
Published 9 July 2015
ဟိန်းအောင်

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့အတွက် လူငယ်၊ လူရွယ်တွေအခန်းကဏ္ဍဟာ ဘယ်လောက် အထိ အရေးကြီးပါသလဲ။ နိုင်ငံရဲ့အနာဂတ် ဟာ လူငယ်၊ လူရွယ်တွေ အပေါ်ဘယ်လောက် မှီတည်နေပါသလဲ။ လူငယ်၊ လူရွယ်တွေကို ပြုစုပျိုးထောင်ဖို့ ဘယ်လောက်အထိ လိုအပ် ပါသလဲ။
ဒီမေးခွန်းများအတွက် ရှုထောင့်မျိုးစုံ ရှိနိုင်ပေမယ့် လူငယ်၊ လူရွယ်တွေဟာ နိုင်ငံ အတွက် အလွန်ကို အရေးပါတဲ့သူတွေဖြစ် တာကြောင့် ပြုစုပျိုးထောင်ပေးဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ လူငယ်၊ လူရွယ်တွေဟာ အရေးကြီး တဲ့သူများဖြစ်တာကြောင့် နိုင်ငံတိုင်းလိုလိုမှာ လူငယ်လူရွယ်တွေလမ်းမှားမရောက်ဖို့နဲ့ လူ ငယ်၊ လူရွယ်တွေရဲ့ တိုးတက်ရာတိုးတက် ကြောင်းကို အလေးပေးဆောင်ရွက်လေ့ရှိကြ ပါတယ်။ လက်ရှိကျွန်တော်တို့ ရဲ့ မြန်မာနိုင်ငံမှာတော့ လူငယ်၊ လူရွယ်တွေရှင်သန် နေကြရတဲ့ အခြေအနေတွေကို  ကြားရ၊ မြင် ရတာအားရစရာမရှိပါဘူး။
အရပ်ထဲမှာ အလုပ်မရှိအကိုင်မရှိလျှောက် သွားနေတဲ့လူငယ်တွေ၊ အသက်အရွယ်ငယ် သေးပေမယ့် အရက်ဆိုင်မှာ နေ့စဉ်အချိန် ဖြုန်းနေသူတွေ၊ ဘောလုံးလောင်းကစားနဲ့ ကြေးစားဘိလိယက်ထိုးနေသူတွေနဲ့ လမ်းမှားပေါ်မှာ လျှောက်နေသူတွေကို အများကြီး တွေ့နေရတာဟာ နိုင်ငံအတွက် ကောင်းမွန် တဲ့ အလားအလာလို့ ပြောမရပါဘူး။ တစ် နေ့ကပဲ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ဇွန်လအထိ ခြောက်လ တာအတွင်း လူငယ်များက အုပ်စုဖွဲ့လူသတ်မှု ကျူးလွန်ခြင်းနဲ့ လုယက်မှုကဲ့သို့ အခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ် ၅၆ မှု အထိရှိခဲ့တယ်လို့ သတင်းထဲမှာပါ ပါတယ်။ ဆက်ဖတ်ကြည့်လိုက်တော့ ပြစ်မှုကျူးလွန် တဲ့သူတွေက ဆယ်ကျော်သက် လူငယ်များ နဲ့ ၂၀ ဝန်းကျင် လူငယ်များဖြစ်ပြီး  ငွေကြေး လိုအပ်လို့ အများဆုံးကျူးလွန်နေကြတာလို့ သတင်းက ဆိုထားတယ်။ကျူးလွန်ခဲ့တဲ့အမှု တွေကြည့်လိုက်ပြန်တော့ အုပ်စုလိုက်ဖွဲ့ပြီး အသက်(၈၀)အရွယ် အဘိုးကြီးကို လူသတ်ပြီး ငွေကြေးလုတာ၊ အသက်၂၁ နှစ်အရွယ်အမျိုး သမီးငယ်ကတိုက်လှေကားမှာ ဓားထောက်ပြီး ရွှေဆွဲကြိုးနဲ့ နားကပ်လုတာ၊ အရက်သောက် ပြီး စကားများရာက သူငယ်ချင်းအချင်းချင်း အုပ်စုဖွဲ့ရိုက်နှက် သတ်မိတဲ့အမှုတွေ ပါနေတာတွေ့ရပြန်တယ်။ ဒါမျိုးတွေဖတ်ရတော့ ဘာကြောင့်များ လူငယ်၊ လူရွယ်တွေ ဒီလောက်အထိ ကြမ်းတမ်းကုန်ကြသလဲလို့ စဉ်းစားစရာ ဖြစ်ရပါတယ်။
လူငယ်၊ လူရွယ်တွေဟာ ငွေရလိုမှုတစ်ခုအတွက် လူ့အသက်ကိုတောင် သတ်ဖို့၊ လုယက်ကြဖို့အထိ ဖြစ်လာကြရတဲ့ သူတို့ရဲ့ ဘဝပေးအခြေအနေတွေဟာ ဘယ်လောက် အထိ ဆိုးရွားနေသလဲဆိုတာ မတွေးရက် စရာပါပဲ။ တကယ်တော့ ဒီလိုလူငယ်၊ လူ ရွယ်တွေပြစ်မှုကြီးတွေကို ကျူးလွန်လာရတာဟာ နောက်ခံအကြောင်းရင်းများစွာရှိ နေနိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ကောင်းမွန်တဲ့ ပညာရေးကို သင်ကြား ခွင့်မရ ခဲ့တာနဲ့ စီးပွားရေးအရ အဆင်မပြေမှုတွေကဒီလိုဖြစ်ရပ်တွေရဲ့ အကြောင်းရင်းခံတွေ ထဲမှာ အဓိကအကြောင်းရင်းတွေအဖြစ်နဲ့ ပါဝင်နေမယ်လို့ ထင်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ကောင်းမွန်တဲ့ ပညာရေးကို သင်ကြားခွင့် မရသူတွေဟာ အမှား၊ အမှန်ကို ဝေခွဲနိုင်တဲ့ အားမကောင်းတော့ပါဘူး။ ဒီလိုပဲ နိုင်ငံရဲ့ စီးပွားရေးမကောင်းတဲ့ အခြေအနေမှာ နိုင်ငံသားတွေအများစုရဲ့ စီးပွားရေးမကောင်းသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မကောင်းနိုင်တော့ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းအားနည်းနေတဲ့ အချိန်မှာ စီးပွားရေး ကျပ်တည်းတဲ့ မိသားစုတွေက လူငယ်၊ လူရွယ်တွေဟာ ငွေလိုအပ်မှုတွေအတွက် ပြစ်မှုတွေ ကျူးလွန်နေကြတာဟာ နိုင်ငံ့အနာဂတ်အတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး။
လူငယ်၊ လူရွယ်တွေကို နောက်ထပ်ဖျက် ဆီးနေတဲ့အရာကတော့ အရက်နဲ့ မူးယစ် ဆေးဝါးပဲဖြစ်ပါတယ်။ အရက်နဲ့ ဘီယာဆိုင်တွေ တောရောမြို့ပါမကျန်မှိုလိုပေါက်နေတာ ကြောင့် အရက်သောက်သုံးသူတွေထဲမှာ လူငယ်၊ လူရွယ်တွေဘယ်လောက်နစ်မွန်းနေ ကြတာလည်း တွေ့ရပါတယ်။ သောက်ရေသန့်ထက် အရက်ဈေးနှုန်းတွေက သက်သာနေတာကြောင့် သောက်သုံးသူတွေဟာ တစ် နေ့ထက်တစ်နေ့ တိုးလာတယ်ဆိုတာ ညနေဆို အခြားဆိုင်တွေထက် ပိုစည်ကားနေတဲ့ အရက်၊ ဘီယာ ရောင်းချတဲ့ဆိုင်တွေက သက်သေပဲဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာလို ၁၈ နှစ်မပြည့်သေးလို့ အရက်၊ ဘီယာ မရောင်းရဘူး ဆိုတာမျိုးတွေ၊ လူတွေအများ ကြီးသောက်မိကြမှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ အခွန်တွေ နှစ်စဉ်တိုးကောက်တာ မျိုးတွေလည်း မရှိတော့လည်း ဆိုင်တော်တော်များများမှာ လူငယ်၊ လူရွယ်တွေကို ခပ်များများ တွေ့နေရတာ မဆန်းပါဘူး။ အရက်လိုပဲ လူငယ်လူရွယ်တွေကို ဒုက္ခပေးနေတဲ့အရာက တော့ မူးယစ်ဆေးဝါးပဲဖြစ်တယ်။ တစ်လောက သတင်းတစ်ပုဒ်မှာဆိုရင် စိတ်ကြွဆေးပြားတွေဟာ မြို့ပြဒေသက လူငယ်၊ လူရွယ်တွေကို ခြိမ်းခြောက်နေပြီဆိုတာ ဖတ်လိုက်ရတယ်။ စိတ်ကြွဆေးပြားသုံးစွဲလို့ ရန်ကုန်မြို့ ရွာသာကြီးက စိတ်ကျန်းမာရေး ဆေးရုံမှာလာပြီး ဆေးကုသတဲ့ လူငယ်၊ လူရွယ်တွေလည်း ရှိလာကြတယ်လို့ အဲဒီသတင်းမှာ ဖတ်ရပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ သတင်းတွေနဲ့အတူ လူငယ်တွေ မူးယစ်နွံအတွင်း နစ်နေကြတာတွေဟာ ကြားလို့မြင်လို့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အသက်ကဖြင့် ဆယ်နှစ်တောင် မပြည့်သေးဘူး ကော်ကရှူနေပြီ ဆိုတာတွေဟာလည်း ဒီအတိုင်းလွှတ် ပေးထားလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအရက်၊ မူး ယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲခြင်းများက ပြစ်မှုတွေကျူးလွန်ဖို့ရာမှာ အားပေးအားမြှောက် ဖြစ်စေလို့ပါ။ ဖြစ်ခဲ့တဲ့သက်ငယ်ပြစ်မှု ကျူးလွန်သူတွေမှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲထားကြတာတွေ ရှိနေပါတယ်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အသက် ၂၇ နှစ်အောက်အရွယ် လူငယ်၊ လူရွယ်တွေပဲ ဖြစ်ပါတယ်။အဲဒီစာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူငယ်၊ လူရွယ်သန်း ၂၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ တစ်ဝက်လောက်ဟာ အလုပ်လုပ်နိုင်စွမ်းမြင့်တဲ့ အသက်အရွယ် အပိုင်းအခြားမှာ ရှိနေတာကြောင့် ကောင်းမွန်တဲ့လူဦးရေ ဆုလာဘ်ကို ရရှိထားတာဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ အများကြီးရှိနေပေမယ့် ကောင်းမွန်စွာပြု စုပျိုးထောင်မှုကို လုပ်မပေးနိုင်ရင်တော့ အလာကားပါပဲ။ ဒါကြောင့်လည်း အလုပ်လုပ် နိုင်စွမ်းရှိတဲ့ လူငယ်လူရွယ်တွေရှိနေပေမယ့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်ကြောင့် သန်းနဲ့ချီတဲ့ လူငယ်လူ ရွယ်တွေဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြရပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း အများစုက သူများတွေမ လုပ်ချင်တဲ့ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်နေကြရပါတယ်။
တကယ်တော့ လူငယ်လူရွယ်တွေကို မှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးနိုင်လေ နိုင်ငံရဲ့ အနာဂတ်ကို ပိုပြီးကောင်းလေလေ ဖြစ်ပါတယ်။သက်ငယ်ရာဇဝတ်မှုတွေ လိုက်ဖမ်းရုံနဲ့ အမှုတွေ လျော့မသွားနိုင်ပါဘူး။ မူးယစ်ဆေးဝါး သုံးနေတဲ့လူငယ်ကို ဖမ်းလိုက်ရုံနဲ့ မပြီးပါဘူး။ မူးယစ်ဆေးဝါးတွေဘယ်က ဘယ်လိုထွက်နေသလဲ။ မြို့ပြတွေကို ဘယ်သူတွေက အဓိကဖြန့်နေသလဲဆိုတာတွေ ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ လူငယ်အရက်သမား တွေမထွက်လာစေဖို့ ပညာတတ်ဖို့နဲ့ အသက်အရွယ်အရ ကန့်သတ်ချက်တွေကို ထားရှိဆောင်ရွက်ဖို့ လိုပါတယ်။ လူငယ်တွေကို အားကစားကို လုပ်ဆောင်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် အရက်နဲ့ မူးယစ်ဆေးဝါးတွေ သောက်သုံးမှုကို လျော့ကျအောင် ဆောင်ရွက်နိုင်ပါတယ်။ တကယ်ကိုနိုင်ငံနဲ့ နိုင်ငံသားတွေ အနာဂတ်အတွက် ကောင်းစေချင်ရင် လူငယ်၊ လူရွယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ဖို့ အုပ်ချူပ်သူ အစိုးရတွေမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် တိုင်းပြည်ရေးရာတွေ ဆောင်ရွက်တဲ့ အခါတိုင်း လူငယ်၊ လူရွယ်တွေအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ မဖြစ်မနေထည့်သွင်း ဆောင်ရွက်စီမံသင့်တာ ဖြစ်ပါတယ်။
 

Most Read

Most Recent