လိုတိုရှင်း စီးပွားရေးသုတ (၁၀၆)
ဘရက်တန်ဝုဒ် (Bretton Woods)
စစ်ပြီးကာလနိုင်ငံများ၏ စီးပွားရေးများ ပြန်လည်ထူထောင်နိုင်ရေးနှင့် နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် ၁၉၄၄ ခုနှစ်တွင် နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ခေါင်းဆောင်များသည် အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယား၊ ဘရက်တန်ဝုဒ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာငွေကြေးစနစ်ကို ထိန်းကျောင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ရန် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည်။ စစ်အတွင်းကာလအတွေ့အကြုံများအရ နိုင်ငံများကြားပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်ကို ဖော်ပြနေသကဲ့သို့ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့၏ ငွေကြေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ဖြစ်ပေါ်လာရေး ဆော်သြမှုများဖြစ်ပေါ်လာခဲ့ကာ ဘရက်တန်ဝုဒ်ဆွေးနွေးပွဲ အကောင်အထည်ဖော်လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတို့ကို ထူထောင်နိုင်ခဲ့ပြီး ရွှေစံချိန်စနစ်ကို ပြန်လည်ထိန်းထားနိုင်ခဲ့ကြသည်။ ဘရက်တန်ဝုဒ်စနစ်ကို နိုင်ငံများစွာ၏အခြေအနေကို ဘက်စုံထောင့်စုံရှုထောင့်ပေါင်းစုံဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ လက်တွေ့တွင်မူ အဖွဲ့အတွင်း တွင်အင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၏လမ်းညွှန်မှုများသာရှိသည်။ ဘရက်တန်ဝုဒ်စနစ်အပေါ် အကောင်းမြင်သည့် အိုင်အမ်အက်ဖ်အဖွဲ့ကြီးက စီးပွားရေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် လုံလောက်သော ငွေဖြစ်လွယ်မှုကိုပံ့ပိုးပေးနိုင်ပြီး စာရင်းများကိုလည်း ဘက်ညီမျှမှုဖြစ်စေသည်ဟု ဆိုထားသည်။ သို့သော် စီးပွားရေးအဆောက်အအုံဖွဲ့စည်းမှု အပြောင်းအလဲ၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်သွယ်မှုလိုငွေတို့သည် ရွှေစံချိန်စနစ်ကို စွန့်လွှတ်နိုင်ရန် အမေရိကန်နိုင်ငံကို ဖိအားပေးသကဲ့သို့ဖြစ်ခဲ့သည်။ ဤသို့ဖြင့် ၁၉၇၁ ခုနှစ်တွင် ဘရက်တန်ဝုဒ်စနစ်လည်း အဆုံးသတ်ခဲ့ရသည်။
ဝေါဟာရများ
ဘရက်တန်ဝုဒ်စနစ်=Bretton Wood
နိုင်ငံတကာငွေကြေးစနစ်=international monetary system (IMF)
ကမ္ဘာ့ဘဏ်=World Bank
ငွေဖြစ်လွယ်မှု=liquidity
ကုန်သွယ်မှုလိုငွေ=trade deficit
လိုတိုရှင်းစီးပွားရေးသုတ (၁၀၇)
အိုအီးစီဒီ (OECD)
အိုအီးစီဒီ (OECD) ဆိုသည်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ Organization for Economic Cooperation and Development၏ ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ်က ထူထောင်ခဲ့သည့် ဥရောပစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Organisation for European Economic Co-operation-OEEC) သည် အိုအီးစီဒီအဖွဲ့ထူထောင်မှုအတွက် အစကနဦးအခြေအနေဖြစ်သည်။ အဖွဲ့ကို ၁၉၆၁ ခုနှစ် အသစ်ပြန်လည် ထူထောင်ခဲ့ပြီးနောက် အချိန်နှင့်အမျှ ပိုမိုကျယ်ပြန့်လာခဲ့ရာ ဥရောပနိုင်ငံများ မဟုတ်သည့် ဂျပန်နှင့် အမေရိကန်နိုင်ငံများပါ ပါဝင်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်က
အဖွဲ့ဝင်နိုင်ငံအဖြစ် လုံးဝဝင်ရောက်ခြင်း မရှိသေးသည့် လက်တင်အမေရိကဒေသမှ ချီလီနိုင်ငံက ပထမဦးဆုံးအဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သည်။
အိုအီးစီဒီ (OECD) အဖွဲ့ကို ယေဘုယျအားဖြင့် နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းတစ်ခုဟု ရှုမြင်နိုင်ပြီး ဒီမိုကရေစီနှင့် စျေးကွက်စနစ်ဖွံ့ဖြိုးလာစေရန်အတွက် အဓိကအားထုတ်လုပ်ကိုင်နေသောနိုင်ငံပေါင်း ၃၈ နိုင်ငံ (၂၀၂၃ ခုနှစ်စာရင်းအရ) ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မက္ကဆီကို၊ ပိုလန်နှင့် တူရကီကဲ့သို့ စီးပွားရေးအင်အားကောင်းသည့်နိုင်ငံများ ပါဝင်မှုများသောကြောင့် ချမ်းသာသောနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသော ကလပ်တစ်ခုဟုလည်း ခေါ်နိုင်သည်။ အဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ရရှိမှုမြင့်မားရေး၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးလာမှုနှင့်နိုင်ငံများ၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရေးတို့ကို သတ်မှတ်ထားသည်။
အိုအီးစီဒီ (OECD) အဖွဲ့သည် စာရင်းအင်းဆိုင်ရာနှင့် ပတ်သက်၍လည်း အရေးကြီးသောဇာစ်မြစ်တစ်ခုဟုလည်း ဆိုနိုင်သည်။ ၎င်းအဖွဲ့မှ စာရင်းအင်း၊ ကိန်းဂဏန်းများကိုအသုံးပြု၍ ကုန်သွယ်ရေး၊ နည်းပညာနှင့် အကောက်အခွန်ဆိုင်ရာများ ပြောင်းလဲလာသောစနစ်များ၊ ပုံစံများကို လေ့လာခြင်းများ၊ ခန့်မှန်းမှုများပြု လုပ်နိုင်သည်။ အဖွဲ့၏ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အေဂျင်စီများအဖြစ် အိုအီစီဒီဖွံဖြိုးမှုစင်တာ (၁၉၆၁)၊ နိုင်ငံတကာစွမ်းအင် အေဂျင်စီ (၁၉၇၄) နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ (၁၉၈၉) တို့ကိုလည်း ထူထောင်ထားသည်။
ဝေါဟာရများ
အိုအီးစီဒီ=Organization for Economic Cooperation and Development (OECD)
စဉ်ဆက်မပြတ်စီးပွားရေးတိုးတက်မှု=sustaibable economic growth
ဘဏ္ဍာရေးတည်ငြိမ်မှု=financial stability
စာရင်းအင်းများ=statistics
အခွန်ကောက်ခံခြင်း=taxation
လိုတိုရှင်း စီးပွားရေးသုတ (၁၀၈)
ဝါရှင်တန်သဘောတူညီချက် (Washington Consensus )
ဝါရှင်တန် သဘောတူညီချက်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီပံ့ပိုးပေးနိုင်သည့် သင့်လျော်သည့် လွတ်လပ်သောစျေးကွက်မူဝါဒလမ်းညွှန်မှုများ
ဖြစ်သည်။ အထူးသဖြင့် လွတ်လပ်သော ကုန်သွယ်မှု၊ အရှင်မျှောငွေလဲနှုန်း၊ လွတ်လပ်သောစျေးကွက်နှင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုများကို အကြံပြုထားသည်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်လုပ်ဆောင်ချက်အဖြစ် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခြင်းနှင့် ဘက်ညီသောဘတ်ဂျက်စနစ်ရှိစေရန် အားထုတ်ခြင်းဟုလည်း ဆိုထားသည်။
နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ငွေကြေးပမာဏတည်ငြိမ်မှုရှိစေရေး၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းစေရန် ထိန်းထားနိုင်ရေးနှင့် လွတ်လပ်သော ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရန်အတွက် နယ်နမိတ်များ ဖွင့်လှစ်ပေးရေးတို့သည်လည်း အကြံပြုချက်များတွင်ပါဝင်သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးရေး၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများဖြစ်သည့် မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းကြီးများ သက်ဆိုင်ရာနိုင်ငံတွင်းသို့ ဝင်ရောက်လာနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ အစိုးရ၏ ဘတ်ဂျက်ဘက်ညီမှုရှိရန် အားထုတ်ခြင်းတို့သည် လည်း ဖွံ့ဖြိုးဆဲနိုင်ငံများလုပ်ဆောင်သင့်သည့် ဆောင်ရွက်ချက်များဖြစ်သည်ဟု အကြံပြုထားသည်။
နီယိုလစ်ဘရယ်လစ်ဇင်ဟုခေါ်သော လွတ်လပ်မှုအလေးပေးအယူဝါဒသစ်နှင့် ဝါရှင်တန်သဘောတူညီချက်တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မှားယွင်း သော လမ်းညွှန်အကြံပြုချက်ဟု မကြာခဏပြစ်တင်မှုများလည်းရှိသည်။ ထို့ပြင်သဘောတူညီချက်ပါ ပေါ်လစီအကြံပြုချက်များသည် ကွဲပြားခြားနားသောနိုင်ငံများ၊ ဒေသများ၏အခြေအနေကို အထူးပြုထည့်သွင်းစဉ်းစားထားခြင်း မရှိသောကြောင့် “မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတစ်မျိုးတည်းသည် အားလုံးနှင့် သင့်လျော်သည် ”(one-size-fits-all) ဟု ယူဆထားကြောင်း ဝေဖန်သူများလည်း များစွာရှိခဲ့သည်။
ဝေါဟာရများ
ဝါရှင်တန်သဘောတူညီချက်=Washington Consensus
စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခြင်း=deregulation
ဘက်ညီသောဘတ်ဂျက်=balanced budget
နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း=Privatizing state-owned businesses
လွတ်လပ်မှုအရေးပေးအယူဝါဒသစ်= neoliberalism
လိုတိုရှင်း စီးပွားရေးသုတ (၁၀၉)
ကမ္ဘာ့သုံးငွေကြေး အမေရိကန်ဒေါ်လာ (US. Dollar, the world currency)
အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေသည် ကမ္ဘာလုံးသုံးနိုင်သောငွေကြေးအဖြစ် လူသိထင်ရှား၍ အသုံးများလာခဲ့သည်မှာ အချိန်အားဖြင့် ၁၉၄၆ ခုနှစ်ကတည်းကဖြစ်သည်။ ဒေါ်လာ၏ တန်ဖိုးကို ရွှေစျေးနှုန်းဖြင့် ချိတ်ဆက်သတ်မှတ်ထားသကဲ့သို့ အခြားနိုင်ငံသုံးငွေကြေးများကိုလည်း ဒေါ်လာနှင့် ချိတ်ဆက်ထားကြ သည်။ ယနေ့အချိန်ကာလတွင်မူ အမေရိကန်ငွေကြေးဒေါ်လာတန်ဖိုးကို ရွှေဈေးနှုန်းနှင့် ချိတ်ဆက်ထားခြင်းမရှိတော့ပေ။ အချို့မှာ ၎င်းတို့၏ ပြည်တွင်းငွေကြေးများနှင့်အတူ အမေရိကန်ဒေါ်လာငွေကို အသုံးပြုနေကြသည်။
ကမ္ဘာပါ်ရှိ များစွာသောနိုင်ငံများသည် ၎င်းတို့၏နိုင်ငံခြားငွေသီးသန့် ရန်ပုံငွေအဖြစ် ဒေါ်လာငွေကို ကိုင်ထားကြပြီး လိုအပ်သည့်အခါ နိုင်ငံတကာကုန်သွယ်ရေးအတွက် ပေးချေးမှုများတွင် အသုံးပြုကြသည်။ ကမ္ဘာ့ဈေးကွက်များတွင် ကုန်သွယ်မှုပြုသည့် ထုတ်ကုန်ဈေးနှုန်းများကို အမေရိကန်ဒေါ်လာငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားကြသည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတကာဘဏ္ဍာရေးအပေးအယူလုပ်ဆောင်ချက်များ၏ ၆၈ ရာခိုင်နှုန်းကို ဒေါ်လာအသုံးပြုကြသည်ဟုသိရသည်။ ထို့သို့ အမေရိကန်ဒေါ်လာကို အသုံးပြုနေကြခြင်းသည် အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ နိုင်ငံရေးနှင့် စီးပွားရေးကိစ္စများကို ထိန်းချုပ်နေခြင်းဖြစ်သည်ဟု ဝေဖန်လျက်ရှိသည်။ ခေတ်သစ်နယ်ချဲ့မှု ပုံစံဟုလည်း ရှုမြင်နေကြသည်။
ယခုအချိန်တွင် နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်မှုများ၌ အမေရိကန်ဒေါ်လာနေရာတွင် အစားထိုးအသုံးပြုနိုင်ရေးအတွက် ကမ္ဘာသုံးသွေကြေးအသစ်တစ်မျိုးကို ရှာဖွေနေကြသည်။ အကျိုးတူ ဖွဲ့စည်းထားကြသည့် ဘရစ် (BRICS) ကဲ့သို့ နိုင်ငံအုပ်စုများကလည်း နှစ်နိုင်ငံကုန်သွယ်မှုများတွင် ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုနိုင်ရန်လည်း အားထုတ်နေကြသည်။
ဝေါဟာရများ
ကမ္ဘာသုံးငွေကြေး=world currency
နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ=foreign exchange reserves
ကမ္ဘာ့ဈေးကွက်=global market
နယ်ချဲ့ဝါဒ=imperialism
ပြည်တွင်းသုံးငွေကြေး=local currency
လိုတိုရှင်း စီးပွားရေးသုတ (၁၁၀)
နိုင်ငံစုံကော်ပိုရေးရှင်း (multinational)
မာလ်တီနေရှင်နယ်ဆိုသည်မှာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporations-MNCs) ဆိုလိုခြင်းဖြစ်သည်။ ထိုကော်ပိုရေးရှင်းကြီးများ၏စက်ရုံများ၊ ရုံးခန်းများကို နိုင်ငံအတော်များများတွင် ထူထောင်ဖွင့်လှစ်ထားသည်။ ၎င်းတို့ကို နိုင်ငံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးများ (Transnational Corporations-TNCs ) သို့မဟုတ် နိုင်ငံစုံတွင် ထူထောင်လုပ်ကိုင်နေသောလုပ်ငန်းကြီးများ (Multinational Enterprises-MNEs) ဟုလည်းလူသိများသည်။ ထိုလုပ်ငန်းကြီးများသည် ကမ္ဘာ့စီးပွားရေးလောကတွင် စီးပွားရေးပါဝါအင်အားကြီးမားလျက် အဓိကလှုပ်ရှားဆောင်ရွက်သူများအဖြစ်ကျင်လည်နေကြသည်။
ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည်။ ကမ္ဘာ့စီးပွားရေးပေါ်ရှိ အင်အားအကြီးမားဆုံးစီးပွားရေးအဆောက်အအုံ ၁၀၀ ၌ မာလ်တီနေရှင်နယ်လ်ကော်ပိုရေးရှင်းကြီး ပါဝင်ပတ်သက်မှု ထက်ဝက်ကျော်ရှိသည်ဟုဆိုသည်။ မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းကြီးများကို နိုင်ငံရပ်ခြားတွင်ထူထောင်လုပ်ကိုင်ရခြင်းမှာ စျေးကွက်အသစ်များ ရှာဖွေဖန်တီးနိုင်ရန်၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဥပဒေများကို ကျော်လွှားနိုင်ရန်၊ အလုပ်သမားစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို ချွေတာနိုင်ရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲများကို ရှောင်ရှားနိုင်ရန်ဖြစ်သည်ဟု သုံးသပ်သူများက ကောက်ချက်ချကြသည်။
မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းကြီးများ ထူထောင်မှုတွင် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုများလည်း များစွာရှိသည်ဟု ဝေဖန်မှုများလည်းရှိသည်။ ထိုလုပ်ငန်းကြီးများသည် ဖွံ့ဖြိုးမှုနည်းပါးပြီး ဆင်းရဲနွမ်းပါးသော တိုင်းပြည်များမှ လုပ်သားများနှင့် အရင်းအမြစ်များကို ခေါင်းပုံဖြတ်လျက်ရှိနေကြပြီး ၎င်းတို့နိုင်ငံရပ်ခြားများသို့ ချဲ့ထွင်လုပ်ကိုင်ခြင်းကြောင့် ၎င်းတို့မိခင်နိုင်ငံရှိ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုများ ဖြစ်စေသည်ဟု ဆိုသူများလည်းရှိနေသည်။
ဝေါဟာရများ
နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ၊ လုပ်ငန်းများ=Multinationall corporations
ကိုယ်ကျိုးစီးပွားကာကွယ်ရေးဥပဒေများ=protectionist laws
နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု=political influence
နိုင်ငံရပ်ခြားများသို့ အလုပ်ချဲ့ထွင်လုပ်ကိုင်မှု=outsourcing
အလုပ်အကိုင်များ ဆုံးရှုံးမှု=job losses