ကလောမြို့နယ်မှ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဘုရားဦးရွာ နှစ်စဉ်ပွဲ

ကလောမြို့နယ်မှ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဘုရားဦးရွာ နှစ်စဉ်ပွဲ
ကျောင်းဝင်းအတွင်း အလှူပွဲလှည့်လည်သော ပဒေသာပင်တန်းများနှင့် ပွဲကြည့်ပရိသတ်များဖြင့် စည်ကားနေစဉ် (ဓာတ်ပုံ-စည်သာ (တောင်ကြီး))
ကျောင်းဝင်းအတွင်း အလှူပွဲလှည့်လည်သော ပဒေသာပင်တန်းများနှင့် ပွဲကြည့်ပရိသတ်များဖြင့် စည်ကားနေစဉ် (ဓာတ်ပုံ-စည်သာ (တောင်ကြီး))
Published 26 May 2024
စည်သာ (တောင်ကြီး)

တနင်္ဂနွေ အားလပ်ရက်တစ်ရက်တွင် ချိန်းဆိုထားသော အေးသာယာမြို့ကို နံနက်စောစော ၆ နာရီအချိန်တွင် ကျွန်တော်ထွက်ခွာခဲ့ပါသည်။ ထို့နေ့က တောင်ကြီးစျေးနေ့ ဖြစ်သော်လည်း အေးသာယာတွင် နေထိုင်သော ထနော့ တိုင်းရင်းသားများကို အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ကြိုတင်ချိန်းဆိုထားသဖြင့် ထွက်ခဲ့ရခြင်းဖြစ်သည်။

အေးသာယာမြို့ရောက်သောအခါ ထ နော့တိုင်းရင်းသူလေးများအဖွဲ့သည် တောင်ပို့လှဒေသတွင် ကျင်းပသော တာတက်ပွဲ (ခေါ်) နှစ်စဉ်ပွဲကို သွားရောက်ကြတော့မည် ဟုဆိုသဖြင့် ကျွန်တော်လည်း အမှတ်မထင် နှစ်စဉ်ပွဲကို ရောက်ဖြစ်ခဲ့သည်။ ထိုနေ့က အေး သာယာ သွားမည်ဟုဆိုသဖြင့် ပိုက်ဆံက ဓာတ် ဆီဖိုးသာသာပင် ထည့်လာသဖြင့် နေ့လယ်စာ စားဖို့အတွက် ပူပန်နေမိသေးသည်။ သို့သော် တစ်နှစ်တစ်ခေါက် ကျင်းပသော နှစ်စဉ်ပွဲ၊ တာတက်ပွဲကို အခွင့်ကြုံနေတုန်း ရောက် အောင်သွားမည်ဟု အားတင်း၍ ဒုက္ခမျိုးစုံကို ကျော်ဖြတ်၍ နှစ်စဉ်ပွဲကို တိုက်ဆိုင်စွာ ရောက် ခဲ့ဖူးလေတော့သည်။

ထိုသို့ အေးသာယာမှ ထနော့တိုင်းရင်း သားများအဖွဲ့ ကျေးဇူးကြောင့် သစ်အယ်တစ် ကျေးရွာကို နောက်ထပ်တစ်ကြိမ် ထူးခြားစွာ ရောက်ရပြန်သည်။ အေးသာယာမြို့မှ ထနော့ တိုင်းရင်းသားကားတစ်စီး၊ ပအိုဝ်းတိုင်းရင်း သား ကားတစ်စီးတို့အပြင် ကျွန်တော်ကလည်း ဆိုင်ကယ်ဖြင့်လိုက်ပါခြင်းဖြစ်သည်။ ဘုရားဦး ပွဲ (ခေါ်) နှစ်စဉ်ပွဲကို ရောက်ခဲ့တော့မှ အင် မတန် ထူးခြားသော တိုင်းရင်းသားဓလေ့များ ကို လေ့လာခွင့်ရသဖြင့် အေးသာယာ ထနော့ တိုင်းရင်းသားများအဖွဲ့ကို ကျေးဇူးတင်မိပါ သည်။

ရောက်ခဲ့ပြန်ပေါ့ ထနော့ဒေသ၊ တောင်ပို့လှ

အေးသာယာမြို့မှ စတင်ထွက်ခွာတော့ နံနက်ပိုင်း ၉ နာရီကျော်နေပြီ။ ရွှေညောင်၊ တောင်လေးလုံးတို့ကို ကျော်ဖြတ်ပြီး ဟဲဟိုး မြို့ကို ရောက်သည်။ ဟဲဟိုးလမ်းခွဲ ဘော်နင်းမှ သွားမည်ထင်၍ စောင့်ကြည့်သေးသည်။ တိုင်း ရင်းသားအဖွဲ့ မော်တော်ကားများ ဟဲဟိုးလမ်း အတိုင်း ဆက်မောင်းသွားသဖြင့် လိုက်လာခဲ့ရ သည်။ သီခေါင်တောင် အောင်ပန်းအဝင် သရက်ပင်လှလမ်းခွဲအတိုင်း သွားရောက်နေ ခြင်းဖြစ်သည်။

သရက်ပင်လှ လမ်းခွဲ ဂျာမနီလမ်းအတိုင်း ဝင်ခဲ့ရာ ကမ်းပါးနီလမ်းဆုံမှတစ်ဆင့် ပေါ တုတ်လမ်းခွဲအတိုင်း ဆက်သွားရသည်။ ထိုမှ ထင်းရှူးကုန်းကျေးရွာ ကျော်လွန်၍ သစ်အယ် တစ်ကျေးရွာ ရောက်ခါနီးတွင် ပွဲခင်းသို့ ဆိုင်း ဘုတ်ပြထားသည်။ ပွဲခင်းသို့ဝင်ခဲ့ရာ မော် တော်ကား ၊ မော်တော်ဆိုင်ကယ်များ သစ်ရိပ် ၀ါးရိပ်အောက်တွင် နေရာအနှံ့ ရပ်ထားသည် ကိုမြင်ရပြီး ရွာပွဲစျေးတန်းကိုလည်း တွေ့ရ သည်။

ထနော့တိုင်းရင်းသားများဒေသ ထင်းရှူး ကုန်း၊ သစ်အယ်တစ်၊ တောင်ပို့လှကျေးရွာ တို့ကို မတ်လလယ်တွင် တစ်ကြိမ်ရောက်ခဲ့ပြီး ရေစက်မကုန်သေးသဖြင့် နောက်ထပ်တစ် ကြိမ်ရောက်ခဲ့ခြင်း ဖြစ်ပေမည်။ တိုင်းရင်းသား အများအပြားလည်း လာရောက်လည်ပတ် ကြသည်ကို တွေ့ရသည်။ ကျွန်တော်ကလည်း တွေ့သမျှဒေသခံများအား လိုက်လံမေးမြန်း ပြီး ဘုရားပွဲအကြောင်း စပ်စုရတော့သည်။

တာတက်ပွဲ ဓလေ့

တာတက်ပွဲဆိုသည်မှာ တိုင်းရင်းသား များ လူကြီးလူငယ်တို့က အလှူငွေပဒေသာ ပင်များ၊ အိုးစည်မောင်းဆိုင်းတို့ဖြင့် စုပေါင်း ဘုန်းကြီးကျောင်း တက်ရောက်ကုသိုလ်အလှူ ပွဲပင်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြ သော တိုင်းရင်းသားတိုင်း မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ နှစ်သစ်အခါသမယတွင် ဘုရားသွား ကျောင်းတက်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း ဓလေ့တစ်မျိုးလည်းဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်း၊ တောင်ရိုး၊ ထနော့၊ ဓနုတိုင်းရင်းသားတို့တွင်လည်း ရိုးရာ တာတက်ပွဲများ ကျင်းပလေ့ရှိကြောင်း သိရ သည်။ ပွဲခင်းထဲမှ ထနော့တိုင်းရင်းသား ဦးပြုံး ချိုပြောပြသည်မှာ မြန်မာ့ရိုးရာအတာသင်္ကြန် ကာလ သိကြားမင်း လူ့ပြည်ဆင်းလာပြီးနောက် ပိုင်း သင်္ကြန်ပြီးနောက် နတ်ပြည်ပြန်တက်သွား ခြင်းကို အစွဲပြု၍ တာတက်ပွဲ ဖြစ်လာကြောင်း ဆိုသည်။

တာတက်ပွဲဟူသည်မှာ ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ပြီး မြေလတ်ဒေသတွင် နေ ထိုင်ကြသော ဓနု၊ တောင်ရိုး၊ ပအိုဝ်း ၊ ထနော့ တိုင်းရင်းသားများ မိမိတို့ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ကောင်းမှု ကုသိုလ် စုပေါင်းလှူဒါန်းပွဲပင် ဖြစ်သည်။

ရှေးအစဉ်အလာမပျက် တစ်ရွာနှင့် တစ် ရွာ အပြန်အလှန်စနစ်ဖြင့် ရွာစဉ်ဆက်ကာ လှည့်လည်ကျင်းပကြခြင်းဖြစ်ပါသည်။ သူ့ ရွာကိုယ်သွား၊ ကိုယ့်ရွာသူလာစနစ် ကျင့်သုံး ခြင်းကို လက်စားချို၊ လက်စားဆပ်ဟူ၍ ဒေ သိယစကား သုံးနှုန်းကြပါသည်။

တာတက်ပွဲသည် ဘာသာရေးအရ ကောင်းမှုကုသိုလ် ပြုလုပ်ကြသော်လည်း  လူ ငယ်များအတွက် လူပျို၊ အပျို နှလုံးသားရေးရာ ကိစ္စ လူပျိုလှည့်ရန်၊ ချစ်ရေးဆိုရန်၊ မိန်းမပိုးရန် အကောင်းဆုံး အခွင့်အရေး အချိန်အခါ သမ ယလည်း ဖြစ်သောကြောင့် ဖူးစာဆုံပွဲဟု လည်း တင်စားနိုင်သည်။ ထို့ကြောင့် တာတက် ပွဲများသည် လူငယ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသဖြင့် ကလေး၊ လူငယ် မရွေး ပျော်ရွှင်စွာ တက်ရောက်ကြခြင်း ဖြစ် သည်။

သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ ကဆုန်လပြည့်နေ့အထိ တိုင်းရင်းသားဒေသ များတွင် ကျင်းပလေ့ ရှိကြသည်။ ထို့ပြင် ယခု အချိန်ကာလတွင် ဒေသအခေါ် မိုးခေါ်ပွဲ၊ မီး လုံး (မီးရှူး) လွှတ်ပွဲကိုလည်း ကျင်းပကြတော့ မည် ဖြစ်သည်။

 

တိုင်းရင်းသားလေးမျိုး ပါဝင်ဆင်နွှဲတဲ့ တာတက်ပွဲ

ထိုဒေသသည် ကလောမြို့နယ်၊ ငုံးသုံ ကျေးရွာအုပ်စု ဘုရားဦးသာယာကုန်းကျေးရွာ တွင် တည်ရှိသော ဘုရားဦးစေတီတော်ကို အကြောင်းပြု၍ ကျင်းပသော ဘုရားပွဲလည်း ဖြစ်သည်။

ထူးခြားချက်တစ်ခုမှာ ဒေသတွင်းမှီတင်း နေထိုင်ကြသော ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ပအိုဝ်း၊ တောင်ရိုး၊ ဓနုနှင့် ထနော့ တိုင်းရင်းသားလေးမျိုးတို့ အတူတကွ ချစ် ကြည်ရင်းနှီးစွာ ပါဝင်ဆင်နွဲသော တာတက်ပွဲ လည်းဖြစ်သည်။ ဒေသခံများက နှစ်စဉ်ပွဲဟု ပင် ခေါ်ဝေါ်ကြပါသည်။

ထိုနှစ်စဉ်ပွဲတွင် ဌာနေတိုင်းရင်းသား လေးမျိုးဖြစ်သော ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ထနော့ တိုင်းရင်းသားတို့ စုပေါင်းဆင်နွှဲကြ ခြင်း ဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် ချစ်ချစ်ခင်ခင် ယှဉ်တွဲနေထိုင်ကြပြီး တစ်ဦး ကိုတစ်ဦး ဖေးမ၍ အခက်အခဲများကို အပြန် အလှန် ဖြေရှင်းကူညီဆောင်ရွက်ပေးကြပါ သည်။

ထိုသို့ တိုင်းရင်းသားလေးမျိုး ပါဝင် ဆင်နွှဲသော တာတက်ပွဲကို ဘုရားဦး နှစ်စဉ်ပွဲ တွင် ကျွန်တော်ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသည်။ ဓနုတိုင်းရင်းသားဒေသများတွင် တာတက်ပွဲကို တိုင်းရင်းသားတစ်မျိုးတည်း၊ အလွန်ဆုံးနှစ်မျိုးခန့် သာ ပါဝင်ဆင်နွှဲသည်ကို မြင်ဖူးပြီး ယခု နှစ်စဉ်ပွဲလိုမျိုး တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော တာတက်ပွဲကို ဦးဆုံး ထူး ခြားစွာ ကြုံတွေ့ဖူးခြင်း ဖြစ်ပါသည်။

ကျွန်တော်လည်း ပွဲခင်းထဲ ရှိသမျှ သက် ကြီးရွယ်အိုများကို လေ့လာမေးမြန်းရပါသည်။ သူတို့ ပြောပြချက်အရ ကလောမြို့နယ်သည် အေးချမ်းသာယာမှုရှိကြောင်း ၊ ကလောမြို့ နယ်၊ ငုံးသုံကျေးရွာအုပ်စုတွင်းရှိ ဘုရားဦးပွဲ သည် ဒေသတွင်းကျင်းပနိုင်သော ထူးခြား သော ဘုရားပွဲဖြစ်ကြောင်း၊ ကလောမြို့နယ် အတွင်း အခြားသောကျေးရွာများ ကျင်းပနိုင် ခြင်း နည်းပါးကြောင်း သိရသည်။

“ဒီဒေသဟာ အင်မတန်မှ အေးချမ်း တယ်။ တိုင်းရင်းသားတွေဟာ အေးအေးဆေး ဆေးနေတတ်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးကြပါ ဘူး။ ဒီဒေသတွေမှာ ဘိန်းစားမရှိဘူး၊ ဆေး မရှူကြဘူး။ သူခိုးလည်း မရှိကြပါဘူး။ သူခိုးကို ဖမ်းမိရင် ပအိုဝ်းအဖွဲ့ ဗိုလ်ကြီးထံမှာ အပ် လိုက်တယ်။ ဘယ်သူမှ မခိုးရဲကြတော့ဘူး။နောက်ပြီး ဒီပွဲဟာလည်း စည်းကမ်းကြီးတယ်။ ရန်ဖြစ်လို့မရဘူး။ ကာလသား ခေါင်းဆောင် တွေ ငါးယောက်တစ်စု ၊ ၁၀ ယောက်တစ်စု ရှိကြတယ်။ ရန်ဖြစ်ရင် ကာလသားခေါင်းကို သွားပြောပြရတယ်။ အဲဒီလိုမျိုး အပြန်အလှန် ထိန်းကျောင်းထားတယ်။ နောက်ပြီး အပျိုလူပျို စကားပြောလို့ရပေမဲ့ သွားစလို့မရဘူး။ လက် ကို သွားကိုင်လို့မရဘူး။ အဲဒါဆိုရင် ဒဏ်ငွေ ရိုက်ခံထိတယ်။ အဲဒီလို စည်းကမ်းရှိတယ်။ ဒီ ဘုရားပွဲလာဖို့ တစ်အိမ်တစ်ယောက် အနည်း ဆုံး ဖိတ်ထားတာပေါ့။ သူ့ဒေသ ကိုယ့်ဒေသ အပြန်အလှန်ပွဲကို လာကြတာပေါ့။ ဒီပွဲမှာဆို ရင် တခြားရပ်ဝေးကျေးရွာတွေကလည်း အများကြီး လာလည်ကြပါတယ်။ ဒီမှာ မနက် ပိုင်းဆိုရင် တိုင်းရင်းသားတွေ စီတန်းလှည့် လည်ကြတယ်။ အဲဒီကရလာတဲ့ ပဒေသာပင် ပိုက်ဆံတွေကို ခေါင်းဆောင်က စုကောက်ပြီး ဘုရားကျောင်းဆောင်အတွင်းက အလှူခံထဲ သွားရောက်လှူဒါန်းတယ်။ အဲဒီငွေနဲ့ ဘုရား ရွှေသင်္ကန်းကပ်လှူပူဇော်တာပေါ့။ တိုင်းရင်း သားဒေသတွေမှာ လက်စားချို၊ လက်စားဆပ် ဆိုတာ ရှိတာပေါ့။ သူ့အလှည့်ကိုယ့်အလှည့် တစ်ရွာနဲ့တစ်ရွာ အလှည့်ကျပေါ့” ဟု ထနော့ တိုင်းရင်းသား ဦးပြုံးချိုက ပြောပြသည်။

မနက်ပိုင်း (၁၀) နာရီ ဝန်းကျင်ခန့်တွင် သစ်ရိပ်ဝါးရိပ်အောက် ကြိုတင်စုဝေး စောင့် ဆိုင်းနေကြသော တိုင်းရင်းသား အဖွဲ့များတို့ သည် အိုးစည်သံပေး၍စောင့်ဆိုင်းကာ အဖွဲ့ ခေါင်းဆောင် ရောက်သည်နှင့် လူစုံမစုံ စစ် ဆေးကာ တန်းစီကြပါသည်။ ပွဲခင်းအဝင်တွင် သစ်ရိပ်ဝါးရိပ်အောက်တွင် စောင့်ဆိုင်းနေကြ သော အသက်အရွယ်အစုံ ဓနုတိုင်းရင်းသား အဖွဲ့တို့သည် ရှေ့ဆုံးမှ သက်ကြီးရွယ်အိုများ၊ ထား၍ နောက်တွင် ကလေးငယ်များ၊ လူပျို အပျိုများဖြင့် စီတန်းကြပါတော့သည်။ သူတို့ အဖွဲ့သည် အမျိုးသမီးကြီးများတွင် ကန်တော့ ပွဲရွက်၍လည်းကောင်း၊ ကလေးငယ်များနှင့် အပျိုလူပျိုများလက်တွင် ပိုက်ဆံတပ်ထား သော တုတ်တံ၊ (ပဒေသာပင်) ကိုင်ဆွဲ၍လည်း ကောင်း၊ အမျိုးသားများ ပါဝင်တီးခတ်သော အိုးစည်မောင်းဆိုင်းအဖွဲ့ဖြင့်လည်းကောင်း ပွဲခင်းဝင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ဓနုတိုင်းရင်းသားအဖွဲ့ ရွာအဝင် မှ စတင် ထွက်ခွာ၍ ပွဲခင်းအတွင်း စည်းကမ်းသေဝပ်စွာ ပဒေသာပင်အလှူပွဲ စီတန်းလှည့်ကြပါတော့ သည်။ ထိုသို့ လှည့်လည်မှုသည် ရွာစဉ်အလိုက် သူအဖွဲ့ကိုယ်အဖွဲ့ အုပ်စုဖြင့် လှည့်လည်နေ ကြခြင်း ဖြစ်သည်။

ဓနုတိုင်းရင်းသား ပဒေသာပင်အလှူပွဲ တို့သည် အိုးစည်မောင်းဆိုင်းတို့ဖြင့် ပွဲခင်း ကျော်ဖြတ်၍ ဘုရားဦးစေတီတော် ကျောင်း ဆောင် ပရဝုဏ်အတွင်း ဝင်ရောက်လာချိန် များမကြာမီ ပအိုဝ်းတိုင်းရင်းသားအဖွဲ့တစ်ဖွဲ့သည်လည်း အလားတူ အိုးစည်မောင်းဆိုင်း တို့ဖြင့် စီတန်းလှည့်လည်၍ ဘုရားဦး စေတီ တော် ကျောင်းဆောင်တွင်းသို့ ဝင်ရောက် လာပြန်ပါသည်။

ဘုရားဦး စေတီတော် ကျောင်းဆောင် ၏ ဘေးပတ်ပတ်လည်တွင် (ခန့်မှန်း) တစ်ဧက ကျော်ကျယ်ဝန်းသော နေရာလွတ်ကို ပဒေ သာပင်အလှူပွဲအဖွဲ့များ ဘုရားဗဟိုပြု၍ လက်ယာရစ် သုံးပတ်စီတန်းလှည့်လည်နေ ကြခြင်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားအဖွဲ့စုံများ ပါဝင် သော ပဒေသာပင်အလှူပွဲများ ဝင်ရောက်လာ ချိန် အဖွဲ့စုံသွားသဖြင့် ပဒေသာပင်တန်းက လည်း နှစ်တန်းဖြစ်သွားတော့သည်။ အတွင်း ဘက်မှ ဓနုတိုင်းရင်းသားအဖွဲ့ စီတန်းလှည့် လည်နေပြီး အပြင်ဘက်မှ ပအိုဝ်းတိုင်းရင်း သားအဖွဲ့ စီတန်းလှည့်လည်နေကြခြင်း ဖြစ် ပါသည်။

ဘုရား နံဘေးရှိ ကျောက်ရိုးနံရံ ပေါ်တွင် ရွာခံတိုင်းရင်းသားများတို့သည် ထိုင်၍ ပဒေ သာပင် လှည့်လည်နေကြသည်ကို ထိုင်ကြည့် နေကြသလို အနီးအနားတွင် တည်ရှိသော ဇာတ်ခုံစင်မြင့်ပေါ်တွင် ဖျော်ဖြေရေးအဖွဲ့များ ၏ ဖျော်ဖြေမှုများကို ကြည့်ရှုနေကြသူများ လည်း အပြည့်ရှိနေကြပါသည်။ ဘုရားမလှမ်း မကမ်းတွင် ဖျော်ဖြေရေးဇာတ်စင်ရှိပြီး ဇာတ် စင် ညာဘက်ဘေးနှင့် အနောက်ဘက်တွင် ရှိသော သစ်ပင်ကြီးများ၏ အရိပ်အောက် နားခိုရင်း ဖျော်ဖြေရေးများကို ကြည့်ရှုနေကြ ခြင်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားအဖွဲ့များတို့၏ ပဒေ သာပင် စီတန်းလှည့်လည်မှုများသည် ညနေ ပိုင်း မိုးချုပ်ချိန်အထိ ရပ်နားသွားခြင်း မရှိသေး ဘဲ သီဆိုကခုန်၍ လှည့်လည်နေကြသည်ကို ထူးခြားစွာမြင်တွေ့ရသည်။

ဘုရားဦးရွာရှိ ဘုရားဦး စေတီတော်

ဘုရားဦးကျောင်းဆောင်တွင်းရှိ ရပ်မိ ရပ်ဖလူကြီးများကို မေးမြန်းကြည့်ရာ ဘုရားဦး စေတီတော်သည် ရှေးနှစ်ပေါင်းများစွာပင် တည်ရှိလာသော ရှေးဟောင်းစေတီတော် တစ်ဆူရှိပြီး အလှူခံရရှိလာသော ငွေကြေး များကို ဘုရားစေတီတော် ရွှေသင်္ကန်း ကပ်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားကျောင်းဆောင်အတွင်းဘက် မြင်ကွင်းမှာ ပုဂံခေတ်လက်ရာလိုလို ဘုရား ကျောင်းဆောင်ကို ဂူပုံစံပြုလုပ်ထားသည်။ ကျောင်းဆောင်တွင်းရှိ ဆင်းတုတော်မှာလည်း ပုဂံခေတ်လက်ရာနှင့် ဆင်တူသည်ဟု ဆိုပြန် သည်။ ကျောင်းဆောင်တစ်ဆောင်တွင် ခုနှစ် သက္ကရာဇ်ကို အောက်ပါအတိုင်း ရေးသား ထားသည်။

“ဘောင်ချမ်သာသည် သက္ကရာဇ် ၁၂၈၄ ခုနှစ်၊ ၀ါဆိုလဆန်း ၁၀ လေးရက်နေ့ ၊ တြိသုခ ချမ်းသာစေချင် ဘာလိုဝ်ငှာ ဘုရားတဂါ ၂ ဦး သဉ် ဘိဘနင် ကိုဝ်ယင်ဘဲ ကောင်းမှု နိဗ္ဗာန်ဆု ခါ နတ်လူအပေါင်း သောင်းင်း သာဓု သာဓု ခေါ်စေသော်ဝ်” ဟု ရေးထားသည်ကို ဖတ် ခြင်းအားဖြင့် နှစ်ပေါင်း ၁၀၂ နှစ်ထက်မနည်း သက်တမ်းရှိမည်ကို ခန့် မှန်းနိုင်သည်။ ရပ်ရွာ လူကြီးများ ပြောပြချက်အရ နှစ်ပေါင်း ၂၀၀ ထက်မနည်း ရှိနိုင်ကြောင်းပြောဆိုပြီး ခေါင်း လောင်းတွင် ရေးထားသောစာကို ဖတ်မရ တော့ဘဲ ထုံးသုတ်ထားသည်ကို မြင်ရသည်။ တိုင်းရင်းသားတစ်ဦး ပြောပြချက်မှာ ၀ါးကြီး မြောင်ဘုရား၊ ရေငုပ်ရွာဘုရားနှင့် ဘုရားဦး စေတီတော်တို့သည် လက်ရာတူကြောင်း ဆို သည်။ ၀ါးကြီးမြောင်ဘုရားသည် နရပတိစည် သူမင်း၏ မိဖုရားကြီး တည်ထားကိုးကွယ်ခဲ့ ခြင်းဖြစ်ကာ သင်္ကြန်အတက်နေ့ တွင် နှစ်စဉ် ဘုရားပွဲရှိကြောင်း သိရသည်။

ထိုပွဲကို ပအိုဝ်းတိုင်းရင်းသားအများစု ဦးဆောင်ကျင်းပသည်ကို မြင်တွေ့ရပြီး စင်မြင့် ပေါ်တွင် သာသနာ့အလံတော်နှင့် ပအိုဝ်းတိုင်း ရင်းသားအလံကို တွေ့ရသည်။

ထိုဘုရားဦးစေတီမှ ဆက်သွားလျှင် တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းလည်းရှိပြီး ဘုရားဦးကျောင်းကို အနီး ဝန်းကျင့် ကျေးရွာခြောက်ရွာမှ ကိုးကွယ်ကြ ခြင်းဖြစ်သည်။ ဘုရားဦးပွဲကိုလည်း ထိုရွာ ခြောက်ရွာမှ လာရောက်၍ အလှူအတန်းပြု လုပ်၍ ပူဇော်နေကြခြင်းဖြစ်သည်။ ဘုရားဦး ပတ်လည်တွင်တည်ရှိသော သစ်အယ်တစ်၊ ဘုရားဦး၊ ထင်းရှူးကုန်းနှစ်ရွာ၊ ကျောက်ဆင့် နှစ်ရွာ စသောကျေးရွာခြောက်ရွာတို့မှ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ထနော့တိုင်းရင်းသားများ လာရောက်ဆင်နွှဲခြင်းဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တာ တက်ပွဲတွင် အိုးစည်ဝိုင်းများဖြင့် ပဒေသာပင် စီတန်းလှည့်လည်ခြင်းဖြစ်ကာ ဘုရားစေတီ တော်ကို သုံးပတ်လှည့်လည်ပူဇော်ကြသော ဓလေ့ဖြစ်သည် ။ ထိုသို့စီတန်းလှည့်လည်ပြီး နောက် ကျောင်းဆောင်အတွင်း ဝင်ရောက်၍ ဘုရားကန်တော့ကြကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး ပွဲခင်းလည်ကြခြင်း ဖြစ်သည်။

“ဒါက မပြီးသေးဘူး။ ညနေပိုင်းမှာ ဒီ ထက်မက အများကြီးပိုပြီး စည်ကားဦးမယ်။ ဒီကွင်းထဲမှာ တိုင်းရင်းသားတွေ အားလုံးပါဝင် တဲ့အဖွဲ့တွေနဲ့ အိုးစည်တီးပြီးကကြမယ်။ ပွဲခင်း လှည့်လည်တာပေါ့ “

ဟု ဒေသခံတစ်ဦး ပြောပြချက်အရ ကျွန် တော် အံ့သြမိပြန်သည်။ နံနက်ပိုင်းတောင် ဒီလောက်စည်ကားနေတာ ညနေပိုင်းမှာ ဒီထက် ၁၀ ဆလောက်ပိုပြီးပျော်ရွှင်စရာ ကောင်းမည်ဟုဆိုသဖြင့် သစ်ရိပ်ဝါးရိပ် အောက်တွင် ခေတ္တနားခိုမိသည်။ တိုင်းရင်း သား အကအလှအဖွဲ့များတို့၏ သီဆိုကပြ ဖျော်ဖြေမှုများသည် ရပ်နားခြင်းမရှိဘဲ တောက် လျှောက် ဖျော်ဖြေနေကြသည်။ နေ့လယ်ခင်း နေကလည်း ခြစ်ခြစ်တောက်ပူလောင်လွန်း သည်။ ကျွန်တော်လည်း မနေ့ညက ၁ နာရီမှ အိပ်ရပြီး မနက် ၅ နာရီခွဲ ထရခြင်းကြောင့် ဟန်မဆောင်နိုင်အောင် မျက်စိညောင်းလာ သဖြင့် သစ်ပင် အောက်မှာပင် ခေတ္တအနားယူ မိသည်။

 

တိုင်းရင်းသားလေးမျိုး ပါဝင်သော ထူးခြားသည့်အလှူပွဲ

နာရီဝက် မပြည့်တပြည့်အချိန်တွင် ပြန် လည်နိုးထလာပြီး ထနော့တိုင်းရင်းသားတို့၏ သီဆိုဖျော်ဖြေမှုကိုကြည့်ရှုရန် ကျွန်တော်လည်း ထလာပါသည်။ ထနော့တိုင်းရင်းသားတို့ သည် လူနည်းစုတိုင်းရင်းသားများဖြစ်ပြီး သူတို့ ၏ နေထိုင်မှုဘဝဇာတ်ကြောင်းကို စိတ်ဝင် စားသဖြင့် လေ့လာမေးမြန်းနေမိသည်။

တောင်ပို့လှကျေးရွာတွင် နေထိုင်သော ထနော့တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် ဦးပြားက သိလိုသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါသည်။ ထနော့ တိုင်းရင်းသားတို့သည် ကလောမြို့နယ် ၊ ငုံးသုံ ကျေးရွာအုပ်စုတွင်းရှိ ထင်းရှူးပင်၊ တောင်ပို့လှ၊ သစ်အယ်တစ်၊ တောင်ကြီးမြို့နယ် အေးသာ ယာမြို့ နောင်အင်နှင့် သစ်ပင်ထောင်ကျေးရွာ တို့တွင်လည်းကောင်း ပျံ့နှံ့နေထိုင်ကြပြီး လူဦး ရေ ၄၀၀၀ ကျော်သာကျန်ရှိသော လူနည်းစု တိုင်းရင်းသားတစ်မျိုးလည်းဖြစ်သည်။ ထနော့ တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာအများစု ဖြစ်ကြပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်စား သောက်ကြသည်။ ထနော့တိုင်းရင်းသားတို့ သည် အေးချမ်းစွာနေထိုင်တတ်ကြပြီး စိတ် ထားဖြူစင်၍ ရိုးသားဖြောင့်မတ်ကြသည်။ ထနော့တိုင်းရင်းသားများ၊ ထနော့တိုင်းရင်းသူ လေးများကို သွားရောက်စကားပြောကြည့် လျှင် တိုင်းရင်းသားတို့၏ ရိုးသားဖြူစင်သော စိတ်ဓာတ်နှင့် လှပသော နှလုံးသားတို့ကို ခံစား နိုင်မည်ဖြစ်သည်။

မကြာခင် ထနော့တိုင်းရင်းသားအက အဖွဲ့ ဖျော်ဖြေတင်ဆက်ရန်အချိန်ကျရောက် လာသဖြင့် စကားစပြတ်သွားပြီး သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ထနော့တိုင်းရင်းသား တို့၏ဘာသာစကားဖြင့် သီဆိုထားသော ထနော့တေးသီချင်းဖြင့် ရိုးရာကကွက်များကို ဖော်ကျူးတင်ဆက်ကပြနေကြခြင်းဖြစ်သည်။ ထိုနေ့တစ်ရက်လုံး မနက်ပိုင်းမှစတင်၍ တိုင်း ရင်းသားအကအဖွဲ့များတို့သည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆက်တိုက်ဆိုသလို အားကြိုးမာန်တက် သီဆိုဖျော်ဖြေနေကြသလို ပွဲလာဧည့်ပရိသတ် ကလည်း သစ်ပင်ကြီးများအောက်တွင် တစ်ခဲ နက် ငြိမ်သက်တိတ်ဆိတ်စွာထိုင်လျက် အား ပေးနေကြသည်ကို အံ့သြစွာ မြင်တွေ့ရသည်။ မွန်းလွဲပိုင်းတွင် ထနော့တိုင်းရင်းသား ဦးပြုံးချို ပြောပြထားသလို ပဒေသာပင်အဖွဲ့များ လူစု ပြီး စီတန်းလှည့်လည်လာပြန်သည်။

နံနက်ပိုင်း ပဒေသာပင်အဖွဲ့များ လှည့် လည်ပြီးနောက် ပွဲခင်းလည်ပတ်ကြပြီး ဖျော် ဖြေရေးအဖွဲ့များကို အားပေးနေကြခြင်းဖြစ် သည်။ မွန်းလွဲပိုင်း ၁ နာရီခွဲခန့်အချိန်တွင် ပအိုဝ်းတိုင်းရင်းသားအများစုသည် သစ်ရိပ် ၀ါးရိပ်အောက်တွင် လူစု၍ ပွဲခင်းဝင်ရန် ကြို တင်ပြင်ဆင်နေကြသည်။ မိန်းမငယ်လေးများ က ခေါင်းပေါင်းပြင်ဆင်၍ အလှပြင်ဆင်နေ ကြသလို အမျိုးသားများကလည်း အိုးစည် မောင်းဆိုင်းတို့ဖြင့် ကခုန်နေကြပြီ ဖြစ်သည်။ ရွာအလိုက် ပြင်ဆင်ထားသော ပဒေသာပင် ကို ရှေ့ဆုံးတွင် နေရာယူထားကြသည်။ ပိုက် ဆံတစ်ထောင်တန်၊ ငါးထောင်တန်လေးများ ကို ၀ါးခြမ်းဖြင့်ညှပ်၍ ပဒေသာပင်တွင် စီတန်း ကာ ထိပ်ဆုံးတွင် သင်္ကန်းတစ်ထည်ကိုလည်း တပ်ဆင်ထားသည်။ ပဒေသာပင်တိုင်းတွင် သင်္ကန်းတစ်ထည်မှာ မပါမဖြစ် ဖြစ်ပြီး ပိုက်ဆံ အနည်းအများ ကွာခြားမှုရှိပါသည်။ တချို့ ပဒေသာပင်များ၏အောက်ခြေတွင် ၀ါးဖြင့် ရက်လုပ်အလှဆင်ထားပြန်သည်။

ပအိုဝ်းတိုင်းရင်းသားတစ်ဦး ပြောပြချက် အရ  ညနေပိုင်း တွင် ဘုရားဒကာရွာ ဖြစ်သော ကျေးရွာခြောက်ရွာတို့၏ ပဒေသာပင်လှည့် လည်မှုဖြစ်ကြောင်း ပြောပြတော့မှ ကျွန်တော် ဇာတ်ရည်လည်တော့သည်။ မနက်ပိုင်းတွင် လှည့်လည်ခြင်းမှာ ရွာနီးချုပ်စပ် (ရပ်ဝေး) တို့မှ လှည့်လည်မှု ဖြစ်ရမည်။

ပဒေသာပင် လှည့်လည်လာသောရွာစဉ် များသည် နေရာအနှံ့အပြားမှ ဝင်ရောက်လာ ခြင်းဖြစ်ကာ ဘုရားဦးစေတီတော် ပရဝုဏ် အတွင်း တစ်မုဟုတ်ချင်း တိုင်းရင်းသားအဖွဲ့ များ ပြည့်နှက်သွားတော့သည်။ ပဒေသာပင် အလှူပွဲအဖွဲ့များသည် ဘုရားဦးစေတီဝင်းအ တွင်း လှည့်လည်ရန် နေရာမဆံ့တော့သဖြင့် ကျောက်ရိုးအပေါ်လမ်းမှတက်၍ ဘုရားကို သုံးပတ် လက်ယာရစ်ပူဇော်ကြသည်။ ထူးခြား မှုမှာ ပအိုဝ်းတိုင်းရင်းသားများအဖွဲ့သည် ပျော်ရွှင်ကြည်နူးစွာဖြင့် ကပြ၍ ရွာအဝင်မှ ပွဲခင်းသို့ ချီတက်လာကြခြင်းလည်းဖြစ်သည်။ သူတို့ ပျော်ရွှင်ကြည်နူးနေပုံများကို သူတို့မျက် နှာများတွင် အတိုင်းသားမြင်နိုင်သည်။ ပွဲခင်းမှ ဘုရားစေတီတော်သို့ ဝင်ရောက်ရာ လမ်းတစ် လျှောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြပြီး လမ်းများ ပိတ်၍ ရပ်စောင့်နေကြရသေးသည်။

တကယ့်ကို အံ့မခန်းမြင်ကွင်းများကို စတင်မြင်ခဲ့ရသည်။ ပအိုဝ်းတိုင်းရင်းသားများ အပြင် ထနော့၊ တောင်ရိုးနှင့် ဓနုတိုင်းရင်းသား အဖွဲ့များလည်း အိုးစည်ဝိုင်းကိုယ်စီတို့ဖြင့် ဝင်ရောက်လာကြသည်။

ပအိုဝ်းတိုင်းရင်းသားအဖွဲ့များသည် လေးတန်းတန်း၍ စီတန်းလှည့်လည်နေကြ ခြင်းဖြစ်သည်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လှည့်လည်ပြီး နောက် လူငယ် ၊ လူလတ်ပိုင်းများ ပါဝင်သော အကအဖွဲ့များသည် လူလေးယောက် လက်တစ် ဆန့် စာ (တချို့အဖွဲ့ လူငါးယောက်တန်း၍) နေရာကျယ်ကျယ်ယူ၍ ကပြဖျော်ဖြေနေကြ သည်။ ထိုသို့ တိုင်းရင်းသားကကွက်များကို ကပြရာတွင်လည်း အားကြိုးမာန်တက် ခံစား ချက်အပြည့်ဖြင့် ဟန်ချက်ညီညာတူညီစွာဖြင့် ကပြနေကြခြင်းဖြစ်သည်။ ကကွက်ဖော် ဆောင်ရင်း ရှေ့သို့နည်းနည်းချင်းစီ ခြေလှမ်း တိုးရင်း ရွေ့လှမ်းနေခြင်း ဖြစ်သည်။ ဘုရားဦး စေတီတော် ပရိဝုဏ်ပတ်ပတ်လည်တွင် အက အဖွဲ့များ ၀ိုင်းပတ်၍ စေတီတော်ကို လက်ယာ ရစ်ပူဇော်နေကြသည်မှာ တစ်ကွင်းလုံးအပြည့် ဖြစ်နေသည်။ ဘေးနားကျောက်ရိုးပေါ်တွင် လည်း ပွဲလာဧည့်ပရိသတ်များ ပြည့်ကျပ်စွာ လာရောက်ကြည့်ရှုနေကြသည်။

ထနော့တိုင်းရင်းသားတို့သည် အမျိုး သားများတွင် ခေါင်းပေါင်းအပြာနုရောင်၊ ငွေရောင် (ခဲရောင်) ဝတ်စုံ ၊ အမျိုးသမီးများ တွင် ပန်းရောင်အကျႌ  (ငွေခဲရောင်) လုံချည်ရိုး ရာဝတ်စုံကို တူညီစွာဝတ်ဆင်၍ ကကွက် ဖော်ဆောင်နေကြခြင်းဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသား အမျိုးသား၊ အမျိုး သမီးတို့သည် ရိုးရာဝတ်စုံကို ဆင်တူဝတ်ဆင် ကြပြီး စီတန်းလှည့်လည် ပွဲလှည့်နေကြသည် မှာ ဘုရားစေတီတစ်ကွင်းလုံးအပြည့်ပင် ဖြစ် နေသည်။

မေလလယ်၏ ပြင်းသောနေရောင်ခြည် ကို အန်တု၍ အားကြိုးမာန်တက်ကပြ၍ ပဒေ သာပင်အလှူပွဲ ဆင်နွှဲနေကြသည်ကို ကြည့် ခြင်းအားဖြင့် သူတို့၏စိတ်အားထက်သန်မှု ကိုလည်း မှန်းဆနိုင်မည်ဖြစ်သည်။ မနက်မှ စ၍ ညနေပိုင်းအချိန်အထိ မနားတမ်း စီတန်း လှည့်လည်နေကြခြင်းလည်းဖြစ်သည်။ လူငယ် အများစုမှာ လူတိုင်းနီးပါး ကတတ်ပြီး အချက် ကျကျ ကပြနိုင်မှုစွမ်းရည်မှာ ချီးကျူးစရာ ကောင်းလှသည်။

ဓနုတိုင်းရင်းသားတို့၏ အပျိုလည်ဓလေ့

ဓနုတိုင်းရင်းသားတို့သည် စိုက်ပျိုးရေး ကို အဓိက အားထားလုပ်ကိုင်ကြသဖြင့် စိုက်ပျိုးရေး သံသရာတွင်း ကျင်လည်ကြရင်း အချိန်ကုန်သွားကြသည်က များသည်။ လူငယ်တို့၏သဘာဝ ပျော်ပွဲရွှင်ပွဲအတွက် မျှော်လင့်ချက်မှာ တစ်နှစ်၌ နှစ်စဉ်ပွဲခေါ် တာတက်ပွဲ၊ ဘုရား ပွဲ၊ အလှူအတန်းရှင်ပြုပွဲ၊ မင်္ဂလာဆောင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲတို့တွင်သာ ချစ်ခင်နှစ်သက်သူများကို ရှာဖွေကြရသည်။

ရှေးခေတ် အပျိုလှည်ဓလေ့တွင် မာယာ နှင့်ကြီးချင်းကို အသုံးပြုခဲ့ကြောင်း၊ ဖွဲ့ဆိုတတ် ကြကြောင်း ဓနုတိုင်းရင်းသားအဘိုးအိုတစ်ဦး က ရှင်းပြသည်။ ယနေ့ခေတ်တွင် နည်းပညာ တိုးတက်လာသည်နှင့်အမျှ လူမှုကွန်ရက် လွှမ်းမိုးမှု နည်းပညာလှိုင်းလုံးအောက်တွင် တိုင်းရင်းသားများသည်လည်း လွန်ဆန်နိုင် ခြင်းမရှိဘဲ မျောပါခဲ့ကြရသဖြင့် မာယာနှင့် ကြီးချင်း အသုံးပြုမှု ပျောက်ကွယ်ခဲ့ရကြောင်း သိရသည်။

ထိုမာယာနှင့် ကြီးချင်းကဗျာများကို သင်ယူသူလည်း နည်းပါး၊ အသုံးပြုသူ လူ ငယ်များလည်း မရှိ ၊ စပ်ဆိုခြင်း မရှိကြတော့ဘဲ တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာနေ ကြောင်း သိရသည်။

မာယာကို မယ်ယာဟုလည်း ခေါ်ပြီး စကားချိတ်ဟုလည်း ခေါ်ကြသည်။ တစ်ဖန် မာယာသျှိုးချင်းဟုလည်း ခေါ်ကြပါသေး သည်။ မာယာကို အပျိုလည်ရာတွင်သာမက စကားနိုင်လုရာတွင်လည်း အသုံးပြုကြပါ သည်။

ဓနုကြေးမုံတွင် ဖော်ပြထားသော ဓနုရိုး ရာ မယ်ယာနှင့် ကြီးချင်း ကဗျာများထဲမှ နမူနာ ဖော်ပြရလျှင် -(၁) ကစော့ပင်ကုတ်၊ ပိုးယားထုပ်၊ မလှုပ် လေနှင့် ကြွေလိမ့်မယ်။ သူ့သမီးငတ်တုတ်၊ မျက်ချေးထုတ်၊ မလုပ်လေနင့် ငိုလိမ့်မယ်။ဦးလှမောင် (၄၃) နှစ်၊ ပနားရွာ၊ ရပ် စောက်မြို့ဟူ၍ ဖော်ပြထားသည်။

ကြီးချင်း မှာ ဓနုဒေသအခေါ် “ချီးချင်း” ဖြစ်သည်။ ချီးချင်းကို အသံနေအသံထားနှင့် ရွတ်ဆိုရသည်။ အပျိုလေး နေအိမ်ပေါ်သို့ မတက်မီ ချီးမွမ်းခန်းဖွင့်ရုံသာမက မိမိက မေတ္တာရှိကြောင်း ဦးစွာပြသရသည်။ ထိုသို့ ချီးပြီးမှ အိမ်ပေါ်တက်လေ့ရှိသည်။ ထို့ပြင် ဓနုရိုးရာ ရတု ၊ ဓနုရိုးရာ မော်ဧချင်း၊ မင်္ဂလာ မြောက် မော်ဧချင်း ၊ ဓနုရိုးရာသံချပ်တို့မှာ လည်း ထင်ရှားကျော်ကြားပါသည်။

ဓနုရိုးရာ သံချပ်များကို ဓနုတိုင်းရင်းသား အဆိုတော် ဒီနေးရှင်း ရေးစပ်သီဆိုထားသော သီချင်းများတွင် နားဆင်ခံစားနိုင်ပြီး ဓနုတိုင်း ရင်းသားတို့၏ ရိုးရာဓလေ့၊ ဒေသအလှအပ များအကြောင်းကို အတိုင်အဖောက် သီဆို ထားသော ကဗျာတစ်မျိုးကို သံချပ်ဟု ခေါ်ဆို ခြင်းဖြစ်ပါသည်။ သံချပ်ကို အလှူပွဲများ၊ ရိုးရာ ပွဲတော်များနှင့် ပွဲလမ်းသဘင်များတွင် အိုး စည် ဗုံမောင်းတို့ဖြင့် သီဆိုကြသလို သီချင်း များလည်း ရှိပါသည်။

တိုင်းရင်းသားတို့၏ တာတက်ပွဲ

ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် တိုင်းရင်းသားများအလိုက် ရိုးရာတာတက်ပွဲ များကို မြင်တွေ့နိုင်ပါသည်။ ရှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့ နယ်တို့တွင် တိုင်းရင်းသားရိုးရာ တာတက်ပွဲ များကို တန်ခူးလ သင်္ကြန်အတက်နေ့မှ စတင် ၍ ဆုန်လပြည့်ကျော် ၅ ရက်နေ့အထိ ဆက်တိုက် ကျင်းပနေကြခြင်းလည်း ဖြစ်ပါ သည်။

မြေလတ်ဒေသများတွင် တိုင်းရင်းသား တို့၏ ကျေးရွာအလိုက် စုပေါင်းတာတက်ပွဲ ကျင်းပခြင်းဓလေ့ကို ယနေ့တိုင် မြင်တွေ့နိုင် ပါသည်။

အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ တွင် ရှမ်းတိုင်းရင်းသားတို့၏ရိုးရာ ကိန္နရီ၊ ကိန္နရာ အကအလှများ၊ အိုးစည်မောင်းဆိုင်း များ၊ မြေဝိုင်းအကအဖွဲ့များဖြင့် တာတက်ပွဲ ကျင်းပခြင်း ပုံရိပ်များကို မြင်တွေ့ခဲ့ရပါသည်။

တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာ တာတက်ပွဲများကို တောင်ရိုးတိုင်းရင်းသား များနေထိုင်သော ကျေးရွာများတွင် ပြုလုပ်ခဲ့ ကြသည်ကိုလည်း မြင်တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နယ်ရှိ ဓနုတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများတွင်လည်း ရိုးရာတာတက်ပွဲများ ကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်း သားကျေးရွာများတွင် တန်ခူးလ သင်္ကြန် အတက်နေ့မှစတင်၍ ကဆုန်လပြည့်ကျော် ၅ ရက်နေ့အထိ ကျင်းပမြဲဖြစ်သော နှစ်စဉ်ပွဲ (ခေါ်) ရိုးရာတာတက်ပွဲအကြောင်းလေးကို ယခု ခရီးသွားဆောင်းပါးဖြင့် မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။

ဆက်လက်၍ တိုင်းရင်းသားများ၏ ရိုး ရာဓလေ့များနှင့် လူနေမှုစနစ်များ အကြောင်း အခါအခွင့်သင့်သလို ရေးသားဖော်ပြသွား မည်ဖြစ်သည်။