မိုဒီအတွက် တတိယမြောက် ရာထူးသက်တမ်းက စိန်ခေါ်မှုအများဆုံး ဖြစ်လာမလား

မိုဒီအတွက် တတိယမြောက် ရာထူးသက်တမ်းက စိန်ခေါ်မှုအများဆုံး ဖြစ်လာမလား
Photo: AFP
Photo: AFP
Published 10 June 2024
■TRANSLATED- ဖြိုးဟိန်းကျော်

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇွန် ၉ ရက်တွင် ၎င်း၏တတိယမြောက် ရာထူးသက်တမ်းအတွက် စတင်တာဝန်ယူခဲ့သော်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အာဏာရယူခဲ့စဉ်ကထက် လက်ရှိရာထူးသက်တမ်း သည် စိန်ခေါ်မှုများ ပိုမိုပြည့်နှက်နေဖွယ်ရှိသည်။

ဇွန် ၉ ရက်က မြို့တော်နယူးဒေလီရှိ အိန္ဒိယသမ္မတ၏ အိမ်တော်ဖြစ်သည့် ရက်ရှ်ထရာပါတီ ဘာဗန်၌ သမ္မတ ဒရူပါဒီမာမူ၏ ကြီးကြပ်မှုအောက်တွင် မိုဒီနှင့် ၎င်း၏အစိုးရအဖွဲ့သစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်တို့တွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၎င်း၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာယာတီယာ ဂျနာတာ(BJP)ပါတီသည် ယခုတစ်ကြိမ်တွင် ၎င်းတို့ဘာသာ အစိုးရဖွဲ့နိုင်ရန် အမတ်နေရာအများစုကို မရရှိခဲ့ပေ။

အဆင့်ခုနစ်ဆင့်ဖြင့် သီတင်းပတ်ခြောက်ပတ်ကြာ ကျင်းပခဲ့သည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ တရားဝင် မဲရလဒ်များကို ဇွန် ၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် BJP ပါတီက အမတ်နေရာ ၂၄၀ သာ ရရှိခဲ့ခြင်းကြောင့် တစ်ပါတီတည်းက အောက်လွှတ်တော်၏ အမတ်နေရာအများစုကို ထိန်းချုပ်နိုင်ရန် လိုအပ်သည့် အမတ်နေရာ ၂၇၂ နေရာကို ပြည့်မီခဲ့ခြင်းမရှိပေ။ သို့သော် BJP နှင့် အခြားမဟာမိတ်ပါတီများ ပူးပေါင်းထားသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်ညွန့်ပေါင်းအဖွဲ့(NDA)သည် အမတ်နေရာ ၅၄၃ နေရာရှိသော အောက်လွှတ်တော်တွင် စုစုပေါင်း ၂၉၃ နေရာရရှိခဲ့သည်။

မိုဒီ၏ အဓိကနိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် ကွန်ဂရက်ပါတီဦးဆောင်သော အတိုက်အခံ မဟာမိတ်အုပ်စုဖြစ်သည့် INDIA က ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းကထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး လွှတ်တော်၌ အမတ်နေရာ ၂၃၂ နေရာ ရယူနိုင်ခဲ့သည်။

မိုဒီအနေဖြင့် အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရန် ဒေသခံမဟာမိတ်ပါတီများ၏ ထောက်ခံမှုကို လိုအပ်နေခြင်းကြောင့် ၎င်း၏အုပ်ချုပ်မှုပုံစံကို ချိန်ညှိပြင်ဆင်ရဖွယ်ရှိသည်။ မိုဒီသည် ယင်းသို့လုပ်ဆောင်ရာတွင် အတွေ့အကြုံနည်းသည့်အပြင် ၎င်းမျှော်လင့်ထားသည့် အခြေအနေမျိုးလည်း မဟုတ်ပေ။

၇၃ နှစ်အရွယ် မိုဒီသည် ဂျဝါဟာလာနေ ရူးနောက်ပိုင်း ဝန်ကြီးချုပ်ရာထူးကို သက်တမ်းသုံးကြိမ်ဆက် ရယူနိုင်သည့် ဒုတိယမြောက် အိန္ဒိယခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူသည် နိုင်ငံ့စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုး လာစေရန် ဦးဆောင်နေသူဖြစ်သကဲ့သို့ ဟိန္ဒူအမျိုးသားရေးဝါဒကို ရှေ့တန်းတင်သူလည်း ဖြစ်သည်။

မိုဒီအား ထောက်ခံသူများအဖို့ ၎င်းသည် ကမ္ဘာ့အလယ်တွင် အိန္ဒိယ၏ ရပ်တည်မှုကို မြှင့်တင်ပေးသူ၊ အိန္ဒိယကို ပဥ္စမမြောက် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်လာအောင် ပဲ့ကိုင်ပေးသူနှင့် နိုင်ငံ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို အကျိုးပြုနေသည့် ကျယ်ပြန့်သော လူမှုဖူလုံရေးအစီအစဉ်ကို ထိရောက်မြန်ဆန်စွာ ဖော်ဆောင်သူအဖြစ် ရှုမြင်ခံရသော ပုံရိပ်ကြီးမားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အချို့ဆိုလျှင် ၎င်းကို လူသားတစ်ဦးထက်ပို၍ ကြီးမြတ်သူဟုပင် ယူဆထားကြသည်။

သို့သော် ဝေဖန်သူများ၏ အမြင်တွင် မိုဒီသည် အိန္ဒိယ၏ ဒီမိုကရေစီကို မှေးမှိန်စေသည့် ဘာသာရေးအယူအဆ ပြင်းထန်သူ၊ နိုင်ငံ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းရှိသည့် လူနည်းစု မွတ်စလင်ဘာသာဝင်များကို ပစ်မှတ်ထားသည့် သဘောထားကွဲလွဲမှုများဖြစ်စေသော နိုင်ငံရေးခံယူချက်ကို ရှေ့တန်းတင်သူတစ်ဦး ဖြစ်နေသည်။ မိုဒီသည် အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်ရန် မလိုအပ်ဘဲ အင်အားသုံးကိုင်တွယ်သည့် နည်းပရိယာယ်များကို ပိုမိုကျင့်သုံးလာပြီး အမှီအခိုကင်းသော မီဒီယာများနှင့် အတိုက်အခံများကိုလည်းနှုတ်ဆိတ်အောင် လုပ်ဆောင်နေသည်ဟုလည်း ဝေဖန်သူများက ဆိုသည်။

မိုဒီ၏ အစိုးရကမူ ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အိန္ဒိယတွင် ဒီမိုကရေစီထွန်းကားလျက်ရှိသည်ဟု အခိုင်အမာဆိုထားသည်။

အစားအသောက်များနှင့် နေစရာစီစဉ်ပေးမှုများ ပါဝင်သည့် လူမှုဖူလုံရေး အစီအစဉ်များနှင့် ဟိန္ဒူမဲဆန္ဒရှင်များ၏ထောက်ခံမှုကို အခိုင်အမာရရှိစေသည့် ပြင်းထန်သော ဟိန္ဒူအမျိုးသားရေးဝါဒတို့သည်  မိုဒီ၏အောင်ပွဲအတွက် တွန်းအားဖြစ်စေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

မိုဒီ၏ သက်တမ်းအတွင်း အိန္ဒိယ၏ စီးပွားရေးသည် ခုနစ်ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ဘဏ်စာရင်းဖွင့်ကာ ငွေစုသူသန်း ၅၀၀ ကျော်ရှိခဲ့သော်လည်း ယင်းဖွံ့ဖြိုးမှုသည် လုံလောက်သည့် အလုပ်အကိုင်များကို ဖန်တီး ပေးနိုင်ခြင်းမရှိဘဲ ၎င်းအုပ်ချုပ်စဉ်အတွင်း ဆင်းရဲချမ်းသာကွာဟမှုသည် ပိုမိုဆိုးရွားလာသည်ဟု ဘောဂဗေဒပညာရှင်အချို့က ပြောကြားသည်။

၂၀၄၇ ခုနှစ်အရောက်တွင် အိန္ဒိယသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာရမည်ဟူသော ကတိစကားဖြင့် မိုဒီက သူ၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို စတင်ခဲ့ပြီး ပြည်သူသန်းပေါင်းများစွာအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည့် အစိုးရ၏လူမှုဖူလုံရေးဆိုင်ရာ မူဝါဒများနှင့် အားကောင်းသော ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍကို မီးမောင်းထိုးပြရန် အလေးအနက်အာရုံစိုက် ခဲ့သည်။

သို့သော် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေးမှုများ အရှိန်မြင့်တက်လာစဉ် မိုဒီသည် မွတ်စလင်ဆန့်ကျင်ရေး စည်းရုံးဟောပြောမှုများကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး မွတ်စလင်များကို စိမ့်ဝင်ထိုးဖောက်သူများဟု သုံးနှုန်း ပြောဆိုခဲ့ကာ မွတ်စလင်များသည် ကလေးများများမွေး၍ ဟိန္ဒူဘာသာဝင် လူဦးရေထက်သာလွန်အောင် လုပ်နေသည်ဟူသော ဟိန္ဒူအမျိုးသားရေးဆိုင်ရာ ပြောဆိုချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ဘာသာတရား ကိုင်းရှိုင်းမှုသည်လည်း မိုဒီ၏သိသာထင်ရှားသော အရေးအပါဆုံး အမှတ်သညာတစ်ခုအဖြစ် ကာလကြာမြင့်စွာရှိခဲ့ပြီး သူ့ကိုဘုရားသခင်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုပင် သုံးနှုန်းပြောဆိုလာခဲ့သည်။

“ကျွန်တော့်အမေ သက်ရှိထင်ရှားရှိတုန်းက ကျွန်တော့်ကို အမေကမွေးခဲ့တယ်လို့ ယူဆခဲ့တယ်။ အမေကွယ်လွန်ပြီးနောက်ပိုင်း ကျွန်တော့်အတွေ့အကြုံတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်က ကျွန်တော့်ကို စေလွှွတ်ခဲ့တယ်လို့ ယုံကြည်လာတယ်”ဟု မဲဆွယ်စည်းရုံးစဉ်အတွင်း ရုပ်သံအင်တာဗျူးတစ်ခု၌ မိုဒီက ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလက ဗလီအဆောက် အအုံဖြိုချခဲ့သည့်နေရာတွင် တည်ဆောက်ခဲ့သည့် အငြင်းပွားဖွယ်ဟိန္ဒူဘုရားကျောင်းဖွင့်လှစ်ရာတွင် မိုဒီက ကာလရှည်ဟိန္ဒူအမျိုးသားရေးရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

မဲဆွယ်စည်းရုံးမှုများ ပြီးဆုံးချိန်တွင် မိုဒီက ဟိန္ဒူဘာသာရေး အထွတ်အမြတ်နေရာတစ်ခုသို့ သွားရောက်ကာ ၄၅ နာရီကြာ ကမ္မဋ္ဌာန်းထိုင်ခဲ့ပြီး ယင်းအား အိန္ဒိယပြည်တွင်းရုပ်သံအများစုကနာရီနှင့်ချီကာ ထုတ်လွှင့်ခဲ့သည်။

၁၉၅၀ ခုနှစ်က အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင်ဇာတိ ဇာတ်နိမ့်မိသားစုမှ မွေးဖွားလာသည့် မိုဒီသည် မွတ်စလင်များအပေါ် မုန်းတီးမှုများဖြစ်လာအောင်လှုံ့ဆော်နေသည်ဟု ကာလကြာမြင့်စွာစွပ်စွဲခံ ထားရသည့် လက်ယာဝါဒီအကူလက်နက် ကိုင်တပ်ဖွဲ့ Rashtriya Swayamsevak Sangh(RSS) ထဲသို့ လူငယ်ဘဝကတည်းက ဝင်ရောက်ခဲ့သည်။ RSS ဆိုသည်မှာ သဘောတရားရေးရာတွင် BJP ပါတီ၏ မိခင်ဟု ဆိုရမည်ဖြစ်သည်။

လက်ဖက်ရည် ရောင်းချသူတစ်ဦး၏သားဖြစ်သည့် မိုဒီသည် ၂၀၀၁ ခုနှစ်က နိုင်ငံရေးလောကတွင် ပထမဆုံး အခိုင်အမာ ထိုးဖောက်နေရာယူမှုအဖြစ် ဂူဂျာရတ်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ လအနည်း ငယ်အတွင်း ၎င်းဒေသတစ်ဝန်း၌ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လူ ၁,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။ မိုဒီက ယင်းအဓိကရုဏ်းဖြစ်စဉ်များကို တိတ်တဆိတ် ထောက်ခံအားပေးနေသည်ဟူသော သံသယများဖြစ်ပေါ်ခဲ့ပြီး မိုဒီကမူ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။

ဘာသာမတူ အသိုင်းအဝိုင်းများအကြား အကြမ်းဖက်မှုများဖြစ်ပွားခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟူသော စိုးရိမ်မှုများကြောင့် ၂၀၀၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မိုဒီကို ပြည်ဝင်ခွင့်ဗီဇာရုပ်သိမ်းခဲ့သည်။ အိန္ဒိယတရားရုံးချုပ်က အတည်ပြုခဲ့သည့် စုံစမ်းစစ်ဆေးမှုအရ နောက်ပိုင်းတွင် မိုဒီကို လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း ယင်းဖြစ်ရပ်များနှင့် ပတ်သက်သည့် အစွန်းအထင်းသည် ယခုအချိန်အထိ ပျောက်ပျက်မသွားခဲ့ပေ။

ထို့နောက် ၁၃ နှစ်အကြာ ၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မိုဒီသည် အားနည်းနေသည့် အိန္ဒိယ၏စီးပွားရေးကို လှုပ်နှိုးရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မည်ဟူသော ကတိဖြင့် ၎င်း၏ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ အပြတ်အသတ် အနိုင်ရရှိစေရန် ဦးဆောင်ခဲ့သည်။

သို့သော် အတိုက်အခံများနှင့် ဝေဖန်သူများကမူ မိုဒီ၏ ဟိန္ဒူပဓာနနိုင်ငံရေးအယူအဆသည် အထူးသဖြင့် မွတ်စလင်ဘာသာဝင်များအပါအဝင် လူနည်းစုများအပေါ် ချုပ်ချယ်လိုမှု၊ အမုန်းစကားပြောဆိုမှုနှင့် ပေါ် ပေါ်ထင်ထင်ရန်ပြုတိုက်ခိုက်မှုများကို ပေါ်ပေါက်စေသည်ဟု ဆိုသည်။ အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလျံ၏ ၁၄ ရာခိုင်နှုန်းသည် မွတ်စလင်ဘာသာဝင်များဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် ထပ်မံအနိုင်ရခဲ့ပြီး လပိုင်းအကြာတွင် မိုဒီ၏အစိုးရသည် အိန္ဒိယတွင် မွတ်စလင်အများစုနေထိုင်ရာတစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ပြည်ထောင်စုအစိုးရက အုပ် ချုပ်သည့် နယ်မြေနှစ်ခုအဖြစ် ခွဲထုတ်ထားသည့် နယ်မြေအငြင်းပွား ကက်ရှ်မီးယားဒေသ၏ အထူးအဆင့်အတန်းကို ရုပ်သိမ်းခဲ့သည်။ ၎င်း၏အစိုးရသည် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများမှ လူနည်းစု ဘာသာဝင်များကို နိုင်ငံသားအဖြစ်လက်ခံသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့သော်လည်း မွတ်စလင်များကို ချန်လှပ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်များကြောင့် မိုဒီသည် ၎င်းကို အခိုင်အမာထောက်ခံသူများအကြား အလွန်လူကြိုက်များလျက်ရှိပြီး လူများစုဟိန္ဒူ ဘာသာဝင်များကို ရပ်တည်ကာကွယ်သူအဖြစ် ရှုမြင်ခံရကာ အိန္ဒိယသည်လည်းလူများစုဟိန္ဒူဘာသာဝင်များ ကြီးစိုးခြယ်လှယ်သည့်နိုင်ငံအဖြစ် ယူဆခံရသည်။

မိုဒီသည် ဘာသာရေးဆိုင်ရာ တင်းမာမှုများကို နိုင်ငံရေးအတွက် အမြတ်ထုတ်၍ နိုင်ငံရေးသမားဘဝကို ဖြတ်သန်းခဲ့သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်နှင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ခရစ္စတိုဖီဂျက်ဖရီလော့ထ်က ဆိုသည်။ ၎င်းနိုင်ငံ့ခေါင်းဆောင် ဖြစ်လာသည့် သက်တမ်းတစ်လျှောက်တွင် အိန္ဒိယ၏ နိုင်ငံရေးနယ်ပယ်၌ ဟိန္ဒူအမျိုးသားရေး အယူအဆကို မကြုံဖူးသေးသည့်ပုံစံဖြင့် ကျင့်သုံးလျက်ရှိသည်။ 

“အဲဒီပုံစံက ဆက်ပြီးတည်မြဲနေတယ်။ အဲဒါကို ဂူဂျာရတ်ပြည်နယ်မှာ စတင်ပုံဖော်ခဲ့ပြီး အခုဆိုရင် နိုင်ငံရဲ့ အမှတ်သညာတစ်ခု ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

Ref: AP

Most Read

Most Recent