သမ္မတနှင့် ဒုတိယသမ္မတများ အပါအဝင် အစိုးရအဖွဲ့ဝင်များ ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်အား သက်ဆိုင်ရာ ဥပဒေများ၌ ပြဋ္ဌာန်းထား၍ ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်သောကြောင့် ပြင်ဆင်ရန် တင်ပြ

သမ္မတနှင့် ဒုတိယသမ္မတများ အပါအဝင် အစိုးရအဖွဲ့ဝင်များ ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်အား သက်ဆိုင်ရာ ဥပဒေများ၌ ပြဋ္ဌာန်းထား၍ ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်သောကြောင့် ပြင်ဆင်ရန် တင်ပြ
Published 17 June 2015
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

သမ္မတနှင့် ဒုတိယသမ္မတများ အပါအဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ ရာထူးသက်တမ်းအတွင်း ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်း ဥပဒေများ၌ ပြဋ္ဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သောကြောင့် အဆိုပါ တည်ဆဲဥပဒေများကို ပြင်ဆင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်သို့ တင်ပြခဲ့သည်။ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ)၊ ပုဒ်မ ၂၈၅ (ဆ)၊ ပုဒ်မ ၃၀၀ (က)၊ ပုဒ်မ ၃၃၃ (င)၊ ပုဒ်မ ၂၃၇ (ဇ)၊ ပုဒ်မ ၂၄၂ (ဆ)၊ ပုဒ်မ ၂၄၆ (ခ) (၆) ပါ ပြဋ္ဌာန်းချက်များအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ဆိုသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (ခ)၊ ၁၇ (ဃ)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၇ (ခ)၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၉ (ခ)၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၇ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၁၊ နေပြည်ကောင်စီ ဥပဒေပုဒ်မ ၆ (ခ) တို့တွင် ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့် ပြုထားခြင်းတို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်နှင့် ဥပဒေကြမ်းကော်မတီတို့အား ဇွန် ၁၇ ရက်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။“ဒီကိစ္စသည် ယနေ့အတွက် သော်လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် သော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ရွေးကောက်ပွဲများအတွက် သော်လည်းကောင်း ဖြေရှင်းဖို့အတွက် အလွန်တရာ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျွန်တော်တင်ပြတဲ့ ဥပဒေများသည် ကိုက်ညီမှု ရှိမရှိ ပြန်လည်ဖြေကြားပေးရန် ရိုသေလေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဦးတင်မောင်ဦးက ပြောကြားသည်။အဆိုပါ ဥပဒေ ခုနစ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်သည်။နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၂ ပါ တာဝန်များကိုသာ ဆောင်ရွက်ခွင့်ရှိသောကြောင့် ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ခြင်း မရှိမီက အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေများကို စိစစ်ခွင့် မရှိသောကြောင့် အဆိုပါဥပဒေ ခုနစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ စိစစ်ခွင့် မရှိကြောင်း၊ ခုံရုံးအနေဖြင့် တင်ပြလာသည့် ပြဿနာများကို တရားစီရင်ရေး နည်းလမ်းဖြင့်သာ နှစ်ဖက်ကြားနာ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဖြေကြားသည်။“ပါတီလုပ်ငန်း ပါတီစည်းရုံးရေး လုပ်ငန်းဆိုတဲ့ စကားရပ်တွေ ယေဘုယျအဓိပ္ပာယ်ကိုသာဆောင်သော စကားရပ်များသာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူစေရန်နှင့် လိုက်နာရသူများအတွက် ရှင်းလင်းလွယ်ကူမှု ရှိစေရန် အဆိုပါဥပဒေကို ရှင်းလင်းလွယ်ကူမှု ရှိစေရန် အဆိုပါဥပဒေကို စီမံခန့်ခွဲသည့် အဖွဲ့အစည်းက စကားရပ်များ၏ အဓိပ္ပာယ် အတိုင်းအတာ စသည့်ပုံကို ဖွင့်ဆိုထိုက်ရန် လိုအပ်သည်ဟု ယူဆပါကြောင်း” ဟု ဦးမြဝင်းက ဖြေကြားသည်။ထို့အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥပဒေကြမ်းကော်မတီ အနေဖြင့် အဆိုပါဥပဒေ ခုနစ်ရပ်အား လေ့လာဆန်းစစ်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဆန့်ကျင်နေသည့် အပိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆ အရ ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားသည်။“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေများကို ပြင်ဆင်ဖို့ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေပြုလွှတ်တော်များနဲ့ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာကော်မတီနဲ့ သက်ဆိုင်ရာ ဥပဒေများပြုတဲ့ ဥပဒေများ ပြင်ဆင်နိုင်တဲ့ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်သွားဖို့လိုကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို မမေးဘဲလည်း ပြင်ခွင့်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဦးတို့လွှတ်တော်က ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ ရုပ်သိမ်းခြင်းအလုပ်က အဓိက တာဝန်ဖြစ်တဲ့အတွက်ကြောင့် ဦးတို့ရဲ့ မူလတာဝန်ထမ်းဆောင်ခြင်း ဖြစ်တယ်။ ဒီနေ့မေးတဲ့ မေးခွန်းကလည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ ကိုယ့်အလုပ် ကိုယ်မေးတာပါ။ ဒါပေမဲ့လို့ အထောက်အကူ ဖြစ်မလားဆိုပြီး ခုံရုံးအဖွဲ့ကို မေးခြင်းဖြစ်ပါတယ်။ ခုံရုံးကတော့ ဂဃနဏနဲ့ ပွင့်ပွင့်လင်းလင်းဖြေသွားတာ မတွေ့ရဘူး။ ဒါတော့ သူ့အတွက် အခက်အခဲရှိလို့ နေပါလိမ့်မယ်။...အဆုံးအဖြတ်ကတော့ ပြင်မယ်။ အမှန်တကယ်ကတော့ ဆုံးဖြတ်စရာ မလိုဘူး။ ဦးတို့ရဲ့ ပင်ကိုယ်အလုပ် လွှတ်တော်ရဲ့တာဝန်ကိုက ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ ရုပ်သိမ်းခြင်းပဲ။ ဒါက နည်းနည်းလေး ဟော့ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ထဲမှာ နံပါတ်တစ်အဆင့် မေးခြင်းဖြစ်တယ်။ အဖြေရမလားလို့။ အဖြေမရလည်း ပြင်ရမှာပဲ ဦးတို့အလုပ်ကို” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားသည်။

Most Read

Most Recent